ရခိုင်ယဉ်ကျေးမှု အဆိုအကနှင့် ကျင်ပညာ သရုပ်ဖော် ပြပွဲကို ထိုင်းနိုင်ငံ ဈေးပွဲတော်တွင် တင်ဆက် ပြသ


ဘစောတင်
-------------
ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင် ဈေးပွဲတော်တွင် ရခိုင်ယဉ်ကျေးမှု အဆိုအကနှင့် ကျင်ပညာ သရုပ်ဖော် ပြပွဲကို အောက်တိုဘာလ ၂ ရက်နေ့က တင်ဆက်ပြသခဲ့ကြောင်း သတင်းရရှိသည်။


Rajhine-in-Thailand
မဟာချိုင်မြို့တွင် ယခင်က မိမိတို့ အမျိုးသား ယဉ်ကျေးမှု အနုပညာများကို တင်ဆက်ပြသရန် အခွင့်အလမ်း မရရှိခဲ့ဘူးကြောင်း ယခုနှစ် ပထမအကြိမ် ကျင်းပခဲ့သော ဆရာတော် ဦးဥတ္တမနေ့အခမ်းအနား၏ နောက်ဆက်တွဲအဖြစ် ဤပွဲကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိတို့ ရိုးရာ ယဉ်ကျေးမှုကို အခက်အခဲ များစွာကြားထဲမှ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ရကြောင်းကို ဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ကိုဦးသန်းမောင်က ပြောသည်။

'ကျနော်တို့ ရခိုင်ယဉ်ကျေးမှု ပွဲကို ဒီမှာက တကြိမ်တခါမှ လုပ်ခွင့်မရခဲ့သေးဘူး။ ပြီးခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့မှာ ကျနော်တို့ သိုက်သိုက်မြိုက်မြိုက် စည်စည်ကားကား လုပ်နိုင်ခဲ့တာကို မဟာချိုင် မြို့တော်ဝန်က ကြားသိသွားလို့ ဒီ ဈေးပွဲတော်မှာ ကျနော်တို့ ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသဖို့ ခွင့်ပေးသွားလို့ အခုလို ကျင်းပနိုင်တာ ဖြစ်ပါတယ်။ ငွေရေးကြေးရေး အခက်အခဲ အပါဝင် ကပြ သီဆိုမဲ့ လူတွေ အခက်အခဲ စတဲ့ အခက်အခဲ များစွာကြားထဲက ရတဲ့အခွင့်အရေးကို ကျနော်တို့ အကောင်းဆုံး စီစဉ်ပြီး လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်' ဟု ဆိုသည်။

ယခု အစီအစဉ်တွင် ပါဝင်သူများမှာ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသဖြင့် ကြိုတင် ပြင်ဆင်ရန် အချိန် လုံလုံလောက်လောက် ပေးနိုင်စွမ်းမရှိကြပါ။ ထို့ပြင် ယဉ်ကျေးမှု အကအတွက် အ၀တ်အစားများ ရခိုင်စည်တော် စသည်တို့မှာလည်း ဘန်ကောက်နှင့် မဟာချိုင်တွင် ကိုယ်ပိုင်မရှိသဖြင့် မဲဆောက်မှ ငှါးရမ်း အသုံးပြုရခြင်းဖြစ်သည်။

တင်ပြဖျော်ဖြေသွားကြသော ကကွက်များမှာ 'မဟာမုနိ ဘဂ၀ါ' ယိမ်းနှင့် 'ဗုဒ္ဓပူဇနိယ' ယိမ်း။ အဆိုတော် မြတ်ခိုင်ကျော်၏ 'သာစွရခိုင်' တေးသရုပ်ဖော်။ ရခိုင်ကျင်ပညာ သရုပ်ပြပွဲနှင့် ၀င်းကိုခိုင်၏ 'မဟာနွယ်' တေးသရုပ်ဖော်တို့ ဖြစ်ကြသည်။

ရခိုင်ကျင် ရွှေမောင်းတန်းတွင် ရွှေမောင်း ၅ လုံးတိတိ ရထားခဲ့ဖူးသော တောင်ကုတ်မြို့နယ်မှ ကိုအောင်အောင်လွင်နှင့် ရွှေမောင်း ၄ လုံးရရှိခဲ့ဖူးသော ရသေ့တောင်မြို့နယ်မှ ကိုစိုးဝင်းမောင်တို့က ကျင်ပညာ သရုပ်ပြကွက်များကို လှလှပပ ပြသသွားကြသဖြင့် ပရိဿတ်များက လက်ခုပ် တဖြောင်းဖြောင်းတီးကာ အားပေးခဲ့ကြသည်။

Rajhine-in-Thailand
ကျင်ပညာသည် ရှေးရခိုင် ဘုရင်လက်ထက် အဆက်ဆက်က အသုံးပြုခဲ့သော ကိုယ်လုံ ဖြစ်သဖြင့် မျိုးဆက်သစ် လူငယ်များက လက်ဆင့်ကမ်း သယ်ယူသင့်ကြောင်း ရိုးရာလည်း မပျောက်ပျက်ရအောင်နှင့် မတရား စော်ကားလာသူ ရန်သူကိုလည်း ကာကွယ်နိုင်ရန် သင်ယူလိုက ထိုင်းနိုင်ငံရောက် ကျင်သန်ကြီးများက လူငယ်များကို ပညာအမွေပေးကာ သင်ပေးသင့် ကြောင်း ကိုအောင်အောင်လွင်က ပြောသည်။

'ကျနော်တို့ ဘ၀အခြေအနေအရ ဒီမှာ အသက်မွေးနေရပေမဲ့ အခွင့်သာတဲ့အခါ ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်ရမယ် ထိန်းသိမ်းရမယ် လက်ဆင့်ကမ်းရမယ်။ ဒီကနေ့ ကျနော်တို့ မဟာချိုင်မှာ ကျနော်တို့ ရဲ့ ယဉ်ကျေးမှု အနုပညာကို ဖော်ထုတ်ရတယ် ကျနော် အရမ်း ဂုဏ်ယူတယ်။ ပျော်တယ်။ ဒါ့အပြင် ဒီပွဲလုပ်လိုက်တဲ့အခါ ဘာတွေ ထပ်သိလာရလဲဆိုတော့ ထိုင်းနိုင်ငံအတွင်းမှာ မဟာချိုင်မှာပါ ရွှေမောင်း ၈၅ လုံးရဖူးတယ်ဆိုတဲ့ ကျင်သန်ကြီးတွေ ဆယ်နဲ့ချီတဲ့ ရွှေမောင်းတွေကို အနိုင်ရလာတဲ့ ကျင်သန်းကြီးတွေ အကြောင်းကို သိလာရတယ်။ ပြီးတော့ တိုင်းနဲ့ ပြည်နယ် အဆင့်ထိ ပါဝင်ခဲ့ဖူးတဲ့ အနုပညာရှင်တွေ ဂီတပညာရှင်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ကြားနေရတယ်။ အခုပွဲမှာ ဒီပုဂ္ဂိုလ်တွေနဲ့ လက်တွဲခွင့်မရလိုက်ပေမဲ့ နောင်ဆိုရင် အတူတူ လက်တွဲကာ ကိုယ့်အမျိုးသား ယဉ်ကျေးမှုတွေ ဖော်ထုတ်တဲ့အခါ ယှဉ်တွဲပြီး လုပ်ခွင့်ရလာမယ်လို့ မျှော်လင့်ပါတယ်။ ကျင်ပညာကို သင်ယူလိုသူများ ရှိက ကျနော်ကိုယ်တိုင်လည်း သင်ပေးပါမယ်။ အခြားသော ကျင်သန်ကြီးများကလည်း သင်ပေးကြပါလို့ ပြောလိုပါတယ်' ဟု သူက ဆိုသည်။

ယခု ပြုလုပ်သော ပွဲတွင် မဟာချိုင်မှ ရခိုင်အသင်းအဖွဲ့ ခေါင်းဆောင်များ။ ဘန်ကောက်မှ ရခိုင်အသင်းအဖွဲ့ ကိုယ်စားပြု ခေါင်းဆောင်များနှင့် ရပ်ထိုင်းဖောင်ဒေးရှင်းတို့ ပူးပေါင်းက လုပ်ဆောင်ကြခြင်းဖြစ်သည်။ ယခု အစီအစဉ်အတွက် အလွန်အားရကျေနပ် ပျော်ရွှင်ကြောင်း စီစဉ်သူများထဲမှ ခေါင်းဆောင်တဦးဖြစ်သူ ကိုခိုင်ကျော်ကျော်က ပြောသည်။

'အခုလို ကိုယ့်ရိုးရာကို ဖော်ထုတ်ခွင့်ရတဲ့ အလွန်ကျေနပ်ပါတယ်။ ပါဝင်ကူညီကြသူ အပင်ပန်းခံ အအိပ်ပျက်ခံပြီး လုပ်ကိုင်ကြသူတွေ အားလုံးကိုလည်း အရမ်းကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်' ဟု ဆိုသည်။

လာရောက်အားပေးကြသော ရခိုင်ပရိဿတ်များသည် ရိုးရာကမမ။ မဟာနွယ် စသော ရခိုင်သားများ အကြိုက် သီချင်းများကို သံပြိုင်သီဆို ကခုန်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်ဟု သိရသည်။



http://www.narinjara.com/detailsbur.asp?id=3527 
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။