ရခိုင်ရာဇဝင်စာပေနှင့် ယဉ်ကျေးမှု သုတေသီ အသျှင်စက္ကိန္ဒ
မိဘမျိုးရိုး
ရခိုင်ရာဇဝင်၊ စာပေနှင့်ယဉ်ကျေးမှုသုတေသီ ဆရာတော်ဘုရား၊ အသျှင်စက္ကိန္ဒကို ဂေါဇာသက္ကရာဇ် (၁၂၉၈)ဃု။ (ခရစ်-၀၅-၀၁-၁၉၃၆)ခုနှစ် ဗြိတိသျှခေတ်တွင် စစ်တကောင်းမြို့နယ်၊ နီလာစာတိုက်၊ ခြံချောင်းရွာ၌ ဖွားမြင်သည်။ ဘခင် ဦးထွန်းအောင်ရှီ၊ မိခင် ဒေါ်ချင်းဘုံမေတို့၏ တတိယမြောက်သား ရတာနာဖြစ်သည်။ ငယ်နာမည်မှာ ညိုဇံမောင်ဖြစ်သည်။ မိဘများမှာ လယ်ယာလုပ်ကိုင်ကြသည်။ ဘိုးဘေးတို့မှာ အတတ်ပညာဖြင့် အသက်မွေးခဲ့ကြရာ စာသင်စာပြဆရာ၊ ဆေးဆရာဖြစ်ကြသည်။
ငယ်ဘဝ
ငယ်စဉ်က လယ်ယာလုပ်ကိုင်ခဲ့ကြသည်။ ဒုတိတကမ္ဘာစစ်အပြီး၌ စစ်ပြေးဒုက္ခသည် ရခိုင်များအား အစိုးရက မောင်တောမြို့နယ် ဘော်လီစာတိုက် (ယခုကြိမ်ချောင်းမြို့နယ်) လောင်းဒုံးကျေးရွာတွင် ပြန်လည်ထူထောင်နေရာချပေးခဲ့သည်။ ထိုပြန်လည်ထူထောင်ရေးတွင် ဦးစက္ကိန္ဒလောင်းလျာ ညိုဇံမောင်လည်း ပါဝင်လျက်လုပ်ကိုင်ခဲ့သည်။ မူဂျာဟစ် အန္တရာယ်ကြောင့် မနေနိုင်ဘဲပြောင်းရွှေ့ခဲ့ရသည်။
သာသနာ့ဘောင်ဝယ်
အသျှင်စက္ကန္ဒလောင်းလျာသည် ရှင်သာမဏေအဖြစ် ဂေါဇာ-၁၃၀၅ (၁၉၅၄) တွင် ရန်ကုန်မြို့၌ သီတင်းသုံနေထိုင်သော ဦးရီးဘုန်းကြီးထံတွင် ဝင်ရောက်ခဲ့သည်။ လောကီ၊ လောကုတ္တရာစာပေများ ကို သင်ကြားခဲ့သည်။ ရဟန်းခံရန်မိဘများခေါ်၍ မိမိဒေသသို့ကြွခဲ့သည်။ ဥပဇ္ဈာယ်ဆရာမှာ နခေါင်းချောင်းဆရာတော် ဦးနာဂိတဖြစ်သည်။ လောကီ၊ လောကုတ္တရာစာပေများကို နာခေါင်းချောင်းဆရာတော်ထံ၌လည်းကောင်း၊ ရန်ကုန်မြို့ မင်္ဂလသုခပါဠိတက္ကသိုလ် ဆရာတော် ဆဋ္ဌသံဃာယနာဝန်ဆောင်၊ ခရိုင်ဝိနည်းဓိုရ်၊ သီဟိုဠ်ပြန် ဦးကေသရထံ၌လည်းကောင်း သင်ယူခဲ့သည်။
ပရိယတ္တိစာပေများကို ဓမ္မာစရိတန်းထိသင်ယူတတ်မြောက်ခဲ့သည်။ မင်းပြားမြို့ ဇေယျသုခကျောင်းတိုက်၌ (၁၉၆၅ မှ ၁၉၆၉)ထိ စာပေပို့ချသီတင်းသုံးခဲ့သည်။ မောင်တောမြို့နယ်တွင် ငါးခူးရကျေးရွာ၌ မြို့သစ်ကျောင်းကို ထူထောင်ပြီး (၁၉၆၉ မှ ၁၉၇၉)ခုထိ သီတင်းသုံးခဲ့သည်။ (၁၉၈၀) ခုမှစ၍ မောင်တောမြို့အမှတ်(၃)ရပ်ကွက် (ဝိမလရပ်ကွက်)၌ ဝါးကျောင်းယာယီဆောက်လုပ်၍ မြို့ဦးကျောင်းဟု အမည်တပ်ခဲ့သည်။ ထိုကျောင်းကို တကာ၊ တကာမတို့နှင့် တဖြည်းဖြည်း တစစပြုပြင်တည်ဆောက် ထူထောင်ကာ ယနေ့တိုင် သီသုံးတင်းသုံးလျက်ရှိသည်။
စာပေနယ်သို့ဝင်လာ
အသျှင်စက္ကိန္ဒသည် စာပေနယ်သို့ (၁၉၅၅)ခုမှစ၍ ဝင်ရောက်ခဲ့သည်။ (၁၉၅၆)ခုမှစ၍ စာပေစုဆောင်းခြင်း၊ ရေးသားခြင်းတို့ကို ပြုလာခဲ့သည်။ ရခိုင်ယဉ်ကျေးမှု၊ ရာဇဝင်စာပေတို့၌ အားသန်သည်။ ရခိုင်အလင်းသတင်းစာတွင် (၁၉၅၇)ခုနှစ်ကပင် ရခိုင်ယဉ်ကျေးမှု ငစည်(ငစွေ) အကသဘင် ဆောင်းပါးများရေးသားခဲ့သည်။ ရခိုင့်တန်ဆောင်၊ ပြည်သူ့ဂျာနယ်၊ ရခိုင်ဇာနည်ဂျာနယ် တို့၌ နတ်မြစ်စန်းအောင်၊ နတ်မြစ်ညိုဇံမောင်ကျော်ရှီ၊ ဦးစက္ကိန္ဒအမည်များဖြင့် ဆောင်းပါးများရေးသား ခဲ့သည်။
(၁၉၆၁-၆၂)တွင် ထုတ်ဝေသော ရခိုင်ဇာနည်လစဉ်ဂျာနယ်ထုတ်ဝေရာ၌ စုပေါင်းဦးဆောင် ရာတွင် ပါဝင်ခဲ့သည်။
ဆရာတော်သည် ငယ်စဉ်ကပင် ပုံပြင်အများအပြားကို ဆရာအောင်လှထံမှ နားထောင်ခဲ့ရသည်။ ပုံပြင်စုဆောင်းမှုကို အသက် (၂၀)ကပင် စတင်ခဲ့သည်။ မင်္ဂလာသုခကျောင်းတိုက်တွင် ပညာသင်ကြားနေစဉ်ကလည်း ဝတီလေးရပ်မှ ရဟန်းသာမဏေတို့ထံမှ အခွင့်သာသလို စုဆောင်းရေးသားခဲ့သည်။ ထိုပုံပြင်များကို တစုတစည်းတည်းထုတ်ဝေလို၍ ၁၉၆၁ (၁၃၂၂)ခုနှစ် ကပင် မူသန့်ရေးသားခဲ့သည်။ ကံအားလျောစွာ မန္တလေးမှ လူထုဦးလှက မိမိ၏လူတုသတင်းစာ၌ တိုင်းရင်းသားလူမျိုးတို့၏ ပုံပြင်များကို စုစည်း၍ (၁၉၆၃)ခုတွင် စာအုပ်ထုတ်ဝေခဲ့ရာ စာပေဗိမာန်ဆု ရခဲ့သည်။ ဦလှထံသို့ ပုံပြင်များဆက်လက်ပေးပို့ခဲ့သောကြောင့် ၎င်းထုတ်ဝေသော ရခိုင်ပုံပြင်(၄)တွဲလုံး၌ ဆရာတော်ရေးသားခဲ့သော ပုံပြင်များ ပါဝင်ခဲ့သည်။
ဆရာတော်သည် စာရေးဆရာ မာန်အောင်ပီယနှင့် စာပေမိတ်ဖက်ဖြစ်ခဲ့သည်။ ရင်းနှီးခဲ့သည်။ ထို့ကြောင့် မာန်အောင်ပီယ၏ “ရခိုင်သာစွလေ” စာအုပ်တွင်ဆရာတော်ထံမှ တေးကဗျာများ၊ ပုံပြင်များ၊ အသံလွှင့်ဟောပြောချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။ ရန်ကုန်ရောက် ရခိုင်လူငယ်များစုပေါင်း၍ (၁၉၆၇)တွင် “ရခိုင့်ညွန့်ဖူး” အမည်နှင့် စာအုပ်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ ထုတ်ဝေသူတို့က မင်းပြား၌ သီတင်းနေထိုင်သူ ဆရာတော်ထံ စာရေးအကူအညီတောင်းကြ သောကြောင့် ဆရာတော်က “ရခိုင်ဇာတိဝံသမော်ကွန်းစာ” စာတမ်းနှင့် တခြားဆောင်းပါးနှစ်ခုရေး သားပေးပို့ ကူညီခဲ့သည်။
ဆရာတော်သည် ရခိုင်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်အစရှိသော ရခိုင်ဒေသထုတ်မဂ္ဂဇင်းတို့၌ စဉ်ဆက်မပြတ် ပါဝင်ရေးသားခဲ့သည်။ ရေးသားခဲ့ဖူးပြီးသော မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များမှာ (၁) ရခိုင့်ညွှန့်ဖူး ဆောင်းပါးပေါင်းချုပ် (၁၉၆၈)၊ (၂) ရခိုင်မဂ္ဂဇင်း (၁၉၇၂ မှစ၍)၊ (၃) ရခိုင်ပြည်နယ်စာစောင် (၁၉၇၇ မှစ၍)၊ (၄) ရက္ခပူရ ဗုဒ္ဓသာသနာရောင်ခြည်၊ (၅) ရက္ခပူရဗုဒ္ဓသာသ နာအလင်းရောင်၊ (၆) ဒွါရာဝတီမဂ္ဂဇင်း (၁၉၇၉)၊ (၇) မေဃဝတီမဂ္ဂဇင်း (၁၉၇၉)၊ စစ်တွေဒေသကော လိပ်မဂ္ဂဇင်း (၁၉၈၀-၈၁)၊ (၉) စစ်တွေကောလိပ်မဂ္ဂဇင်း၊ (၁၀)စစ်တွေဒီဂရီကောလိပ်မဂ္ဂဇင်း၊ (၁၁) ရမ္မာဝတီမဂ္ဂဇင်း (၁၉၈၇)၊ (၁၂) မြဝတီမဂ္ဂဇင်း (၁၉၆၈ ခု၊အောက်တိုဘာ)၊ (၁၃) ငွေတာရီမဂ္ဂဇင်း (၁၉၆၈ ခု၊ အောက်တိုဘာ)တို့ဖြစ်ကြသည်။
“ရခိုင်ရိုးမ”အမည်နှင့် ရခိုင်ဘာသာမဂ္ဂဇင်းတစ်စောင်ကို ဆရာမောင်စံဖော်တာဝန်ခံ၍ (၁၉၉၆)ခုက ထုတ်ဝေကြသောအခါလည်း ဆရာတော်မှာ စဉ်ဆက်မပြတ် ပါဝင်ရေးသားခဲ့ပါသည်။ မုနိမြေမဂ္ဂဇင်း၊ ကျိန်းရိပ်မြေမဂ္ဂဇင်း၊ မြောက်ဦးမဂ္ဂဇင်း၊ စိုင်းတင်မဂ္ဂဇင်း၊ လခြမ်းမဂ္ဂဇင်း၊ ပေါက်တောရွှေမြေမဂ္ဂဇင်း၊ ရတနာမြေပုံမဂ္ဂဇင်း၊ ကစ္ဆပမဂ္ဂဇင်း၊ မေယုမဂ္ဂဇင်း စသည်တို့၌လည်း ပါဝင်ရေးသားခဲ့သည်။ အချုပ်ပြောရလျှင် ရခိုင်ဒေသထွက် စာစောင်၊ မဂ္ဂဇင်းတိုင်းကို (စီစဉ်သူတို့တောင်းပန်၍) ဆောင်းပါး ရေးပို့ ကူညီခဲ့သည်။
ဆရာတော်အသုံးပြုခဲ့သော ကလောင်အမည်များမှာ နတ်မြစ်စန်းအောင်၊ နတ်မြစ်ညိုဇံမောင်ရှီ၊ အသျှင်စက္ကိန္ဒ ဦးပါဋ၊ အသျှင်ကြီးတို့ဖြစ်ကြသည်။
သုတေသနပြု စုဆောင်းခြင်း
ဆရာတော်သည် သာမဏေဘဝဖြင့် ရန်ကုန်တွင်နေစဉ် ရခိုင်သဘာဝတေးကဗျာ၊ ရခိုင်ပုံသေဝတ္ထု များကို စတင်စုဆောင်းလေသည်။ ရန်ကုန်မင်္ဂလသုခကျောင်းတွင် ပညာင်နေစဉ်အခါ၌လည်း ဝတီလေးရပ်မှ ရခိုင်ရဟန်းသာမဏေတို့ထံမှ အခွင့်သာသလို စုဆောင်းခဲ့သည်။ စာအတန်တန် ပေအတန်တန်ဖြင့်လည်း ကမ်းလှမ်းဆက်သွယ်ကာ အသိအကျွမ်းတို့ထံမှ တောင်းခံစုဆောင်းသည်။ (၁၉၆၂) ခုနှစ်မှစ၍ ရခိုင်တိုင်းအနှံ့ သုတေသနခရီးသွားပြီး ရခိုင်ရာဇဝင်စာပေတို့ကို ရှဖွေစုဆောင်းခဲ့သည်။ (၁၉၆၈) ခုတွင် မြောက်ဦးမြို့သို့ လှည့်လည်လျက် သင်္ကြန်ကုန်သည်အထိ အချိန်ယူ၍ သုတေသနပြု စုဆောင်းခဲ့သည်။
ဆရာတော်စုဆောင်းသော စာပေများ၌ ပုံပြင် (၁၃၀)ခန့်ပါဝင်သည်။ ငယ်စဉ်ကမိမိရွာသား ဆရာဦးအောင်လှထံတွင် အများအပြားနားထောင်ခဲ့ရသည်။ ထိုပုံပြင်များကို အသက်(၂၀) ခန့်ကပင် မှတ်တမ်းတင်ခဲ့သည်။ ရခိုင်ပုံပြင်များကို အင်္ဂလိပ်ခေတ်ကပင် ကျောက်စာဝန် ဦးစံရွှေဘုသည် ၁၉၂၁/ ၂၂/ ၂၃ ခုနှစ်များထုတ် “သုတေသနဂျာနယ်” (အင်္ဂလိပ်ဘာသာ)များတွင် အနည်းအပါးရေးသားခဲ့ သည်။ ထို့ပြင် ရခိုင့်တန်ဆောင်၊ ဓညဝတီမဂ္ဂဇင်းတို့တွင် ဆောင်းပါးရှင်အချို့က တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးသားခဲ့သည်မှအပ စာအုပ်ထုတ်ဝေနိုင်လောက်အောင် မတတ်နိုင်ခဲ့ချေ။ ထိုလစ်ဟင်းနေခဲ့သော အကွက်တစ်ခုကို ဆရာတော်က အတော်အသင့် ဖာထေးနိုင်ခဲ့၍ ဝမ်းသာအားရဖြစ်ခဲ့သည်။ မမိတတ်နိုင်သလောက် အင်တိုက် အားတိုက်ပါဝင်နိုင်ခဲ့သဖြင့် ဂုဏ်ယူခဲ့သည်။ စင်စစ် အသျှင်စက္ကိန္ဒသည် ရခိုင်ပုံပြင်များကို စုဆောင်းဖော်ထုတ်ရာ၌ အထင်ရှားဆုံး သုတေသီဖြစ်လေသည်။
ဆရာတော်၏ သုတေသနပြု စုဆောင်းချက်၌ “ရခိုင်သဘာဝတေးကဗျာ”များ (အရွေ့ကဗျာများ)သည် လည်း အထူးအရေးပါလေသည်။ ဆရာတော်စုဆောင်းပေးခဲ့သော အရွေ့ကဗျာ(၁၀၈)ပုဒ်ကို ရန်ကုန်ရှိ “ရခိုင်ရှေးဟောင်းရာဇဝင်နှင့် စာပေအဖွဲ့”မှတာဝန်သိစိတ်ဖြင့် ပုံနှိပ်ဖြန့်ဝေခဲ့သည်။ ယင်းစာအုပ်ထွက် လာပြီးနောက်၌ ထိုစာအုပ်ပါ အရွေ့ကဗျာများကို အတုယူ၍ လူငယ်ကဗျာဆရာများက ကဗျာသစ်များဖွဲ့၍ “ရိုးမတောင်ညို ကဗျာတိ”၊ “ရိုးလှသန္တာ”၊ “ရခိုင်ညွန့်ဖူး” စသောကဗျာစာအုပ်များ၌ ပါဝင်ရေးသားခဲ့ကြသည်။
အမျိုးသားစေဆုရ ကဗျာဆရာ စစ်တွေစောနောင်၊ မောင်ကောက်စံ၊ မောင်မင်းမာ(မြောက်ဦး)၊ မောင်စောလူ(စစ်တွေ)၊ ဆရာညိုထွန်း(ဓည)နှင့် ကဗျာဆရာများကလည်း အရွေ့ကဗျာသစ်များရေးဖွဲ့၍ ဆရာတော်၏ “သဘာဝတေးကဗျာ” စာအုပ်လမ်းရိုးဟောင်းတွင် လမ်းသစ်ထွင်ကာ ဂုဏ်ပြုခဲ့ကြသည်။
ဆရာတော် သုတေသနပြု ဖော်ထုတ်တင်ပြခဲ့သော “ရခိုင်ဇာတိဝံသမော်ကွန်းစာ”စာသည် မြောက်ဦးခေတ်အုပ်ချုပ်ရေးနှင့်ဆိုင်သော အဘိုးတန်စာတမ်းတစ်ခုဖြစ်သည်။ “ပန်းတန်မောင်နှင့် သံတွဲသူ” ကဗျာဝတ္ထုရှည်မှာလည်း ရှေးခေတ်ရခိုင်ရသစာပေအတွက် အဖိုးအဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။
ဆရာတော်သည် မိမိစုဆောင်းရရှိခဲ့သော ရခိုင်စာဟောင်း ပေဟောင်းများမှ ဝေါဟာရများကိုထုတ်နှုတ်၍ (၁၉၆၃)ခုကပင် “ရခိုင်ဒေသန္တရဝေါဟာရအဘိဓာန်” ကိုပြုစုခဲ့သည်။ ထိုအဘိဓာန်လက်ရေးမူကို ဖတ်ရှုခဲ့ရသူ ဆရာကြီး ဦးအောင်သာဦးက ဆရာတော်၏ စာမူကိုလည်းကောင်း၊ လုံ့လဝီရိယကိုလည်းကောင်း ချီးကျူးခဲ့လေသည်။
ထုတ်ဝေခဲ့သော စာအုပ်များ
ဆရာတော်သုတေသနပြု စုဆောင်းခဲ့သော စာများအနက် “ရခိုင်သဘာဝတေးကဗျာများ” ကို ရန်ကုန်မြို့ ရခိုင်ရာဇဝင်နှင့်စာပေအသင်းက စာအုပ်အဖြစ် အဦးဆုံးထုတ်ဝေခဲ့သည်။ စာရေးဆရာ မာန်အောင်ပီယ က သူ၏ “ရခိုင်သာစွလေ” စာအုပ်တွင် ဆရာတော်ထံမှ တေးကဗျာများ၊ ပုံပြင်များ၊ အသံလွှင်ချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။ အစိုးရ၏တိုင်းရင်းသားလူမျိုးစုဌာနမှလည်း ရခိုင်တေးသံ၊ ရခိုင်ပုံဝတ္ထုများ၊ ရခိုင်စကားပုံများကို ဆရာတော်အပါအဝင် ရခိုင်ပညာများ၊ သုတေသီများ အကူအညီဖြင့် ထုတ်ဝေပေးခဲ့လေသည်။ မန္တလေးလူထုဦးလှက ဆရာဦးလှက ဆရာတော်ထံပေးစာ၌ “ဆရာတော်နှင့်ဆက်သွယ်မှုရသဖြင့် ရခိုင်နယ်သို့ ခရီးထွက်စရာမလိုဘဲ ပြည့်စုံမှုရှိလာခဲ့ရသည်” ဟု ရေးသားခဲ့သည်။ ရေးသားခဲ့သည့်အတိုင်းလည်း လူထုဦးလှ၏ ရခိုင်ပုံပြင်လေးတွဲလုံး၌ ဆရတော်ရေးပို့ခဲ့သော ပုံပြင်များပါဝင်ခဲ့သည်။
ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီနှင့်ပေါင်း၍ ရခိုင်ဝေါဟာရအဘိဓာန်ကို မိတ္တူပွား၍ ဖြန့်ချီခဲ့သည်။ ရခိုင်မဟာမုနိသမိုင်းကို ကျောက်တော်မြို့နယ် ပြည်သူ့ကောင်စီ၏ တောင်းပန်ချက်အရ ဦးစက္ကိန္ဒ၊ ဦးဝါသဝ၊ ဦးထွန်းရွှေ(စစ်တွေ ကောလိပ်မော်ကွန်းထိန်း)တို့ သုံးဦးပူးပေါင်း၍ ရေးသားပြုစုခဲ့ကြ လေသည်။ ဆရာတော်ရေးသားခဲ့သောစာများကို စုပေါင်း၍ “ရခိုင်ယဉ်ကျေးမှုများ” အဖြစ်စအုပ်ထုတ်ရန် ရမ္မာဝတီ ဦးပညာစာရ က အကြံကောင်းပေးပြီး ကိုယ်တိုင်စုဆောင်းစီစဉ်ကာ ဂေါယာမြေစောဝင်းနှင့်ညှိနှိုင်းပြီး “ရခိုင်ယဉ်ကျေးမှု-၂” ကို ထုတ်ဝေခဲ့ကြသည်။ ရခိုင်လှမြင့်က အကုန်အကျခံခဲ့သည်။
ဆရာတော်ရေးသားထုတ်ဝေခဲ့သော စာအုပ်များကို ထုတ်ဝေသောခုနှစ်များအလိုက် တန်းစီလိုက်လျှင် ဤသို့ရရှိပါသည်။
(၁) ရခိုင်သဘာဝတေးကဗျားများ (၁၉၆၁)
(၂) ရခိုင်လက်ရွေးစင်ပုံပြင်များ (၁၉၆၆)
(၃) ရခိုင်ပုံပြင်ဆန်းများ (၁၉၆၇)
(၄) ရခိုင်ယဉ်ကျေးမှုများ- ၁၊ မာန်အောင်ပီယနှင့်တွဲ၍) ၁၉၆၉)
(၅) ငစင်ရိုင်းချောင်းကျွန်းသမိုင်းနှင့် ထေရာမော်ကွန်း (၁၉၇၅)
(၆) ရခိုင်ပြည်ခွင် ပုံပြင်များ (၁၉၉၀)
(၇) ပြည်တွင်မကိုဋ် ဓာတ်ဦးရာဇ်သမိုင်း (၁၉၉၃)
(၈) ရခိုင်ယဉ်ကျေးမှုများ -၂ (၁၉၉၃)
(၉) ရခိုင်ပုံသေဝတ္ထုများ (ပထမတွဲ) (၁၉၉၄)
(၁၀) ရခိုင်ယဉ်ကျေးမှုများ -၃ (၁၉၉၄)
(၁၁) သလုံးတော်ဓာတ်သမိုင်းနှင့်စစ်တွေမြို့အကြောင်း (၁၉၉၄)
(၁၂) ရခိုင်ဘာသာစကားလမ်းညွှန် (၁၉၉၄)
(၁၃) ရခိုင်ယဉ်ကျေးမှု -၄ (၁၉၉၅)
(၁၄) ရခိုင်တံခွန်ပုံပြင်များ (ထွန်းရွှေခိုင်နှင့်တွဲ၍) (၁၉၉၅)
(၁၅) ရခိုင်ဝေါဟာရအဘိဓာန်ကျမ်း (ဦးဝါသဝနှင့်တွဲ၍) (၁၉၉၆)
(၁၆) ဥပမာစုံ ရခိုင်စကားပုံ (ဦးဝါသဝနှင့်တွဲ၍) (၁၉၉၆)
(၁၇) ရခိုင်ယဉ်ကျေးမှု -၅ (၁၉၉၆)
(၁၈) ရခိုင်ယဉ်ကျေးမှု - ၆ (၁၉၉၆)
(၁၉) ရခိုင်ယဉ်ကျေးမှု - ၇ (၁၉၉၆)
(၂၀) မင်းပြားတခွင် ကျိန်းတော်ရှင် (၁၉၉၇)
(၂၁) မဟာမုနိရုပ်ပွားတော်များ (၁၉၉၇)
(၂၂) ရခိုင်ပုံသေဝတ္ထု (ပ၊ ဒု - ၂ တွဲပေါင်း) (၁၉၉၈)
(၂၃) ရခိုင်သဘာဝတေးကဗျာများ (ဒု -ကြိမ်) (၁၉၉၉)
(၂၄) လိုင်ရိုးတော်ဓာတ်သမိုင်း (မင်းပြားမင်းသိန်းဇံနှင့်တွဲ၍) (၂၀၀၂)
(၂၅) ရခိုင်ယဉ်ကျေးမှု - ၈ (၂၀၀၅)
ဆရာတော်ရေးသားခဲ့သော စာအုပ်များကို ရခိုင်ရာဇဝင်နှင့် စာပေအသင်း၊ ရန်ကုန်။ ဒေါ်ရွှေအိမ်၏ တိုင်းလင်းစာပေတိုက်၊ ရန်ကုန်။ ဦးဘိုးသိန်း၊ လမ်းညွှန်စာပေတိုက်၊ ဦးလှကျော်စိန်၏ လှကျော်စိန်စာပေ၊ ရန်ကုန်။ ဦးရာဇ်တော် ဘုရားဂေါပကအဖွဲ့၊ ပုဏ္ဏားကျွန်းမြို့၊ ဦးလှမြင့်နှင့် ညီများ ရန်ကုန်၊ ရခိုင်လှမြင့်၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်တို့က ပုံနှိပ်ထုတ်ဝေပေးခဲ့ကြသည်။ စာအုပ်အများစု ကို ရခိုင်သားကြီးစာပေက ပုံနှိပ်ထုတ်ဝေပေးခဲ့သည်။
ကောက်ရိုးလမ်းသွယ် အားထားဖွယ်
ဆရာတော်သည် ရခိုင်ရာဇဝင်၊ ရခိုင်စာပေ၊ ရခိုင်ယဉ်ကျေးမှုတို့ကို ကဏ္ဍစုံသုတေသနပြု ဖော်ထုတ်ရေးသားလာခဲ့သည်မှာ အသက်(၂၀)ခန့်မှစ၍ ယနေ့ သက်တော်(၇၀)ပြည့်သည် ထိဖြစ်ပေသည်။ ဤသို့မရပ်မနား၊ မမောမပန်းအားသွန်ခွန်စိုက်ဆောင်ရွက်ကြိုးပမ်းခဲ့မှုများကို ဆရာတော်က “ကောက်ရိုးလမ်းလောက် ခင်းနိုင်ခယင့်” ဟူ၍သာ မိမိကိုယ်ကို နှိမ့်ချ၍ သုံးသပ်မိန့်ဆိုခဲ့သည်။ မိမိခင်းခဲ့သော ကောက်ရိုးလမ်းကို အသုံးပြု၍ အုတ်လမ်းခင်းနိုင်သူ၊ ကတ္တရာလမ်းခင်းနိုင်သူများပေါ်ထွန်းလာလိမ့်မည်ဟုလည်း ဆရာတော်က အနာဂတ်ကို အကောင်းမြင့်ဖြင့် မှန်းမျှော်ကြည့်ခဲ့သည်။
ဆရာတော်သည် ဘုရားသားတော်ပီပီ မင်္ဂလာတရားတော်အတိုင်း မိမိကိုယ်ကို နှိမ့်ချ၍ မိမိ၏တစ်သက်တာ ကြိုးပမ်းမှုများကို “ကောက်ရိုးနွယ်” နှင့် ခိုင်းနှိုင်းကာ မိန့်ကြားခဲ့သော်လည်း ဆရာတော်ဘုရား၏ သုတေသနပြုရေးသား ဖော်ထုတ်ချက်များကို ကျွန်ုပ်တို့ တပည့်တကာများက များစွားလေးစားတန်းဖိုးထားကြသည်။ စာပေနှင့် သမိုင်းသုတေသီများကလည်း တန်းဖိုးထားကြသည်။
ရခိုင်အမျိုးသားသမိုင်းပညာရှင် ဒေါက်တာအေးချမ်းသည် သူ၏မဟာဝိဇ္ဇာဘွဲ့ ကျမ်းယူကျမ်း (မြောက်ဦးခေတ် အစောပိုင်း ရခိုင်သမိုင်း)ကို ပြုစုစဉ်က ဆရာတော်၏အကူအညီ၊ အကြံအညာဏ်ကို ရခဲ့ဖူးသည်။ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ ဂျာက့်ပီလိုင်ဒါ (Dr. Jacques P.Leider) သည်လည်း ဆရာတော်ရေးသားခဲ့သော စာများကို “ဦးစက္ကိန္ဒစာ စာရင်း” ပြုစု၍ နိုင်ငံခြားမှ ရခိုင်သမိုင်းအကြောင်း လေ့လာရေးသားသူများအား သတင်းပေးပို့ ခဲ့လေသည်။ ဆရာတော်က မိမိ၏ အားထုတ်ချက်များကို “ကောက်ရိုးလမ်း” ဟုသာ သဘောထားသော်လည်း ဆရာတော်၏ တပည့်တကာမများနှင့် သုတေသီပညာရှင် အပေါင်းက “တန်းဖိုးမဖြတ်နိုင်သော ကောက်ရိုးလမ်း” ဟု နှလုံးပိုက် မော်ကွန်းတင်ထားကြမည် ဖြစ်ပါကြောင်း နိဂုံးချုပ် ဂုဏ်ပြုလျှောက်ထားပါသည် ဘုရား။
(မှတ်ချက်)
အသျှင်စက္ကိန္ဒ သက်တော်(၇) ပြည့် အထိးအမှတ် ဂုဏပူဇာ စာတမ်းဖတ်ပွဲမှ တင်ပြချက်၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ စန္ဒမုနိဘုကြီးကျောင်းတိုက်။
အသျှင်စက္ကိန္ဒ ထေရုပ္ပတ္တိအကျဉ်း စာကိုးစာရင်း
(၁) ရခိုင်သဘာဝတေးကဗျာများ (ဒုတိယအကြိမ်) ရခိုင်သားကြီးစာပေ၊ ၅၅(ဘီ)၊ ကျွန်းရွှေဝါလမ်း၊ ရန်ကုန်၊ ၁၉၉၉၊ ဇန်နဝါရီ
(၂) ရခိုင်ဝေါဟာရအဘိဓာန်၊ ရခိုင်သားကြီးစာပေ၊ ၅၅(ဘီ)၊ ကျွန်းရွှေဝါလမ်း၊ ရန်ကုန်၊ ၁၉၉၆
(၃) (က) ရခိုင်ပုံပြင်ဆန်းများ၊ ဒေါ်ရွှေအိမ်၊ တိုင်းလင်းစာပေတိုက်၊ ရန်ကုန်၊ ၁၉၆၇
(ခ) ရခိုင်ပုံသေဝတ္ထုများ (ပ၊ ဒု ပေါင်း) ရခိုင်သားကြီးစာပေ၊ ၅၅(ဘီ)၊ ကျွန်းရွှေဝါလမ်း၊ ရန်ကုန်၊ ၁၉၉၉
(၄) ရခိုင်သဘာဝတေးကဗျာများ (ပ ကြိမ်) ရခိုင်ရှေးဟောင်းရာဇဝင်နှင့် စာပေအဖွဲ့၊ ရန်ကုန်၊ ခင်မောင်ကတာဝန်ခံ၍ မြန်မာကြော်ငြာ ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။
(၅) ရခိုင်ယဉ်ကျေးမှုများ ၃ ၊ ရခိုင်လှမြင့်နှင့်ညီများ၊ ရခိုင်သားကြီးစာပေ၊ ခ ၅၅ (ဘီ)၊ ကျွန်းရွှေဝါလမ်း၊ ရန်ကုန်၊ ၁၉၉၄
(၆) ငစရိုင်းချောင်းကျွန်းသမိုင်းနှင့် ထေရာမော်ကွန်း၊ နယူးဘားမားပုံနှိပ်တိုက်၊ စစ်တွေ၊ ၁၉၇၅
(၇) ရခိုင်ယဉ်ကျေးမှုများ ၂ ၊ ရခိုင်လှမြင့်နှင့် ညီများ၊ ၅၅ (ဘီ)၊ ကျွန်းရွှေဝါလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ ၁၉၉၃
(၈) နတ်မြစ်မဂ္ဂဇင်း ၃ ၊ အသျှင်စက္ကိန္ဒ၏ ကောက်ရိုးလမ်း၊ မောင်ဗသိန်း၊ ရခိုင်သားကြီးစာပေ၊ ကျွန်းရွှေဝါလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်
………….
ဝန်ခံချက်။ ။ ရခိုင်ယဉ်ကျေးမှုအမှတ်(၉) မှ ကူးယူဖော်ပြအပ်ပါသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။