ရခိုင်ပြည်နယ် အတွင်း မီးလောင်မူများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာ ယနေ့ ညနေပိုင်းက မြောက်ဦးမြို့တွင် မီးလောင်မူ ဖြစ်ပွားခဲ့သည်။ မီးမှာ ယနေ့ ညနေ ၆ နာရီက စတင် လောင်ကျွမ်းခဲ့ပြီး အိမ်ကြီး (၃) အိမ်နှင့် ဗွီဒီယိုရုံ (၄) ရုံမီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။
" မီးက ညနေ ၆ နာရီကျော်မှာ စလောင်တာ ဖြစ်ပါတယ်။ လောင်တာက လက်ကောက်ဈေးရပ်ကွက် ကံလှရပ် တံတားဦး အနီးက အိမ်တွေကို လောင်သွားတာ ဖြစ်ပါတယ်။ စုစုပေါင်း ခန့်မှန်းခြေ သိန်းထောင်ချီပြီး ဆုံးရှုံးသွားပါတယ်" ဟု မြို့ခံ တစ်ဦးက ပြောသည်။
မီးမှာ ညနေ ၇ နာရီခွဲခန့်တွင် ဗွီဒီယို ပြစက်ရုံ တစ်ခုမှ စတင် လောင်ကျွန်းခြင်း ဖြစ်ပြီး ညနေ ၇ နာရီခွဲမှ မီးညွန့်ကျိုးသွားခဲ့သည်။ မီးလောင်ရာတွင် ကံလှရပ်မှ ဆရာ ဦးကျောက်ခဲ အိမ်၊ ဦးစိန်ဖြူအောင်အိမ်၊ ဒေါ်မစောယဉ် အိမ် အပါအ၀င် ဗွီဒီယို ပြစက်ရုံ (၄) ရုံ မီးထဲ ပါသွားခဲ့သည်။
" မီးသတ် ကား တစ်စီးဘဲ ရောက်ပါတယ်။ ၁၅ မိနစ်ဘဲ သတ်နိုင်ပါတယ်။ ဒေသခံ ပြည်သူတွေက ကိုယ့်အား ကိုယ်ကိုးပြီး မီးကို ငြိမ်းသတ်ခဲ့ရပါတယ်။ နောက်ထပ် မီးသတ်ကား နှစ်စီးက မင်းပြားကို ရောက်နေတဲ့ အတွက် ဖြစ်ပါတယ်"ဟု သူက ဆက်ပြောသည်။
မီး ဈေးကြီးသို့ မကူးရန် အတွက် အနီးအနားမှ အိမ်အများအပြားကိုလည်း ဖျက်ဆီး ပစ်ခဲ့ရပြီး ဈေးကြီးသို့ မီးကူးမည်ကို မြို့သူ မြို့သားများ အထူး စိုးရိမ်ခဲ့ကြရကြောင်း သိရသည်။
ယခု မြောက်ဦး မီးလောင်မူမှာ ရခိုင်ပြည်နယ် အတွင်း ယခုလ အတွင်း တတိယ အကြိမ်မြောက် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ ပထမ အကြိမ် နိုဝင်္ဘာလ ၁ ရက်နေ့က ရမ်းဗြဲ ကျောက်နီမော် ရွာကြီးအား မီးလောင်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် မီးထဲ ပါသွားခဲ့သည်။ မင်းပြားဈေးကြီးအား နိုဝင်္ဘာလ ၁၂ ရက်နေ့က ဒုတိယ အကြိမ် မီးလောင် ရာတွင် ဆိုင်ခန်းပေါင်း (၆၀၀) နီးပါး မီးထဲ ပါသွားခဲ့သည်။

--------------------
နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။