ရွှေဂတ်စ်စီမံကိန်းမှ အလုပ်သမားများ စွန့်ထုတ်ပစ်သော မစင် မိလ္လာများကို ကျေးရွာအနီးချောင်းတွင် ကားဖြင့် လာသွန်နေသဖြင့် ကျောက်ဖြူမြို့နယ် အုန်းတော အုပ်စု ၀က်ဆံ ကျေးရွာမှ ကျေးရွာ လူကြီး ၆၅ ဦးက လက်မှတ်ရေးထိုးပြီး ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေးတိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။
ကျောက်ဖြူမြို့မှ (၆) မိုင်အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာ အနီးတွင် ကိုးရီးယား ဒေ၀ူးမှ ဓါတ်ငွေ့သန့်စက်ရုံ တည်ဆောက်နေရာ အဆိုပါ ဓါတ်ငွေ့ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်မှ လုပ်သားများ စွန့်ပစ်သော မစင်များကို ကားဖြင့် တင်ယူလာကာ ၀က်ဆံ ကျေးရွာ အနီး ချောင်းထဲတွင် လာရောက် သွန်ချနေသဖြင့် ကျေးရွာသားများမှာ ဆိုးရွားသော အနံ့ အသက်များကို မခံနိုင်သဖြင့် ကျန်းမာရေး အရ အထူး ထိခိုက်နေရသည်ဟု သိရသည်။
ယခုကဲ့သို့ ကျေးရွာအနီး မစင်များ လာသွန်နေ၍ ကျေးရွာသားများ ဒုက္ခရောက်နေကြရသဖြင့် ယခုနှစ် ဇန္န၀ါရီလ ၂၁ က ကျေးရွာသားများက ကုမ္ပဏီကို သွားရောက် ကန့်ကွက်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ကုမ္ပဏီ လူကြီးများ ရောက်ရှိလာပြီး အဆိုပါ ပြဿနာကို ဖြေရှင်းပေးမည် ဖြစ်ကြောင်း ပြောကြားသော်လည်း ယနေ့ထိ ဖြေရှင်းပေးခြင်း မရှိဘဲ ဆက်ပြီး မစင်များကို စွန့်ပစ်နေကြောင်း သူက ဆက်ပြောသည်။
" အခုလို လုပ်တာကို ဒီစီမံကိန်းမှာ ပါဝင်တဲ့ ပီအက်စ်စီ ကုမ္ပဏီက လုပ်နေတယ်လို့ ပြောပါတယ်။ မိလ္လာတွကို လာသွန်တဲ့ ကားဒရိုင်ဘာက ဗမာ အမျိုးသား ဖြစ်ပါတယ်။ ကားအမှတ် ၃(ဂ) ၈၄၇၅ နဲ့ နေ့တိုင်းလာသွန်နေပါတယ်။ ဟန့်တားလို့လည်း မရပါဘူး ခင်ဗျား။" ဟု ပြောသည်။
" အခု စက်ရုံ အနီးက ရန်ကုန်- ကျောက်ဖြူ ကားလမ်း တလျှောက်မှာ စက်ရုံက စွန့်ပယ်လိုက်တဲ့ ပလစတစ်တွေ၊ တခြား အမိုက်တွေနဲ့ ပြည့်နက်နေပါတယ်။ သူတို့က စည်းမဲ့ကမ်းမဲ့ ပစ္စည်းတွေကို စွန့်ပစ်နေတဲ့ အတွက် အနီးအနားက လယ်ပြင်တွေမှာလည်း ပလစတစ်တွေနဲ့ လယ်ထွန်လို့တောင် မရ ဖြစ်နေပါတယ်" ဟု သူက ပြောသည်။
အဆိုပါ ဓါတ်ငွေ သန့်စင်စက်ရုံမှာ ပင်လယ်ထဲမှ ထုတ်ယူသော ဂတ်စ်အား ပိုက်လိုင်းဖြင့် သယ်ယူလာပြီး အဆိုပါ စက်ရုံတွင် သန့်စင်ကာ ယင်းမှ တဆင့် ဓါတ်ငွေ့ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ တင်ပို့မည် ဖြစ်သည်။
အဆိုပါ ဓါတ်ငွေ သန့်စင် စက်ရုံအား ကိုးရီးယားဒေ၀ူးမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ရခိုင်ပြည်သူများမှာ ဓါတ်ငွေ့ စီမံကိန်းကြောင့် အကျိုးမခံစားရသည့် အပြင် ဒုက္ခသာ ခံစားနေရသဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။
http://www.narinjara.com/detailsbur.asp?id=3269
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။