“ဒဏ္ဍာရီလာ ရခိုင်ပြည် အစောပိုင်းကာလ အာရိယန်တို့ အခြေချ နေထိုင်မှု”
၂၀၀၅ ခုနှစ်ထုတ်၊ ပေါက်တောရွှေမြေ မဂ္ဂဇင်း အမှတ်(၄)
ဗုဒ္ဓဖွားမြင်တော်မမူမီ ရာစုနှစ်ပေါင်းများစွာက ဥတ္တရမဓုရပြည်တွင် ဘုန်းတော်အာ နုဘော် ကြီးမားသော ဘုရင်သာဂဒေဝ မင်းပြုတော်မူပါသည်။ ထိုစဉ် အသိတဉ္ဇန ပြည်တွင် ဒေဝကံသမည်သော မျိုးနွယ်တူ မင်းတစ်ပါး အပြိုင်အုပ်စိုးလျက်ရှိပါသည်။ သာဂရဒေဝမင်း၌ သာဂရနှင့် ဥပသာဂရ မည်သော သားတော်နှစ်ပါး ထွန်းကား ပါသည်။ ဒေဝကံသမင်းတွင် ကံသနှင့် ဥပကံသ မည်သော သားတော်နှစ်ပါး၊ ဒေဝ ဂမ္ဘာမည်သော သမီးတော်တစ်ပါး ထွန်းကားပါသည်။ သမီးတော်ကို ဖွားမြင်သော နေ့၌ပင် ဟူးရားတတ်တို့က ဤသမီးတော်၌ မွေးဖွားလာမည့် သားတော်တကျိပ် တို့သည် ဘိုးတော်မင်းကြီး၏ အနွယ်တို့ကို ဖျက်ဆီးလတ္တံ့ဟု နိမိတ်ဖတ်ကြပါသည်။ ဤသို့သော အဖြစ်ဆိုး ပေါ်ပေါက်မလာစေရန်အတွက် ဤမွေးကင်းစ သမီးတော် လေး အား ဖျက်ဆီးသုတ်သင်ပစ်ရန် ဆွေမျိုးတော်တို့က မင်းကြီးအား အကြံပြု လျှောက်ထားကြပါသည်။
အသေအချာစဉ်းစားတွေးတောပြီးနောက် ဤသို့ပြင်းထန်ရက်စက်စွာ ပြုမူရန်မသင့် ကြောင်း၊ မင်းသမီးအား နောင်တွင် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ လက်ထပ်ထိမ်း မြားမှု မဖြစ်စေရန် တားမြစ်ထားခြင်း ဖြင့် ပြဿနာပြီးပြေသွားနိုင်ကြောင်း မင်းကြီးက မိန့်ကြားပါသည်။ ဤသို့ မင်းကြီးသည် တပင်တိုင်နန်းပြဿာဒ် တစ်ဆောင်ဆောက် လုပ်စေလျက် သမီးတော်အား နန်း ပြဿာဒ်၏ အမြင့်ဆုံးခမ်းမဆောင်၌ ထားရှိလျှက် သစ္စာစောင့်သိသော အထိန်းတော် မဏိဂေါပါ (နန္ဒိဂေါပါလ) နှင့် ခင်ပွန်းဖြစ်သူ အာန္ဒဂေါပါ (အဏ္ဍကဝေဏ္ဍ) တို့အား အထူးဂရုတစိုက် စောင့် ကြပ်ကြည့်ရှုစေပါ သည်။ နန်းပြဿာဒ်ကိုလည်း လုံခြုံစွာကာရံလျက် နေ့ညဥ့်မပြတ် စောင့်ကြပ်စေ ပါသည်။ မည်သည့် သူစိမ်းတစ်ဦးတစ်ယောက်ကိုမျှ နန်းပြဿာဒ်အနီးသို့ မကပ် ရောက်စေရပါ။ မင်းသမီးကိုလည်း မည့်သည့်အကြောင်း ကိစ္စနှင့်မျှ ခန်းမ ဆောင်ထဲ မှထွက်ခွင့်မပြုပါ။
ဒေဝကံသမင်းကြီးလွန်သောအခါ သားတော်အကြီး ကံသမင်းသား ထီးနန်းဆက် ခံပါသည်။ သားတော်အငယ် ဥပကံသမှာ အိမ်ရှေ့စံဖြစ်လာခဲ့ပါသည်။ ဥတ္တရမဓုရ ပြည် တွင်လည်း သာဂရမင်းသား နန်းတက် ကာ သားတော်အငယ် ဥပသာဂရ အိမ်ရှေ့မင်းဖြစ်လာခဲ့ပါသည်။
ဥပသာဂရမင်းသားသည် အကျင့်သီလစင်ကြယ်သူ၊ အတတ်ပညာကျွမ်းကျင် ပြည့်စုံသူ ဖြစ်သဖြင့် ပြည်သူတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရပါသည်။ နောက်လိုက် နောက်ပါအခြွေအရံတို့လည်း တစ် နေ့တခြား တိုးပွားလာခဲ့ရာ မှူးမတ်ပညာရှိတို့ အထူးစိုးရိမ်မကင်း ဖြစ်လာကြပါသည်။ သို့ဖြစ်၍ တညီတညွတ်စုဝေးလျက် မင်းကြီးထံ ဝင်ရောက်ခစားပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကို လျှောက်ထားကြပါသည်။ အိမ်ရှေ့ မင်းသားအား ရှေ့တော်မှောက်သို့ ခေါ်ယူစစ်ဆေးရာ မင်းသားကမှူးမတ်တို့၏ စွပ်စွဲ ပြောကြားချက်မှာ ချဲ့ကားမှုသက်သက်သာဖြစ်၍ အခြေအမြစ်မရှိပါကြောင်း ပြန်လည်လျှောက် ထားပါသည်။ မင်းကြီးလည်း နှစ်သက်ကျေနပ်တော်မူပါသည်။ မိမိ၏အိမ်တော်သို့ပြန်ရောက်ချိန်တွင် မင်းသား သည် ဤသို့တွေးမိသည်။ ငါ့အားမလိုမုန်းထားမှုကြောင့် ထီးနန်းကို သိမ်းပိုက်ရန် အကောက်ကြံ နေပါကြောင်းအကြိမ်ကြိမ်ပြော ဆိုလျှောက်ထားလာကြသည်ရှိသော် တချိန်ချိန်၌ မင်းကြီး နားဝင် ပေလိမ့်မည်။ ထိုအခါငါ့အားအန္တရယ်ကျရောက်တော့မည်။ ဤသို့ဆင်ခြင်လျှက် မင်းသား သည် တိုင်းပြည်ကိုအချိန်မနှောင်းမီ စွန့်ခွါသွားရန်ဆုံးဖြတ်လိုက်သည်။
အသိတဉ္ဇနပြည်သျှင် ဘုရင် ကံသသည် ဥပသာဂရမင်းသား၏မိတ်ဆွေရင်းဖြစ်သည်။တက္ကသိုလ်ပည်တွင်ပညာရင်နို့သောက် စို့ဖက်ဖြစ်သည်။အသိတဉ္ဇနသို့သွားရောက်ခဲ့လျှင် ဘုရင်ကံသသည်သူ့ အားမလွဲမသွေ လက်ခံ ကြိုဆိုပေလိမ့်မည်။ ကာကွယ်စောင့်ရှောက်မှုပြုပေလိမ့်မည်ဟု ဥပသာဂရမင်းသားတွက်ဆမိ သည်။ ထို့ကြောင့် သူ၏နောက်လိုက်နောက်ပါတို့အား တိတ်တဆိတ် ခေါ်ယူလျှက်ကံသမင်းကြီး၏ ဘုန်းရိပ်တွင်ခိုလှုံခဲ့သည်။ကံသမင်းကြီးသည်မိမိ၏အဆွေခင်ပွန်းဖြစ်သူအားတွေ့ရှိရသဖြင့်အထူး ၀မ်းမြောက်လျှက်ဥပသာဂရအားကြွယ်ဝချမ်းသာသောနယ်တခုကိုစားစေခဲ့သည်။
တနေ့သောအခါ နန်းပြဿာဒ်လေသာ၌ အကျည်းစံမင်းသမီးမျှော်ငေးနေစဉ် ဥပသာဂရ မင်းသားသည် အနီးမှ ဖြတ်သွားသည်။ နှစ်ဦးသား၏မျက်လုံးအစုံတို့ခဏမျှ ဆုံမိကြသော အခိုက်အတန့်၌ပင် နှလုံးသား အသီးသီး၌ မေတ္တာပန်းတို့အစီအရီ ပွင့်လန်းလာခဲ့ကြပါတော့သည်။ မင်းသားသည် ထိုအချိန်မှစ၍ မင်းသမီးအား စကားပြောဆိုခွင့်ရရေးအတွက် တတ်စွမ်းသမျှ လုံ့လပြုလေတော့သည်။ အချစ်၏ ပူလောင်ပြင်းပြလှသောဝေဒနာကိုအတန်ခံစားခဲ့ရပြီးနောက် မင်းသားအပေါ်ကရုဏာသက်မိလာသောအထိန်းတော်ကြီးမဏ္ဍိဂေါပါ၏ အကူညီဖြင့် မင်းသား သည် ချစ်သူထံမှောက်သို့ရောက်ရှိသွားနိုင်ခဲ့ပါသည်။
ချစ်သူနှစ်ဦးတို့သည် ညစဉ်ပင် တိတ်တခိုးတွေ့ဆုံကြရင်း မင်းသမီးဒေ၀ဂဗ္ဘာတွင် နှုတ်ငုံ တော်ရှိလာခဲ့တော့သည်။ သူကိုယ်တိုင်ကအလိုတူအလိုပါဖြစ်ခဲ့သဖြင့်ရာဇ၀တ်တော်သင့် မည့်အရေးကိုတွေးပူမိသော မဏ္ဍိဂေါပါသည် အပြစ်မှ လွတ်ရာလွတ်ကြောင်းအတွက် အကြောင်းစံကိုမင်းကြီးအား လျှောက်တင်လိုက်လေတော့သည်။ မင်းသမီးအားခေါ်ယူစစ် မေးရာတွင်ပထမတွင်ခါးခါးသီးသီး ငြင်းဆန်နေပါသော်လည်း ညှဉ်းပမ်းနှိပ်စက်သည့်ဒဏ်ကို မခံနိုင်တော့သည့်အဆုံးတွင် ဖြောင့်ချက်ပေး ၀န်ခံလိုက်ရရှာလေသည်။
ထိုနေ့၌ပင်မင်းကြီးသည် ညီလာခံခေါ်ယူလိုက်လေသည်။ ညီတော် အိမ်ရှေ့မင်းသားနှင့်တကွ အမတ်ချုပ်ကြီးလေးပါးတို့ စုံညီစွာတက်ရောက်လာကြပါသည်။နိမိတ်ဖတ်ထားခဲ့သော အဖြစ်ဆိုး ဖြစ်ပေါ်လာစေရေးအတွက် ဤရာဇ၀တ်သားများအား အပြစ်ပေးရန် အများစုက လိုလားကြ ပါသည်။ အမြော်အမြင်ကြီးမားသော မင်းကြီးက ဤသို့မိန့်ဆိုပါသည်။
“အချင်းတို့ လောက၌ ဂုဏ်ပြုအပ်သော ပုဂ္ဂိုလ် အပြစ်မယူအပ်သောပုဂ္ဂိုလ် တကျိပ်နှစ်ယောက် (၁၂) ရှိပေးသည်။ ပစ္စေကပုဒ္ဓါ၊ ရဟန္တာ၊ သံဃာ၊ ရသေ့၊ မုနိ၊ အမိ၊ အဖ၊ ဆရာ၊ ဦးရီး၊ သီလ ပြည့်စုံသူ၊ ဗြဟ္မဏ တို့ပေးတည်း။ ဤပုဂ္ဂိုလ်တို့၌ အပြစ်ပင်ရှိသော် လည်း သည်းခံခွင့် လွှတ် ကြရမည်သာဖြစ်၏။ သက်စွန့်၍ ကာ ကွယ်အပ်သော ပုဂ္ဂိုလ်ငါးဦးသည်လည်း ရှိသေး၏။ အဆွေခင်ပွန်း၊ အသက်ဘေးကြောင့် ခိုလှုံ လာသူ၊ အမျိုးအနွယ်ကိုစောက်ရှောက်သူ၊သူ့အသက် ကိုကယ်တင်နှိုင်စွမ်းသူ၊ ဂတိသစ္စာကို အသက်ပေးစောင့်ထိန်းသူ ဤသူတို့ပေတည်း။ ယ္ခုအရေး တွင်ဥပသာဂရမင်းသားသည် ငါ၏အဆွေခင်ပွန်းလည်းဖြစ်၏၊ ငါ့ဘုန်းရိပ်ကိုခို လှုံလာသူလည်း ဖြစ်၏၊ အတ္ထက္ခာယီ ခင်ပွန်းလည်းဖြစ်၏။ သို့ဖြစ်၍ ငါသည် ဤသူအားအဘယ်သို့လျှင် အန္တရာယ် ကျရောက်စေနိုင့်အံ့နည်း။”
တခဲနက်သောတိတ်ဆိတ်မှုကိုဖေါက်ထွင်းလျှက်အိမ်ရှေ့မင်းသားအသံထွက်ပေါ်လာ၏။
“အို အချင်းတို့မင်းကြီးမိန့်တော်မူသော စကားတို့သည် ဥာဏ်ပညာ၏အဆီအနှစ် တို့ပေတည်း။ ထို့ပြင်ငါတို့သည်ကြောင့်ကြစိုးရိမ်မှုဤမျှလောက်ဖိစီးရန်အကြောင်းမရှိသေးပေ။ အကြောင်းမူကား မင်းသမီး၏သားယောကျား မွေးဖွါးလာမှသာလျှင် ငါတို့၏ရန်သူ ဖြစ်လတ္တံ့။ သမီးမိန်းမသာလျှင် အကယ်၍ ဖွါးမြင်လာငြားအံ့ အယ်အကြောင်း ရှိတော့အံ့နည်း။သို့ဖြစ်၍ အဘယ်သို့သော ရလာဒ်ဖြစ် ပေါ်သည်ကို ငါတို့ စောင့်ကြဦးစို့။”
ညီလာခံက တညီတညွတ်တည်းပင် သဘောကြိုက် ညီကြပေသည်။ ဤအခြေအနေဆိုက်ပြီးခါမှ တားမြစ်ရန်လည်း မဖြစ်နိုင်တော့ သဖြင့် မင်သမီးအား ချစ်သူနှင့် လက်ထပ်ထိမ်းမြားခွင့် ပေး လိုက်ကြသည်။ တပြိုင်တည်းမှာပင် မွေးဖွားချိန် နီးကပ်လောနေပြီးဖြစ်သော မင်းသမီးအား တထူးဂရုပြုစောင့်ကြပ်ထားရန်ကိုပါ စီမံလိုက်ကြသည်။ အသည်းထိန်စရာကောင်းသော ထိုနေ့ရက်ဆိုက်ရောက် လာခဲ့ပေပြီ။မင်းသမီးဖွါးမြင်သည်မှာ မသီးတော်တပါးဖြစ်ပေးသည်။ အားလုံးမှာလဲ စိတ်လက်ပေါ့ပါး ရွှင်လန်းသွားခဲ့ကြရတော့သည်။သမီးတော်လေးအား “ဥမ္ဗရဒေ၀ီ”(ဥဒုမ္ဗရဒေ၀ီ)ဟုအမည်မှည့်ခေါ်ကြသည်။
နောက်တနှစ်တွင် ဒေ၀ဂမ္ဘာ မင်းသမီးကိုယ်ဝန်ရှိပြန်ပါသည်။ အထိန်းတော် မဏ္ဍိဂေါပါလည်း ကိုယ်ဝန်ရှိပြန်ပါသည်။ မင်းသမီးနှင့် အထိန်းတော်တို့သည် တနေ့တည်း တချိန်တည်းတွင်ပင် မီးဖွါး ကြသည်။ ဤအကြိမ်၌ မင်းသမီးတွင် သားယောကျား၊ အထိန်းတော်၌ မိန်းခလေး အသီးသီး ဖွားမြင်ကြပေသည်။ မင်းကြီးနားတော်ပေါက်လျှင် ကြမ္မာဆိုးကြုံရမည်ကို စိုးရိမ်သော မင်းသမီး သည် မိမိ၏သားနှင့် အထိန်းတော်၏ သမီးတို့အား လျှို့ဝှက်စွာလွှဲပြောင်း(ဖလှယ်) ထားလိုက် ပေသည်။ နှမတော်၌ သမီးမိန်းမသာ ဖွားမြင်သည်ဟု အသိမှားသော မင်းကြီးသည် အလွန်ပင် ကျေနပ်ဝမ်းမြောက်တော်မူပါသည်။ ဟူးရားတတ်တို့၏ နိမိတ်ဖတ်ခြင်းသည် လွဲချော်ခဲ့ပြီးတကား ဟု အမှတ်မှားတော်မူပါသည်။
ဤသို့ အမှတ်မှားသဖြင့် မင်းကြီးနှင့် မူးမတ်အပေါင်းတို့သည်မင်းကြီးအပေါ် အားရုံစိုက်မှုလျော့ ပါးလာခဲ့ကြသည်။
ဒုတိယအကြိမ်မီးဖွါးသည့်အချိန်မှစ၍ မင်းသမီးအား အထိန်းတော်ကြီး တဦး တည်း၏ လက်သို့သာလျှင်လုံးဝ လွှဲအပ်ထားလိုက်ကြပေတော့သည်။ ဤသို့ဖြင့် မင်းသမီးသည် သားတကျိပ်ကို မွေးဖွားပါသည်။ အထိန်းတော်သည်လည်း သမီးတကျိပ်ကို မွေးဖွါးလေသည်။ အသက်အန္တရယ်ဘေးကို ထောက်၍ မင်းသမီး၏ သားတကျိပ်တို့အား အထိန်းတော်ကြီးကသာ လျှင် သားအမှတ်ဖြင့် ပြုစုကျွေးမွေးလာခဲ့ရလေသည်။ သာတကျိပ်တို့ အမည်များမှာ ၀ါသုဒေ၀၊ ဗလဒေ၀၊ စန္ဒဒေ၀၊ သူရဒေ၀၊ အဂ္ဂိဒေ၀၊အဉ္ဇန၊ ၀ရုဏ၊ရောတဏိယ၊ဃတမဏ္ဍိတ၊အင်္ဂုရ တို့ဖြစ်ကြသည်။ သမီးတော် အကြီး ဥဒု မ္ဘရဒေ၀ီမှာ မကြာမှီပင် ကွယ်လွန်သွးခဲ့လေသည်။ အနှောင်းဆုံး မွေးဖွါးသော သမီးတော်၏ အမည်မှာ အဉ္ဇနဒေ၀ီဖြစ်သည်။
ထိုညီနောင်တကျိပ်တို့ အရွယ်လောက်လာသောအခါ အကြောက်အလန့်မရှိ၊ ရဲဝံ့သောသူများဖြစ် လာကြသည်။ လူသာမန်တို့ထက်လည်းခွန်အားဗလသာလွန်ကြလေသည်။ အလွန်ရက်စက် ကြမ်းကြုပ် သူများဖြစ်ပြီး အရာရာကို ပမာမခန့် ပြုဝံ့ကြသူများလည်းဖြစ်ကြသည်။ ထိုသူတို့သည် ခိုးဝှက်ခြင်း၊လုယက်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ကြပါသည်။ ဒုစရိုက်မျိုးစုံကိုပြုဝံ့ သူများဖြစ်ကြ သည်။ အစအဦး၌ ဤညီ နောင်တို့သည် မင်းကြီး၏ ကျွန်ရင်း မဏ္ဍိဂေါပါ၏ သားများဖြစ်ချေသည် ဟူ၍ ပြည်သူတို့မငြူစူဝံ့ကြချေ။ နောင်တွင် ညီနောင်တို့၏ ယုတ်မာမှုဒဏ်ကို မခံမရပ်နိုင်ကြတော့ သဖြင့် ပြည်သူတို့သည် မင်းကြီးအား တိုင်တန်းလျှောက်ထားခဲ့ကြတော့သည်။ မင်းကြီးသည် မဏ္ဍိဂေါပါအား ခေါ်စေလျှက် သင်၏သားတို့အား တိုင်းကားပြည်ရွာကို အဘယ့်ကြောင့် လုယက်ဖျက်ဆီးစေဘိသနည်းဟု အပြစ်တင်ကြိမ်းမောင်းလေတော့သည်။ “ဤသားတို့အား ဆုံးမပြောဆိုခြင်းငှါမတတ်နိုင်ပါ၊အရှင်မင်းကြီးအလိုကျ စီရင်တော်မူပါ” ဟု မဏ္ဍိဂေါပါက လျှောက်ထားလေသည်။
မင်းကြီးသည်ညီနောင်တို့အား လက်ရဖမ်းစေပါသည်။ သို့သော်မဖမ်းနိုင်ကြချေ၊ လိုက်လံဖမ်းဆီး သည့်အခါတိုင်း ညီနောင်တို့သည် ကိုယ်ရောင်ဖျောက် တိမ်းရှောသွားနိုင်ကြသည်ချည်းဖြစ်သည်။ ထိုအခါ ဤသူတို့သည် လူသာမန်များမဟုတ်တကားဟု မင်းကြီးတွေးထင်လာသည်။ သို့ဖြစ်၍ အထိန်းတော်လင် အာနန္ဒဂေါပါအားခေါ်လျှက် ဤညီနောင်တို့၏ မိဘမျိုးရိုး အစစ်အမှန် အသူတို့ ဖြစ်သနည်းဟု တိကျစွာ စစ်ဆေးမေးမြန်းရပေတော့သည်။ အာနန္ဒဂေါပါသည် သေဘေးမှကြောက် လန့်သဖြင့်အဖြစ်မှန်ကို အကုန်အစင်ဖွင့်ဟပြောဆို
လိုက်လေတော့သည်။အထိန်းတော်အားတဖန်ခေါ်ယူစစ်မေးပြန်ပါသည်။ ကွယ်ဝှက်ရန် မတတ်နိုင်တော့သဖြင့် မိမိလင်၏ စကားမှန်ကန်ပါကြောင်း အတည်ပြုဖြောင့်ချက်ပေးလိုက်ရပေသည်။
မင်းကြီးသည် ထိတ်လန့်ကြောက်ရွံ့ခြင်း ကြီးစွာဖြစ်ရလေသည်။အထိန်းတော်လင်းမယားအား လက်မရွံ့တို့လက်သို့ အပ်လျှက် လူသတ်ကုန်းသို့ ခေါ်ယူသွားစေသည်။ လမ်းခုလတ်တွင် အိမ်ရှေ့မင်းသား ဥပကံသနှင့် တွေ့ဆုံရာ ငါပြန်လာသည်အထိ ငံ့လော့ဟုဆိုလျှက် နန်းတော် သို့သွားရောက်ပြီး မင်းကြီးအားဤသို့လျှောက်တင်လေသည်။
“အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် အထိန်းတော်လင်မယားတို့ အား အလုံစုံယုံမှတ်လျှက် နှမတော်၏ အရေးကို လွှဲအပ်သည်မှန်ပါ၏၊ သို့တစေ၊ ကျွန်တို့မည်သည် မိမိမျက်မှောက်ရှိသခင်၏ အမိန့်ကိုနာခံမြဲဖြစ်ပါသည်။ ယခုအရေးတွင်ဤကျွန်နှစ်ဦးတို့သည်အဖြစ်မှန်တိုင်း သတင်ပေးရန် ပျက်ကွက်ခြင်းမျာ သစ္စာဖေါက်ရာ မမည်ပါ။ မိမိ၏အရှင် ကျနုပ်တို့၏နှမငယ်အလိုအတိုင်း ပြုမူ ဆောင်ရွက် ရခြင်းမျှသာဖြစ်ပါသည်။ ဤကျွန်နှစ်ဦးတို့အားအပြစ်ပြု၍မကွပ်မျက်သင့်ပါ။ အစောင့် အစောင့်ထားသော သူတို့နှင့်တန်းတူသာလျှင် အပြစ်ဒဏ်ပေးသင့်ပါသည်။”
မင်းကြီးလည်း ယခင်အမိန့်ကို ရုပ်သိမ်းလျှက် ကျွန်နှစ်ဦးတို့အားသက်ညှာသော အပြစ်ဒဏ်ကို ပေးပါသည်။”
(တဖန်သူ့ညီမ မင်းသမီးအား) “နှမငယ် သင်သည် ဆင်ခြင်စဉ်းစားမှု ကင်းမဲ့လှချေ၏၊ သင့်၏ လုပ်ရပ်ကြောင့် သင်၏သားတို့သည်ငါတို့၏အမျိုးအနွယ်ကိုဖျက်ဆီးကြပေတော့မည်။ သင်သည် မိမိကိုယ်ကိုသာချစ်မြတ်နိုး၏။ အမျိုးအနွယ်ကိုချစ်မြတ်နိုးမှုမရှိ။ အမျိုးအနွယ်၏ပျက်စီးခြင်းကို အလိုရှိ၏တကား။”ဟူ၍ မင်းကြီးက ပြစ်တင်ဆိုလာသောအခါ မင်းသမီးခမျာ ကြေကွဲဝမ်းနည်းခြင်း ကြီးစွာဖြစ်ရလေသည်။
မိဘမေတ္တာသည် လောက၌ရှိရှိသမျှ အရာအားလုံးတို့ထက် ပိုမို၍ အင်အားကြီးမားပါသည်။ မင်းသမီးနှင့် ကြင်ယာတော်ဥပသာဂရတို့သည် မိမိတို့၏ အပြစ်ကို ၀န်ခံလျှက်သားတို့အား အပြစ်မှ ခွင့်လွှတ်ရန် အသနားခံကြရလေတော့သည်။ ဤအရေးအား ညီလာခံသို့တငသွင်းဆုံးဖြတ်စေရာ “ဤညီနောင်တို့သည် တိုင်းကားပြည်ရွာတည်တံ့မှုကိုခြိမ်းခြောက်လာခဲ့ပြီဖြစ်သဖြင့်လွတ်ငြိမ်းခွင့် မပြုသင့်ကြောင်း ညီညွတ်ကြလေသည်။ ညီနောင်တကျိပ်တို့အားယခုချက်ချင်းလက်ရဖမ်းဆီးစေ။” (ဟုအမိန့်တော်ထုတ်ပြန်ရလေသည်။)
ရှိသမျှ စစ်သည်အင်အားကိုသုံးလျှက် သုံးကြိမ်တိုင်တိုင် ဝိုင်းဝန်းဖမ်းဆီးကြပါပါသည်။ ဘုမ္မစိုး နတ်နှင့် အာကာသစိုးနတ်တို့က ညီနောင်တို့ဖက်မှ ကူညီထောက်မကြလေသဖြင့် မည်သို့မျှ မဖမ်းဆီးနိုင်ကြပါ။ ထိုအခါ မင်းကြီးသည် အင်အားကိုအသုံးပြု၍ မရနိုင်ကြောင်း သိလာသဖြင့် ဖြားယောင်းသိမ်းသွင်းမှုဖြင့် အရေးတော်ပြီးဆုံးရန် ဆုံးဖြတ်လျှက် ညီနောင်တို့အား စည်းစိမ်ဥစ္စာ၊ ဆုလာဒ်များစွာ ပေးသနားမည်ဖြစ်ကြောင်း ကမ်းလှမ်းလိုက်ပါသည်။
ဤအကြောင်းကိုကြားသွားလောသော ညီနောင်တို့သည် ဟိမဝန္တာသို့ ထွက်ပြေးတိမ်းချောင်လျက် တပါးသေား ရသေ့ကြီးအထံတွင် ခိုလှုံနေထိုင်ကြပါသည်။ ရသေ့ကြီးသည် ညီနောင်တို့အား တစ်ဆယ်ရှစ်ရပ်သော အတတ်တို့ကို သင်ကြားပေးပါသည်။ အတတ်ပညာများပြီးဆုံးသောအခါ ဦးရီးတော်၏တိုင်းပြည်ကို သိမ်းယူအံ့ဟူ၍ ပြန်လာခဲ့ကြပါသည်။ ညီနောင်တကျိပ်တို့ ဝင်ရောက် လာချိန်၌ မင်းကြီးနှင့် မှူးမတ်အပေါင်းတို့သည် နိုင်ငံတော်လက်ပန်းပွဲသဘင် ကျင်းပရာ၌ စုဝေး ရောက်ရှိနေခဲ့ကြပါသည်။ ထိုနောက် သတ်မှတ်ထားသော စည်းကမ်းဥပဒေများကို လုံးဝဂရုမစိုက် အမှုမထားဘဲ ထိပ်တန်းလက်ပန်းသည်ကြီးအား သတ်ပစ်လိုက်ကြပါသည်။
ညီနောင်တကျိပ်တို့အားမြင်လေလျှင် မင်းကြီးက ဝိုင်းဝန်းဖမ်းဆီးကြလော ဟူ၍ ဟစ်အော်မိန့်ကြား လိုက်ပါသည်။ အစ်ကိုအကြီးဆုံးဝါသုဒေဝသည် ဦးရီးတော်မင်းကြီးနှင့် အိမ်ရှေ့စံ ဥပကံသမင်းသား တို့ထံ တဟုန်တည်းပြေးဝင်လျက် မိမိ၏လက်ဖြင့်ပင်လျှင် သတ်ဖြတ်ပစ်လိုက်ပါသည်။ ဘုရင်နှင့် အိမ်ရှေ့စံတို့ ကံတော်ကုန်သည်နှင့် တပြိုင်နက် တတိုင်းပြည်လုံးသည် ညီနောင်တကျိပ်တို့ လက်သို့ လွှဲပြောင်းကျရောက် သွားခဲ့လေတော့သည်။ ညီနောင်တို့သည် တဖန်အိမ်နီးချင်းတိုင်း ပြည် “မယုဇ္ဈပူရ” ကို ထပ်မံအောင်နိုင်ကြပြန်ပါသည်။ ထို့နောက် “နရိန္ဒမင်း” အုပ်စိုးလျက်ရှိသော ဒွါရာဝတီကို သိမ်းယူရန် ကြံစည်ကြပြန်ပါသည်။ ပင်ပန်းပြင်းထန်စွာ လုပ်ကြံကြပြီးနောက် ဒွါရာဝ တီကို သိမ်းပိုက်နိုင်ခဲ့ကြပါသည်။ အကြံအလုံးစုံ ပြီးမြောက်လေသောအခါ ညီနောင်တကျိပ်နှင့် နှမငယ် အဉ္ဖဒေဝီတို့သည် ပြည်ထောင်အားလုံးကို အညီအမျှ ခွဲဝေလျှက် တစ်ထီး တစ်နန်း စံမြန်းကြပါသည်။ နှမအငယ်ဆုံး ရရှိပိုင်ဆိုင်ခဲ့သော အစုမှာ ရခိုင်ပြည်တောင်ပိုင်း ဒွါရာဝတီ (ယခု သံတွဲ) ပင်ဖြစ်ပါသည်။
ဘာသာပြန်သူ “ဝေသာ”
U San Shwe Bu, “The Legend of the Early Aryan Settlement of Arakan”, JBRS Vol.11. Part 2, 1921
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။