၁၈ ယူနစ် မထွန်းမနေရ စနစ်ကြောင့် ကျောက်ဖြူတွင် လျှပ်စစ်မီးသုံးသူများ ဒုက္ခရောက်

မောင်ရမ္မာ
-----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မီးလင်းရေး ကော်မီတီက လျှပ်စစ်မီးသုံးသူများအား (၁)လ ၁၈ ယူနစ် မသုံးမနေရ သုံးရမည်ဟု ပြုလုပ်ထားသော စနစ် ကြောင့် လျှပ်စစ်မီး သုံးစွဲသူများ ဒုက္ခရောက်နေကြကြောင်း သတင်းရရှိသည်။


Kyauk-Pru-traveler ကျောက်ဖြူမြို့ ပြင် တစ်နေရာ မြင်ကွင်း ( ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာသည်မှာ ၆၃ နှစ် ရှိလာပြီ ဖြစ်သော်လည်း ကျောက်ဖြူ အပါအ၀င် ရခိုင်ပြည်နယ်မှ မြို့များအားလုံးမှာ EPC မှ ပေးသော မဟာဓါတ်အားလိုင်းများမှ ရရှိသော လျှပ်စစ်ကို ယနေ့ အချိန်ထိ အသုံးပြုခွင့် မရသေးဘဲ မြို့မီးလင်းရေးကော်မီတီမှ ပေးဝေသော ဒီဇယ်သုံး ဂျင်နရယ်တာမှ လျှပ်စစ်မီးများကို ဈေးကြီးပေးပြီး သုံးစွဲနေကြရသည်။

ကျောက်ဖြူဒေသခံတဦးဖြစ်သူ ဦးသန္တာမောင်က သူတို့မြို့တွင် လျှပ်စစ် သုံးစွဲသူများ ဒုက္ခ ရောက်နေကြရပုံကို နိရဉ္စရာသို့ ယခုလို ပြောသည်။

"အစိုးရက ၂၅ ကျပ်နဲ့ ၁၀ ယူနစ် ခွင့်ပြုထားတယ်။ သူတို့က နောက်ထပ် ၈ ယူနစ်ကို ၅၀၀ ကျပ်ဈေးနဲ့ယူရမယ်။ စုစုပေါင်း (၁) လကို ၁၈ ယူနစ် အသုံးပြုရမယ်ဆိုပြီး အမိန့်ထုတ်ထားပါတယ်" ဟု ပြောသည်။

ယခု ထုတ်ထားသော အမိန့်ကြောင့် လျှပ်စစ် သုံးစွဲသူများ အနေဖြင့် ပထမ (၁၀) ယူနစ် အတွက် ၂၅၀ ကျပ်၊ နောက်ထပ် (၈) ယူနစ်အတွင် ၄၀၀၀ ကျပ်၊ စုစုပေါင်း တစ်လ ၄၂၅၀ ကျပ် ပေးသွင်းနေကြရသည်ဟု သိရသည်။

" သူတို့က ၁၈ ယူနစ်ကို မယူမနေရ၊ မသုံးမနေရ အမိန့်ထုတ်ထားတဲ့ အတွက် တစ်လ ၄၂၅၀၀ ကျပ်ပေးနေရတဲ့ အပြင် မီတာအိုး စောင့်ရှောက်ခ ဆိုပြီး အကြောင်းပြကာ ၀န်ဆောင်ခ ၁၀၀၀ ကျပ်စီ ကောက်ပါတယ်။ ဒါကြောင့် လျှပ်စစ် သုံးစွဲသူ မိသားစု တစ်စုဟာ တစ်လကို ၅၂၅၀ ကျပ် ပေးသွင်း နေကြရပါတယ်။"

ယခု ပြုလုပ်သော စနစ်မှာ အပြင်ပန်းက ကြည့်လျှင် တယူနစ် ၂၅ ကျပ်ဆိုသဖြင် ဗမာပြည်မက တချို့ဒေသများထက် သက်သာသည်ဟု ထင်မြင်ရသော်လည်း ၁၀ ယူနစ်ထက်ပို သုံးပါက တယူနစ်ကို ၅၀၀ ကျပ် ယူထားသဖြင့် လျှပ်စစ်သုံးစွဲသူများကို ပိုမို အခက်အခဲတွေ့စေပြီး ပိုခေါင်းပုံ ဖြတ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ဦးသန္တာမောင်ကဆိုသည်။

" အရင်က ဆိုရင် ခုလို သတ်မှတ်ချက် မရှိတဲ့ အတွက် လူတွေက မိမိနိုင်သလောက်ဘဲ လျှပ်စစ်မီးကို ချွေချွေတာတာနဲ့ အသုံးပြုကြတဲ့ အတွက် တစ်လ ၃၀၀၀ နဲ့ ၄၀၀၀ ကျပ် အကြားဘဲ ကုန်ပါတယ်။ အခု ပထမ ၂၅ ကျပ်နုန်း နဲ့ ၁၀ ယူနစ်၊ နောက်ထပ် ၅၀၀ ကျပ်နဲ့ (၈) ယူနစ် အပါအ၀င် မီတာအိုး စောင့်ရှောက်ခ ၁၀၀၀ ကျပ် ဆိုပြီး မိမိ သုံးသုံး၊ မသုံးသုံး ၅၂၅၀ ကျပ်ကို လကုန်ရင် ပေးသွင်း နေကြရတယ်။ အခု အစီအစဉ်ကြောင့် လူတွေ အကုန်လုံး ဒုက္ခရောက်နေကြရပါတယ်" ဟု ပြောသည်။

အထူးသဖြင့် ဆင်းရဲသား ပြည်သူများကို ယခုစနစ်က ပို ဒုက္ခတွေ့စေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့တွင် ၇ မီတာအောက် သုံးစွဲသူများအတွက် တယူနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ပေးသွင်းရသည်ဟု စစ်တွေမြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

" စစ်တွေမှာ သြဂတ်စ်လက စလို့ ၇ မီတာသုံးစွဲသူတွေဆီက တမီတာကို ၂၅ ကျန်နှုန်းနဲ့ ပေးသွင်းရပါတယ်။ ၇ မီတာထက်ကျော်ရင်တော့ ၄၄၀ ကျပ်နှုန်းနဲ့ ပေးသွင်းရပါတယ်။ ကိုယ်သုံးစွဲသလောက်ပဲ ပေးသွင်းရပါတယ်။ ဘယ်နှစ်ယူနစ်ထိ မထွန်းမနေရဆိုတာမျိုးတော့ မရှိပါဘူး။"

ကျောက်ဖြူတွင် လျှပ်စစ်မီးကို ရွှေ သဘာဝဓါတ်ငွေ့စီမံကိန်းမှ လှူဒါန်းထားသော မီးစက်မှ တဆင့် ပေးဝေနေခြင်း ဖြစ်ပြီး လူ ၉ ယောက် ပါဝင်သော မီးလင်းရေး ကော်မီတီက အများပြည်သူပိုင် မီးစက်ကိုသုံးကာ လွန်ခဲ့သော သြဂတ်စ်လမှ စပြီး ၁၈ ယူနစ် မယူမနေရ အမိန့်ထုတ်လျှက် လျှပ်စစ်မီး သုံးစွဲသူများထံမှ ခေါင်းပုံ ဖြတ်နေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး ဦးသာလူချေအား ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့သဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဗမာပြည်မတွင် လျှပ်စစ် (၁) ယူနစ်ကို အိမ်သုံး ၂၈ ကျပ်၊ လုပ်ငန်းသုံး ၅၀ ကျပ်သာ ပေးဆောင် ရသော်လည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် တယူနစ်ကို ၄၀၀ ကျပ်၊ မြေပုံမြို့တွင် ၅၀၀ ကျပ်၊ သံတွဲမြို့ တွင် ၅၅၀ ကျပ်ထိ ပေးဆောင်နေကြရသဖြင့် ရခိုင်ပြည်သူများမှာ စီးပွားရေး အဆင် မပြေ သည့် ကြားထဲ မီတာဖိုးခ ကြီးမြင့်နေသဖြင့် " ဗူးလေးရာ ဖရုံဆင့်" ဆိုသလို ဖြစ်နေကြရသည်ဟု သတင်း ရရှိသည်။ 


http://www.narinjara.com/detailsbur.asp?id=3497
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။