ဒွါရာဝတီ-အသျှင်ကုသလ (ငွေသဇင်)
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေရွာ ခမည်းတော် ဦးထွန်းမြင့် မယ်တော်ဒေါ်မြတင်တို့မှ ၁၃-၀၂-၁၉၆၁ ခုနှစ်၊ တနင်္လာနေ့၊ ည(၁၀)နာရီအချိန်တွင် ဖွားမြင်သည်။ မွေးချင်းငါးယောက်အနက် အငယ်ဆုံးဖြစ်ပြီး ငယ်နာမည်မှာ “မောင်ကျော်ရှိန်” ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ ပန်းချီးရေးဆွဲခြင်း၌ အလွန်ဝါသနာကြီးခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ ၁၉၇၆ ခုနှစ်မှစ၍ ကဗျာများကို ရေးသားစပ်ဆိုခဲ့သည်။
သံတွဲမြို့နယ်၊ ရွှေလှေရွာ၊ ဇီးကျွန်းရွာ၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့၌ လောကီနှင့် လောကုတ္တရာ စာပေများကို သင်ယူဆည်းပူးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရှင်သာမဏေဘဝဖြင့် အစိုးရပထမကြီးတန်း ကို အောင်မြင်ခဲ့သည်။ ပညာရေးကို ဓမ္မာစရိယတန်းအထိ သင်ယူဆည်းပူးခဲ့သည်။ ၂၀-၀၅-၁၉၈၂ ခုနှစ်တွင် ရဟန်းဘောင်တက်ရောက်သည်။
၁၉၈၄ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် “ရင်းမာလှိုင်းသင်း တော်သလင်း” ဆောင်းပါး၊ ၁၉၈၅-၈၆ ခုနှစ်ထုတ် စစ်တွေဒီဂရီကောလပ်မဂ္ဂဇင်းတွင် “အောင်ပွဲပန်း” ကဗျာတို့ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
သံတွဲမြို့နယ်၊ သူဌေးချောင်း၊ မန်းကျည်းချောင်ရွာ၊ “ဝိဇယရံသီကျောင်း” ၌ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ လေးနှစ်တိုင်တိုင် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း သာမဏေနှင့် ကျောင်းသားတို့အား စာပေသင်ကြားပို့ချခဲ့ပါသည်။ ၃၁-၀၅-၁၉၉၁ ခုနှစ်တွင် သံတွဲမြို့၊ “မြို့မဝေဠုဝန်ကျောင်းတိုက်”ကို စာသင်တိုက်အဖြစ် ဖွင့်လှစ်၍ စာသင်သား ရဟန်း၊ သာမဏေတို့အား သုံနှစ်တိုင်တိုင် စာပေသင်ကြားပို့ချခဲ့ပါသည်။
၁၆-၀၇-၁၉၉၄ ခုနှစ်တွင် သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ မင်းဗာကြီးလမ်း၌ “အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်” ဟူသောအမည်ဖြင့် စာသင်တိုက်တည်ထောင် ဖွင့်လှစ်၍ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်လျက်ရှိပါသည်။
၁၆-၁၂-၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သော သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ မင်းဗာကြီးလမ်းရှိ “အောင်သုခဓမ္မရိပ်သာ အောင်မြေသာစည်တရားစခန်း”၏ ဦးစီးပဓာန နာယက (အဖွဲ့ဝင်) ဆရာတော်တစ်ပါးအနေဖြင့် တာဝန်ယူကာ အားပေးချီးမြှောက်လျက် ရှိပါသည်။
ယင်းကဲ့သို့ “ပရိယတ်၊ ပဋိပတ်” စသော သာသနာ့တာဝန်များကို ထမ်းရွက်ရင်း၊ တစ်ဖက်မှလည်း ဒွါရာဝတီ-အသျှင်ကုသလ၊ ငွေသဇင်(သံတွဲ) စသောကလောင်အမည်တို့ဖြင့် တိုင်းနှင့်ပြည်နယ်ထုတ် “စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း” များတွင် ဆောင်းပါးများနှင့် ကဗျာများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိပါသည်။
ယခင်က မင်းရွှေစင်၊ အသျှင်ကုသလ (သူဌေးချောင်း)၊ မြို့ပျံနန်းမှ ရဟန်းစာဆို၊ အောင်မြေသာစည်ဆရာတော်၊ ငွေသဇင်(ဒွါရာဝတီ) စသော ကလောင်အမည်များဖြင့်လည်း ဆောင်းပါးနှင့် ကဗျာများကို ရေးသားခဲ့ပါသည်။
မြန်မာနိုင်ငံ “စာပေနှင့် စာနယ်ဇင်းအဖွဲ့” တွင် အဖွဲ့ဝင်စာရေးဆရာတစ်ဦးဖြစ်ပြီး၊ အဖွဲ့ဝင်အမှတ်မှာ “၇၆၅၄” ဖြစ်ပါသည်။
ယနေ့ထိရေးသားထုတ်ဝေပြီးသော စာအုပ်များမှာ-
၁။ သဇင်ပန်းတို့လန်းရာမြေ [၅၉/ ၂၀၀၃(၁၁)]
၂။ ရခိုင်တစ်ဆယ့်နှစ်လရာသီ
[၄၃/၂၀၀၄(၇)]
၃။ ဘဝလောကဓံလှိုင်းခတ်သံ
[၄၂၀၀၂၁၀၅၀၆]
၎။ အားသစ်နဲ့မာန်ချီ
[၄၂၀၀၇၂၀၅၁၂]
၅။ သင်္ဂါလောဝါဒဆုံမစာ
[၄၂၀၀၅၁၀၆၁၀]
၆။ လူစွမ်းလူစ
[၄၂၀၀၂၁၀၄၀၇]
၇။ ရခိုင်ဌာနီ လရာသီ
[၄၀၀၅၆၇၀၅၀၈]
၈။ ငြိမ်းအေးမှုဓမ္မရသ
[၄၂၀၀၁၈၀၄၀၉]
ဆက်လက်ထွက်ရှိလာမည်စာအုပ်များ-
ငွေသဇင်(သံတွဲ)
ရခိုင် မြို့-နန်းတည်မင်းများနှင့် ခေတ်သက်တမ်းသမိုင်း
ငွေသဇင်(သံတွဲ)
လှပရွးသီ ကဗျာ့စာပန်းချီ ကဗျာစာစု
ငွေသဇင် (သံတွဲ)
ရခိုင်ဌာနီ သာလီစွ ကဗျာစာစု
မှတ်ချက်။ ။
ဒွါရာဝတီ အသျှင်ကုသလ(ငွေသဇင်)၏ “ဟိုဘက်ခြံက အသံများ ကဗျာစာစု” စာအုပ်နှင့် ဒွါရာဝတီ အသျှင်ကုသလ ၏ “အောင်မြေသာစည် ဝတ်ရွတ်စဉ် နှင့် ၃၈ ဖြာမင်္ဂလာလေးချိုး” စာအုပ်တို့မှ ကူးယူဖော်ပြအပ်ပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။