ငါ့ရွာ
ရွာအဝင်တံခါးဝမှာ ရွာအဝင်ဆိုင်းဘုတ်ဟာ
အပြာရောင်အပြုံးတွေနဲ့
ကြိုဆိုနေတဲ့ရွာ။
ကွန်ဆာဗေးတစ်ကားကြီးပေါ်က ခုန်ဆင်းလိုက်တော့
ငါ့တို့ငယ်ငယ်ကလို
ကလေးတွေကားဆီ ဒုန်းပြေးလာကြတာ
မတွေ့ရတော့တဲ့ ငါ့ရွာ။
၁၅ နှစ်သားမှာ ရွာကထွက်ခဲ့ပြီး
၁၅ နှစ်ကြာပြီးမှ ရွာပြန်ရောက်ဖြစ်တဲ့အခါ...
ငါ့ရွာ
အိုသွားတာလား
ခုမှအပျိုဖြစ်လာတာလား
လူအမြင်ကတ်လောက်အောင် လည်လွန်းတဲ့
ကလေးပေါက်စနတစ်ယောက်လား
ခေတ်စနစ်ကြီးမှာ ယောက်ယက်ခတ်နေပြီးလား
ငါ့ရွာ။
ငါ့ရွာသားအသစ်
၁၉ နှစ်သားလူပျိုညိုထွားထွားကြီးတွေ
မြို့မှာသွားနေတဲ့ ဖြူကပ်ကပ်ထောင့်မကျိုးတဲ့ငါ့ကို
ထောင့်ကျိုးတဲ့အကြည့်နဲ့ကြည့်လို့
ငါ့ရွာပြောင်းလဲသွားတာပေါ့။
ငယ်ငယ်ကငါ့ရွာမှာ
ရုံးကန္နားကိစ္စဆို ကြက်ခြေခတ်လက်မှတ်ထိုးတဲ့
ငါ့ရွာသားတွေ
ပိုက်သာဂိုရပ်သီအိုရမ်မလိုတဲ့
သင်္ချာတွေလည်းတွက်တတ်နေလို့
ဗွီဒီယိုရုံလည်း ၃ ရုံရှိသွားပြီ။
ဟိုတုန်းက
နေညိုရင် ရိုးရိုးတန်းတန်း လေပြိုတဲ့ငါ့ရွာမှာ
နေညိုရင် ပါးစပ်ဖျားဆိုနီမိုက်ကရိုဖုန်းတေ့လို့
ကိုင်းတံနဲ့ ငါးမျှားစားခဲ့တဲ့ ငါ့ရွာမှာ
ငါးဖမ်းလှေကြီးပေါ် ဆင်းကြီး
ရေခဲရိုက်ငါးရဲ့ဗိုက်ထဲက ပိုက်ဆံတွေခွဲထုတ်လို့
ဆိုင်ကယ်စီးတတ်သွားတဲ့ရွာ။
ငါ့ရွာက ကောင်မလေးတစ်ယောက်က
“ညီမလေးကို
မော်ဒန်နဲ့ ပို့စ်မော်ဒန်က အကြောင်းရှင်းပြပါ”
ငါ့ရွာ။
လူငယ်နဲ့ လူလတ်တွေ စွန့်ခွါသွားခဲ့ကြ
သက်ကြီးရွယ်အိုတွေနဲ့
သားသမီးမျှော် အဖေအမေအိုတွေနဲ့
မျိုးဆက်ပြတ်မတတ် ခန်းခြောက်သွားတဲ့ရွာ။
လယ်စိုက်ယာစိုက် တစိုက်မတ်မတ်ခရီးရှည်မှာ
အရွယ်ညောင်းကြရင်
လောကဓံမဟုတ်တဲ့ ဘဝဒဏ်တွေနဲ့
ဒူးကိုက်ခါးကိုက်ရွာလုံးကျွတ်ဆေးကုရတဲ့ရွာ။
ရွာဦးကျောင်းမှာ မီးစက်ရှိလာပြီ
စာသင်ကျောင်းကလေးတွေသွပ်မိုးဖြစ်လာပြီ
ငါ့ရွာသားမျိုးဆက်သစ်လူငယ်များ
ဆေးကျောင်းမီပြီ၊ ကျောင်းဆရာဖြစ်ပြီ
နိုင်ငံခြားဘာသာတက္ကသိုလ်ရောက်ပြီ။
ငါ့ရွာမှာ
ရည်းစားဦးသားကလေးလည်း
ဘောလုံးကန်တတ်နေပြီပေါ့။
ရွာထိပ်ကုန်စုံဆိုင်ကြီးရဲ့ ခေါင်မိုးပေါ်က
ဝါးလုံးရှည်မတ်မတ်ကြီးရဲ့ ကြေးနန်းကြိုးမှာ
ရွာသားစစ်စစ်ကြီးတွေ တယ်လီဖုန်းပြောတတ်ကြပြီ။
ရွာကလေးရဲ့ လယ်၊ မြေ၊ ရေ
ရွာကလေးရဲ့ မိဘတွေငယ်ပေါင်းတွေနဲ့
ကွဲကွာခဲ့ ၁၅ နှစ်မှာ
ခုလိုကဗျာလေးတစ်ပုဒ်ပဲ တတ်နိုင်သေးလေတော့
ကျေမှကျေနပ်ပါ့မလား။
ငါ့ရွာ
အဖရခိုင်ပြည်ရဲ့ကျေးရွာ။ ။
......................
ကမ်းဝေး
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။