တွစ်တာအသုံးပြုသူများ အမေရိကန်လုပ် မျက်ရည်ယိုဗုံးများကို ဆန့်ကျင်


အီဂျစ်နဲ့ တူနီးရှားနိုင်ငံတို့မှ ဆန္ဒပြသူများကို အာဏာရှင် လက်ကိုင်တုတ် ရဲများက လူထုဖြိုခွဲမှု နည်းဗျူဟာ ထုံးစံအတိုင်း မျက်ရည်ယိုဗုံးများ အသုံးပြုပြီး ဖြိုခွဲနေကြ သည်။ မျက်ရည်ယိုဗုံးများနဲ့ အပစ်ခံရတဲ့အခါ ပြေးသူ
လည်း ပြေးသည်။
မပြေးဘဲ ပေခံသူများက ပစ်ခတ်ပြီး လမ်းပေါ်ကျနေတဲ့ မျက်ရည်ယိုဗုံး ကျည်ဆံဘူးခွံများကို ကောက်ယူကြည့်မိတော့ ဘူးအနောင့်မှာ ရေးထားတဲ့ တံဆိပ်ကြောင့် ဆန္ဒပြသူတွေ ကြက်သေကြက်မော အံ့အားသင့်ကုန်သည်။ ငွေရောင် အောက်ခံပေါ်မှာ အပြာရောင် စာလုံးသေးသေး ထွင်းထားတာက “Made in the U.S.A” ပါတဲ့။
သင်သာ လူထုတိုက်ပွဲဖော်ဆောင်နေသူတစ်ယောက်၊ လူ့အခွင့်အရေးအတွက် ဆန္ဒပြနေသူ တစ်ယောက်ဆိုရင် ရဲက မျက် ရည်ယိုဗုံး အသုံးပြု ပစ်ခတ်တာကို လက်ခံနိုင်ပါ့မလား။ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချန်ပီယံ အမေရိကန် ထုတ် Made in the U.S.A မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခံရရင် လူ့အခွင့်အရေးလှုပ်ရှားနေသူ သင့်အဖို့ ဘယ်လို ခံစားနိုင် ပါ့မလဲ။

ကမ္ဘာမှာ မြေမြှုပ်မိုင်းဗုံး ဆန့်ကျင်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှုများ ရှိနေပေမဲ့၊ မျက်ရည်ယိုဗုံး ဆန့်ကျင်ရေး ဆိုတာ မရှိသေး။ သို့သော် ယခု အာရပ် ကမ္ဘာရဲ့ အပြောင်း အလဲကို ထောက်ခံတဲ့ တွစ်တာသုံးသူများက တူနီရှားနဲ့ အီဂျစ်ဆန္ဒပြသူများကို နှိမ်နင်းပစ်ခတ်နေတဲ့ Made in the U.S.A မျက်ရည်ယိုဗုံးများကို ထူးထူးခြားခြား ဆန့်ကျင်လာ ကြသည်။ အမေရိကန် လက်နက်ကုမ္ပဏီများ အနေနဲ့ Made in the U.S.A မျက်ရည်ယိုဗုံး ထုတ်လုတ်တာ၊ ရက်စက်တဲ့ အာဏာရှင် နိုင်ငံတွေကို ပေးပို့တာတွေ ချက်ချင်း ရပ်ဆိုင်းဖို့ အွန်လိုင်းပေါ်တွေကနေ လှုံဆော်လာကြသည်။
တူနီရှားမှာ လူထုကို ပစ်ခတ်တဲ့ မျက်ရည်ယိုဗုံးများတွင် အတိုကောက် CSI ဟု ရေးထားသည်။ အမေရိကန် ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဂျိမ်းတောင်းစ်မြို့ အခြေစိုက် Combined Systems Inc.; လက်နက်ကုမ္ပဏီက ထုတ်လုပ်တာ ဖြစ်သည်။ CSI လက်နက်ကုမ္ပဏီ အရောင်းဝဘ်ဆိုဒ်တွင် တူနီရှား ဆန္ဒပြသူတွေကို ပစ်တဲ့ ‘၄မမ အထိကရုဏ်းနှိမ်နင်းရေး မီးခိုးလုံးထွက် လက်နက်’ အကြောင်းကို ယခုလို ရေးထားသည်။
“စတင်ပစ်ခတ်လိုက်တဲ့အခါ အလျင်အမြန် မီးလောင်ကျွမ်းပြီးနောက် မီးခိုးလုံးများနှင့် ဓါတုအမှုန်များ ကျရောက်တဲ့ အကွာအဝေး ပတ်လည်တွင် ပျံ့နှံသွားမည် ဖြစ်သည်။ အထိကရုဏ်းများ ဖြစ်နေစဉ်အတွင်း မိမိအတွက် လုံခြုံစိတ်ချရသော အကွာအဝေးမှ လှမ်းပစ်နိုင်ပြီး မိမိကို ဆန့်ကျင်နေတဲ့ အုပ်စုများကို ချက်ချင်း လူစုကွဲသွားစေမည်” ဟု ကြော်ငြာထားသည်။
ဆက်ပြီး “အန္တရာယ် သတိပေးချက်: လူတစ်ဦးဖြစ်စေ၊ အများဖြစ်စေ တိုက်ရိုက်မပစ်ပါနှင့်။ ပြင်းထန်သော ဒဏ်ရာ သို့မဟုတ် သေဆုံးမှု ဖြစ်စေနိုင်သည်” ဖော်ပြထားသည်။ သို့သော် တူနီရှား ဆန္ဒပြပွဲတွင် ဇန်န၀ါရီ ၁၇ ရက်နေ့က အသက် ၃၂ နှစ်ရှိ European Press Photo Agency ဓါတ်ပုံဆရာ Lucas Mehrouk Dolega မှာ ထို မျက်ရက်ယိုဗုံး ထိမှန်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။
နောက် တွစ်တာ အသုံးပြုသူတစ်ဦး ဖော်ပြထားတာက အီဂျစ်ဆန္ဒပြပွဲမှာ သုံးတဲ့ CSI ထုတ် မျက်ရည်ယို လက်ပစ်ဗုံး Outdoors 52 Series Large Grenade  အကြောင်းဖြစ်သည်။ ထို လက်ပစ်ဗုံးကို CSI ၀ဘ်ဆိုဒ်တွင် ယခုလို ရေးထားသည်။ “အလွန့်ကို ထုထည်ကြီးမားတဲ့ မီးခိုးလုံးကြီးများနှင့် ဓါတုအမှုန်များ ထုတ်ပေးသည်။ ကွင်းပြင်ကျယ်တွင်သာ တိတိကျကျ အသုံးပြုသင့်သည်”  ဟု ဖော်ပြထားသည်။
CSI ၀ဘ်ဆိုဒ်မှာ www.less-lethal.com ဖြစ်ပြီး လူအုပ်စု ဖြိုခွဲရေး လက်နက်ပစ္စည်းများကိုသာ အောင်မြင်စွာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီး ဖြစ်သည်။ ကုမ္ပဏီရဲ့ အဓိက ဖောက်သည်များမှာ အမေရိကန်စစ်တပ်နှင့် အစ္စရေး စစ်လက်နက် စက်ရုံများဖြစ်သည်။ ထိုဖောက်သည်များမှ တစ်ကမ္ဘာလုံးမှ အစိုးရများကို ပြန်ရောင်းချလေ့ရှိသည်။ CSI ပြောရေးဆိုခွင့် ရှိသူက မျက်ရည်ယိုဗုံးများကို အီဂျစ်နဲ့ တူနီရှားလို အစိုးရများကို တရားဝင် ရောင်းပေးခဲ့ကြောင်း ၀န်ခံခဲ့သည်။
ယခု တွစ်တာ ဖေ့စ်ဘွတ်အပါအ၀င် လူမှုကွန်ယက်များက Made in the U.S.A တံဆိပ်ပါ မျက်ရည်ယိုဗုံးများ ဆန့်ကျင်ရေး ကမ်ပိန်းဆင်နွှဲလာကြသည်။  ဒီမိုကရေစီ ချန်ပီယံ အမေရိကန် အစိုးရကိုယ်တိုင်  အာဏာရှင် ပြုတ်ကျရေး လှုပ်ရှားသူ များကို ဖိနှိပ်ဖို့ တနည်းနည်း နောက်ကွယ်က ကူညီနေသည်ဟု စွတ်စွဲလာကြသည်။
မောက္ခ နိုင်ငံတကာသတင်း။ Source: FNG & CNN
..............
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။