ဌာနချုပ် တိုက်ခိုက်ခံရခြင်း သတင်း မဟုတ်မှန်ကြောင်း ALP ငြင်း


မောင်ရမ္မာ
------------
ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ALP ဗဟိုဌာနချုပ်အား မြန်မာ စစ်တပ်မှ ၀င်ရောက် တိုက်ခိုက် ခဲ့သည် ဆိုသော သတင်းမှာ မဟုတ် မမှန်ကြောင်း ALP ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

ပါတီ ပြောရေး ဆိုခွင့်ရှိသူ တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခက နိရဉ္စရာသို့ ယခုလို ပြောသည်။


ALA.jpg
" ကျွန်တော်တို့ ဌာနချုပ်ကို ရန်သူ စစ်တပ်က ၀င်ရောက် တိုက်ခိုက်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခိုင်အမာပြောနိုင်တာက ကျွန်တော်ကိုယ်တိုင် အဲဒီတုန်းက ဌာနချုပ်မှာ ရှိနေပါတယ်။ အဲဒီတုန်းက ဗဟိုကော်မီတီတွေအားလုံး ဌာနချုပ်မှာ အစည်းအဝေး လုပ်နေကြပါတယ်။ ဗမာ စစ်တပ်က ၀င်ရောက် တိုက်ခိုက်တာက လုံးဝမဟုတ်ပါ။"

၎င်းပြင်သူက အိန္ဒိယ- မြန်မာ နယ်စပ် အခြေစိုက် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဌာနချုပ်အား နပခ လက်အောက်ခံ တပ်စု တစ်စုက ၀င်ရောက် တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းမှာ လုံးဝ အခြေအမြစ် မရှိသည့် သတင်းသာဖြစ်ကြောင်း ပြောသည်။

ALP ဌာနချုပ်ကို မြန်မာစစ်တပ်က ၀င်ရောက်တိုက်ခိုက်ခဲ့သော သတင်းကြောင့် အများပြည်သူများ အကြား စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့သော်လည်း ALP အနေဖြင့် မဟုတ်မှန်ကြောင်း ကြေငြာချက် မထုတ်ပြန် ခဲ့ခြင်းနှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

" အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဖက်က တရားဝင် ထုတ်ပြန် ကြေငြာချက် ထုတ်စရာ မလိုလို့ ယူဆပါတယ်။ ဘာဖြစ်လဲလို့ဆိုတော့ အဲဒီသတင်းကို ရေးတဲ့ သတင်းဌာနက လည်း နာမည်ကြီး သတင်းဌာန မဟုတ်။ နောက်တခုက အဲဒီသတင်းကိုရေးတဲ့ လူပုဂ္ဂိုလ်တွေကလည်း အင်တာနက်တွေ၊ ဘလော့ဂ်တွေမှာ ရေးပြီးတော့ တခြားလူတွေကို လိုက်ဖြန့်နေတဲ့ အဆင့်ဘဲ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ တရားဝင် မထုတ်ပြန်တာ ဖြစ်ပါတယ်။ အခုလို အဖွဲ့အစည်း တခုရဲ့ ဌာနချုပ်ကို ရန်သူတွေက လတ်တလော ၀င်ရောက် တိုက်ခိုက်တယ်လို့ ရေးသား လာတာဟာ အဖွဲ့အစည်းကို စော်ကားသလို ဖြစ်နေပါတယ်။"

လွန်ခဲ့သော ဇူလိုင်လ နောက်ဆုံး အပတ်က မြန်မာ အစိုးရ စစ်တပ်နှင့် ALP တပ်ဖွဲ့အကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ ကို အခြေခံကာ ALP ဌာနချုပ်ကို ၀င်ရောက်တိုက်ခဲ့သည်ဟု သတင်းမှားပြီး ရေးနိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း သူက ပြောသည်။

" လွန်ခဲ့တဲ့ ဇူလိုင်လ နောက်ဆုံး အပတ်မှာ ဗျူဟာမှူး တဦး ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ နယ်စပ်ကို ဖြတ် ကျော်လာတဲ့ သတင်းကိုကြားတဲ့အချိန်မှာ ALP တပ်တွေက သွားပြီးတော့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုမှာ ရန်သူတပ်ဖက်က မိုင်းရှာတဲ့ မိုင်းဆရာတဦးအပါအ၀င် အရာရှိတယောက်နဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်။ အဲဒါကို ရန်သူဖက်က သူတို့တပ်ဖွဲ့အချင်းချင်း အမှား အစီရင်ခံစာ တင်တဲ့ အပေါ်မှာ မူတည်ပြီးတော့ ရေးသား ၀ါဒဖြန့်တာလည်း ဖြစ်နိုင်ပါတယ်။"

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ လက်အောက်ခံ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် မြန်မာ စစ်တို့ အကြား မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်တွင် မကြာခဏ ရင်ဆိုင် တိုက်ပွဲငယ်များနှင့် ချုံခို ပြောက်ကျား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ယခုနှစ် ဇန္န၀ါရီလ ၃ ရက်နေ့က ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်က ပလက်ဝမြို့နယ် အတွင်းရှိ မြန်မာ စစ်တပ် အခြေစိုက် စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်သည် အနောက်ဘက် စစ်မျက်နာတွင် လူပ်ရှားနေသော တပ်မတော် တရပ်ဖြစ်ပြီး အဆိုပါ တပ်မတော်ကို ချင်းပြည်နယ်တွင် ကျဆုံးသွားခဲ့သော ဗိုလ်ခိုင်မိုးလင်းက ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်အမျိုးသား အစည်းအရုံး နယ်မြေတွင် တည်ထောင် ခဲ့သည်။ ထိုအချိန်မှ စပြီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သည် မြန်မာစစ်တပ်ကို လက်နက်စွဲကိုင် စဉ်ဆက် မပြတ် တိုက်ပွဲ ၀င်လျှက် ရှိသည်။



http://www.narinjara.com/detailsbur.asp?id=3410 
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။