"ကျွန်တော်တို့ အနေနဲ့ အသင်းသစ် တစ်သင်းကို သရေကျ လိမ့်မယ်လို့ မမျှော်လင့်ခဲ့ ပါဘူး။ ပြိုင်ဘက် အသင်းက ဒီနေ့ပွဲမှာ အကောင်းဆုံး ခံကစား သွားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘက်ကလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားခဲ့ ကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒီနေ့ ကစားပုံဟာ ချန်ပီယံ လို့တောင် ပြောလို့မရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အဓိက ကတော့ ကွင်းလယ်က ဖန်တီးနိုင်မှု အားနည်းခဲ့ပြီး ဘောလုံး ထွက်မလာခဲ့လို့ တိုက်စစ်အား လုံးဝ မရှိခဲ့ တာပါ။ ကစားပုံလည်း မကောင်းဘူး။ အဆုံးသတ်လည်း ညံ့ခဲ့တယ်။ ကစားသမားသစ် အောင်မြင့်အေး ကလည်း လက်ရှိ အခြေအနေမှာ အသင်းနဲ့ အပြည့်အ၀ အံမ၀င် သေးဘူး။ နောက်ပြီး ကွင်းလယ်မှာ အောင်ကျော်မိုးလို ကစားနိုင်တဲ့ ကစားသမား တစ်ယောက် လိုအပ်နေတယ်။ အဲဒီ နေရာကို လောလောဆယ် ဂနိုးဆီးယမ်းနဲ့ စမ်းကြည့်နေတယ်။ ကိုနေး ပွဲပယ်ထားတာ ပြီးလို့ ပြန်ဝင်လာမယ် ဆိုရင် သူ့ကိုလည်း အဲဒီနေရာ သုံးလို့ ရနိုင်ပါတယ်"ဟု ဦးဇော်လေးအောင်က ဆိုခဲ့သည်။
သို့သော် ဦးဇော်လေးအောင်က အဆိုပါ ရလဒ်ကြောင့် အသင်း စိတ်ဓာတ် ပျက်ပြား သွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။ "ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ကျွန်တော်တို့ အဖွင့်ပွဲမှာ ဇေယျာရွှေမြေကို ရှုံးခဲ့တာပဲ။ တောက်လျှောက် သရေနဲ့ အရှုံး ရလဒ်တွေ ဖြစ်ပြီး ရလဒ် မကောင်း ခဲ့တာကြောင့် ထိပ်ဆုံးက အသင်းနဲ့ ၅ မှတ် လောက်တောင် ပြတ်သွား ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေ ပြန်ပြီး ကောင်းလာလို့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ အသင်းဟာ ဘယ်တော့မှ စိတ်ဓာတ်ကျတယ် ဆိုတာ မရှိပါဘူး။ အခု တစ်ပွဲ မနိုင်လည်း နောက်တစ်ပွဲ နိုင်မှာပါပဲ။ အသင်းသားတွေ စိတ်ဓာတ်ကို အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်ပေး ထားပါတယ်"ဟု ဦးဇော်လေးအောင်က ပြောကြားခဲ့သည်။
လာမည့် သီတင်းပတ်တွင် ကစားမည့် ရန်ကုန် ယူနိုက်တက်နှင့် ပွဲစဉ် အပေါ်တွင်လည်း ဦးဇော်လေးအောင်က "ဘောလုံးမှာ ဘာမှ ပြောလို့မရ ပါဘူး။ ဒီနေ့ပွဲ ဆိုရင်လည်း ရတနာပုံ နိုင်မယ်လို့ အားလုံးက ခန့်မှန်းထား ကြတယ်။ ဒါပေမယ့် သရေကျတယ်။ ဒီလိုပဲ ရန်ကုန်နဲ့ ပွဲမှာ ဘယ်လို ဖြစ်မယ် ဆိုတာ ကြိုပြောဖို့ ခက်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် ကစားမယ်။ အသင်းကိုလည်း ထပ်ပြီး ပြင်ဆင်ရမယ်။ ပြီးတော့ ဒီနေ့ ကစားတဲ့ အသင်းက အသင်းသစ် ဖြစ်နေတော့ နည်းပြတွေ ဘယ်လိုပဲ ဖိအား ပေးပေး ကစားသမားတွေ စိတ်ထဲမှာ အထင်သေး နေကြနိုင်တယ်။ ရန်ကုန်နဲ့ ပွဲမှာတော့ အဲဒီလို မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ မနိုင် နိုင်အောင် ကစားမှာပါ"ဟု ပြောကြား သွားခဲ့သည်။
..............
Ref: Soccer Myanmar
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။