ယာယီ နိုင်ငံကူးလက်မှတ်ထုတ် ရုံးများ ထိုင်းက တိုးဖွင့်မည်

ဘန်ကောက် (မဇ္ဈိမ)။        ။ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပြုလုပ်ပေးနေသော ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးများကို ထိုင်းနယ်မြေအတွင်း ပိုမိုတိုးချဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားသော နေးရှင်းချန်နယ် သတင်းဝဘ်ဆိုဒ်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းအလုပ်သမားဝန်ကြီး ချလန်ချိုင်း စီရီအွန် Chalermchai Sri-on နှင့် မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံမှုအပြီး ပေါ်ထွက်လာသော ရလဒ်လည်း ဖြစ်သည်။

“မူလရှိနှင့်ပြီးသားဖြစ်တဲ့ ရနောင်းမြို့က ရုံးအပြင် မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ကပ်ရပ်၊  ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့မှာပါ လာရောက် ဖွင့်လှစ်ပေးသွားမယ်” ဟု ဝန်ကြီး ခွန်ချလန်ချိုင်း စီရီအွန် ပြောစကားကို ကိုးကားပြီး ဘန်ကောက်အခြေစိုက် နေးရှင်းချန်နယ် သတင်းစာက ရေးသားထားသည်။

ထို့ပြင် ယခုထိ ပြန်ဖွင့်နိုင်ခြင်း မရှိသေးသော မြဝတီမြို့ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအစား ထိုင်းနိုင်ငံ နခွန်ဆဝမ်ခရိုင်တွင် ရုံးတခု လာဖွင့်ပေးမှာဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီကိစ္စ အစောကြီးကတည်းက ဖြစ်ဖို့၊ ကျနော်တို့ တောင်းဆိုနေခဲ့တာပါ။ အခုလို ဖြစ်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းစဉ်မှာ ပွဲစားကုမ္ပဏီတွေက အလုပ်သမားတွေဆီက ငွေကောက်ခံတာကို အသင့်တော်ဆုံး ဖြစ်အောင် နှစ်နိုင်ငံ အစိုးရတွေက ပူးပေါင်းပြီး လုပ်ဆောင်စေလိုပါတယ်။ အခုဟာက များလွန်းတယ်။ အထူးသဖြင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထဲထဲဝင်ဝင် ကြီးကြပ်ပေးနိုင်ရင် ပိုကောင်းမှာပါ” ဟု မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အလုပ်သမား သမဂ္ဂ တာဝန်ခံ ဦးမိုးဆွေက မဇ္ဈိမကို ပြောဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး အစီအစဉ်အရ အလုပ်သမားများ လုပ်ဆောင်ရာတွင် အမှန်တကယ် ကျသင့်သည်တို့မှာ မြန်မာနိုင်ငံကူးလက်မှတ်နှင့် အလုပ်သမားကဒ်အတွက် ဘတ်ငွေ ၂ဝဝ၊ ထိုင်းဗီဇာကြေး ၁၉ဝဝ ဘတ် တရားဝင် ကုန်ကျမည်။

သို့သော် ထိုင်းနိုင်ငံဘက်ခြမ်း ဝန်ဆောင်ခ၊ မြန်မာဘက်ကမ်း ဝန်ဆောင်ခနှင့် အသွားအပြန် ခရီးစရိတ်တို့ကိုပါ ပွဲစား ကုမ္ပဏီများက ဆင့်ကဲဆင့်ကဲ ထည့်တွက်ကောက်ခံနေသဖြင့် အလုပ်သမားတဦးလျှင် အနည်းဆုံး ဘတ် ၅၅ဝဝ ခန့် ကုန်ကျနေရသည်။ အချို့အလုပ်သမားများဆိုလျှင် ဘတ်ငွေ တသောင်းနီးပါး ကုန်ကျမှုများပင် ရှိသည်။

ထိုင်းအလုပ်သမားဝန်ကြီးသည် ယခုလ ၂၂ ရက်နေ့မှစ၍ သုံးရက်ကြာ မြန်မာပြည်ကို လည်ပတ်ခဲ့ပြီး မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

“မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကိစ္စ္စ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လုံခြုံမှုရှိကာ ဖိနှိပ်မှု ခေါင်းပုံဖြတ်မှုများ ကင်းရှင်းပြီး လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုရှိရေးတို့အပြင် အလုပ်သမားသစ် ခေါ်ယူရေး ကိစ္စ္စများ” ဆွေးနွေးခဲ့သည်ဟု အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက်ကို မြန်မာဘက်က သိလိုနေသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန သတင်းရပ်ကွက်တခုက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် IOM ခေါ် ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံတကာ အဖွဲ့ကြီး၏ ကြေညာချက်အရ  ထိုင်းရှိတရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၈ သိန်းကျော်အနက်မှ စက်တင်ဘာ ၃ဝ ရက်နေ့အထိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၈,၃၂၃ ဦးသာ ရှိသေးသည်ဟု ဆိုသည်။

အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့များ၏ ခန့်မှန်းချက်အရ  မြန်မာရွှေ့ပြောင်းလုပ်သား  ၂ သန်းခန့် လုပ်ကိုင်နေသည်ဟု ဆိုသည်။

နှစ်နိုင်ငံအစိုးရများမှ မြန်မာနိုင်ငံသားများကို နိုင်ငံသားစိစစ်ရေး ပြုလုပ်ပြီး ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုမည့် အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးသတ်ရန် ရည်မှန်းထားကြသည်ဟု IOM က ဆိုသည်။

..............
Sources: Mizzima
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။