ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေး လှုပ်ရှားသူများကို စစ်ဆေးမေးမြန်း

DVB

ရခိုင်ပြည်နယ်အတွင်း ၂၄​ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုများပျံ့နှံ့လျက်ရှိပြီး လှုပ်ရှားသူ အတော်များများကိုလည်း ဒေသခံအာဏာပိုင်တွေက  စစ်ဆေး မေးမြန်းနေတယ်လို့ ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ရခိုင်မြစ်ချောင်းများ ကွန်ရက်အဖွဲ့က ဆိုပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးခံစားခွင့် တောင်းဆိုမှုအပေါ် ရွှေဂတ်(စ်) စီမံကိန်းက မီးမွှေးထားခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရခိုင်မြစ်ချောင်းများ ကွန်ရက်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အခုလို ပြောဆိုလိုက်တာပါ။

ရခိုင်မြစ်ချောင်းများ ကွန်ရက်အဖွဲ့ ဒါရိုက်တာ အဖွဲ့ဝင် ကိုသာထွန်းအောင်က “ခေါ်ယူစစ်ဆေးတာမျိုးပဲ ရှိတာပါ။ 

ပြန်လွှတ်လိုက်တယ်ပေါ့နော်။ ကျနော်တို့ သိရသလောက်တော့ ၅ ယောက်လောက် ရှိတယ်၊ စစ်တွေနဲ့ ကျောက်ဖြူပါ။  ၂၄ နာရီ လှုပ်ရှားမှုကတော့ ပြည်သူတွေ လက်မှတ်ထိုးပြီးတော့ အစိုးရဆီပို့ဖို့ အစီအစဉ်တော့ ရှိတယ်” လို့ ပြောပါတယ်။

ငါတို့ဂတ်(စ်) ငါ့တို့အနာဂတ် ဆိုတဲ့ ကြွေးကြော်သံနဲ့​ ​ဒေသခံပြည်သူတွေက​ ​ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက အကျိုးကျေးဇူးတွေကို မျှဝေခံစားခွင့်ပေးဖို့ တောင်းဆိုမှုကို ဒီဇင်ဘာလ အစောပိုင်းက စတင်ခဲ့ပါတယ်။

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ရွှေသဘာဝဓာတ်ငွေ့သိုက်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို  မဲဆန္ဒနယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ မျှဝေခံစားနိုင်ခွင့်ရှိ၊ မရှိနဲ့ ကျောက်ဖြူကျွန်းရှိ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့တွေကို တရုတ်နဲ့ မြန်မာအစိုးရကြား သဘောတူညီချက်အရ တရုတ်ကို တင်ပို့မှာ ဖြစ်တဲ့အတွက် ဒေသခံတွေက အကျိုးခံစားခွင့်ရှိမှာ မဟုတ်ဘူးလို့ စွမ်းအင်ဝန်ကြီးရဲ့ အတည်ပြု ပြောဆိုချက်ကြောင့် ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ပြီးတော့ လှုပ်ရှားမှု စတင်လာပါ။

“ကျနော်တို့က အစိုးရဖွံ့ဖြိုးရေး အစီအစဉ်တွေ စောင့်ကြည့်တာတို့ ကျနော်တို့ အခြေအနေ Update (ပြုပြင်မွမ်းမံတာ) တွေကို ထုတ်ပြန်တာတို့ လုပ်တယ်။ လှုပ်ရှားမှုတွေကို အကြံပေးတာပေါ့နော်။ ဒီဖွံ့ဖြိုးရေး စီမံကိန်းတွေကို ပြည်သူတွေရဲ့ ရေရှည်ဖွံ့ဖြိုးမှု အတွက်ကို ရှေးရှုဖို့၊ နောက်တခုက ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ထင်သာ မြင်သာရှိတဲ့ ထုတ်ပြန်ချက်တွေ လုပ်ဖို့ပေါ့” လို့ ကိုသာထွန်းအောင်က ပြောပါတယ်။

၂၀၀၉-၂၀၁၀ ကမ္ဘာကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရဲ့ လေ့လာချက် စစ်တမ်းအရ ၂၀၁၀ မှာ ရခိုင်ပြည် လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ရွှေဂတ်(စ်) စီမံကိန်းက ထုတ်လုပ် ရောင်းချမှုကနေပြီး အမေရိကန် ဒေါ်လာ ၉ ကုဋေခန့်ကို မြန်မာနိုင်ငံက ရရှိမယ် လို့လည်း မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ရွှေဂတ်(စ်) စီမံကိန်း ဆန့်ကျင လှုပ်ရှားမှု အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရွှေဂတ်(စ်)က ထုတ်လုပ်မယ့် စွမ်းအင်က တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီစေနိုင်တယ်လို့လည်း  သိရပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။