ထိုသုံးမျိုးမှာ အခြားမဟုတ်။ (၁) မျိုးရိုးဗီဇ၊ (၂) သင်ကြားပြသမှု၊ (၃) ပတ်ဝန်းကျင် ဖြစ်ပေသည်။ ထိုသုံးမျိုးအနက် တစ်မျိုးလျှင် ၃၃ ဒသမ ၃ ရာခိုင်နှုန်းတိတိ အားပေးခြင်း မပြုသော်လည်း၊ ထိုသုံးမျိုးသော အကြောင်း ကြီးများ စုပေါင်း၍ လူတစ်ဦးတစ်ယောက်၏ အကျင့်စာရိတ္တကို ဖန်တီးပေး သည်ဟူသော အချက်ကို စိတ်ပညာပါရဂူများနှင့် မနုဿဗေဒ ပါရဂူတို့က သဘောတူညီကြ၏။ ထို့ကြောင့် ဤယူဆချက် ကို မှန်ကန်သည်ဟူ၍ လက်ခံကြရပေမည်။
ကျွန်ုပ်တို့၏ အကျင့်စာရိတ္တကို ဖန်တီးပေးရာတွင် မျိုးရိုးဗီဇလည်း အကြောင်းရင်း တစ်ရပ်ဖြစ်ရာ ထိုအကြောင်းကို ပြုပြင်၍ မရကောင်းဟူ၍ တစ်ထစ်ချ မှတ်ယူနိုင်ပေသည်။ မည်သူမဆို သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်က မပြုပြင်လျှင် မိဘမျိုးရိုး၏ အလေ့အကျင့် စာရိတ္တတို့သည် ထက်ကြပ်မကွာ ပါ၍လာတတ်၏။
ထို့ကြောင့် မျိုးရိုးဗီဇနှင့် ပတ်သက်၍ မည်သို့မျှ ပြုပြင်ဖန်တီး၍ မရနိုင်ပေ။ စိတ်သဘောထား ခက်ထန် ကြမ်းကြုတ်သော သူ၏ သားကို သင်ကြားခြင်းမရှိ၊ ပတ်ဝန်းကျင် ပြုပြင်ခြင်းမရှိဘဲ လွှတ်ထားလျှင် စိတ်သဘောထား ခက်ထန်ကြမ်းကြုတ်မည်သာ ဖြစ်၏။ ထိုနည်းအတူပင် စိတ်သဘောထား နူးညံ့သိမ်မွေ့သော သူ၏ သားကို သင်ကြားခြင်းမရှိ ပတ်ဝန်းကျင်ပြုပြင်ခြင်းမရှိဘဲ လွှတ်ထားလျှင်လည်း စိတ်သဘောထား နူးညံ့သိမ်မွေ့မည်ပင် ဖြစ်ပေသည်။ သင်ကြားခြင်း ဆိုရာတွင် အကောင်းသင်ကြားခြင်း၊ အဆိုးသင်ကြားခြင်းဟူ၍ နှစ်မျိုးရှိသည်ကို သတိပြုရ ပေမည်။
မျိုးရိုးဗီဇကို ပြုပြင်၍ မရကောင်းသဖြင့် အခြား အကြောင်းကြီး နှစ်ကြောင်းဖြစ်သော သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်တို့ကိုသာ အဓိကထား၍ ဆောင်ရွက်လျှင် မည်သို့ပင် မျိုးရိုးဗီဇညံ့စေကာမူ အကျင့်စာရိတ္တကို ကောင်းမွန်အောင် ဖန်တီးပေးနိုင်မည်။ ထို့ကြောင့် စာရိတ္တမဏ္ဍိုင် တည်ဆောက်ရေးအတွက် စာသင်ကျောင်းသည် အလွန်အရေးပါသော ဌာနကြီး ဖြစ်ပေသည်။
တဖန် စိတ်ပညာပါရဂူတို့၏ အယူအဆမှာ ငယ်ရွယ်သူကို အသက်ကြီးသူတို့ထက် ပိုမိုလွယ်ကူစွာ ပြုပြင်နိုင်သည်ဟု ဆိုလေသည်။ အသက်ကြီးသူတို့မှာ အရိုးရင့်နေပြီဖြစ်၍ လိုရာကို ဆွဲ၍မရနိုင်ပေ။ ငယ်ရွယ်သူတို့မှာမူကား စွဲလန်းခြင်း နည်းပါးသေးသဖြင့် ရွှံ့ကဲ့သို့ လိုရာကို ဖန်တီးနိုင်သည်ဟု ယူဆကြသည်။
စိတ်ပညာ ပါရဂူအများ၏ ယူဆချက်မှာ ကလေးတစ်ယောက်ကို မွေးစမှ ၇ နှစ်သားအထိ ကိုယ်လိုရာဆွဲ၍ ဖန်တီးနိုင်မည်ဟု ယုံကြည်ကြလေသည်။ အချို့ကမူ မွေးစမှ ၁၁ နှစ်သားအထိ ဖန်တီးပြုပြင်ရန် လွယ်ကူသေးသည်ဟု အဆိုရှိကြသည်။
မည်သို့ပင်ဖြစ်စေ မူလတန်းကျောင်းသား အရွယ်သည် စာရိတ္တပြုပြင်ရန် အလွယ်ဆုံးသော အရွယ်ဖြစ်ကြောင်းမှာ သေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံတွင် ဘ၀သစ် ထူထောင်ရေးအတွက် စာရိတ္တမဏ္ဍိုင် တည်ဆောက်ရာတွင် မိဘနှင့် မူလတန်း ကျောင်းဆရာ ဆရာမများသည် အရေးပါဆုံးသော ဗိသုကာကြီးများ ဖြစ်ကြသည်မှာ ထင်ရှားလှ၏။
စာရိတ္တမဏ္ဍိုင် တည်ဆောက်ရာတွင် ပညာသင်ကြားခြင်းကဲ့သို့ပင် လက်တွေ့နိဿယသည် စာတွေ့နည်းထက် ပိုမို၍ ထိရောက်၏။ ပတ်ဝန်းကျင်နှင့် သင်ကြားမှုကို လိမ်မာစွာ ပေါင်းစပ်နိုင်ပါမူ နောင်တစ်ခေတ်တွင် ခေါင်းဆောင် ဖြစ်လာမည့် ကလေးသူငယ်များ၏ စာရိတ္တဗလကို ဖန်တီးရာမှာ ပြတ်သားသော ရည်ရွယ်ချက်ရှိရန် လိုပေသည်။
မိဘနှင့် ဆရာများသည် သားသမီးတပည့်တပန်းများကို လူတော်လူကောင်းကလေးများ ဖြစ်စေလိုကြ၏။ သို့ရာတွင် မည်သည့်နည်းနှင့် လူတော်လူကောင်းများ ဖန်တီးရန်မှာ ကောင်းစွာ မသဲကွဲကြချေ။ စာဂဗလနှင့် ပတ်သက်၍ အထူးလိုအပ်သော အရည်အချင်းမှာ (ရိုးသားဖြောင့်မတ်မှု) ဖြစ်၏။ သို့ရာတွင် ရိုးသား ဖြောင့်မတ်မှုမှာလည်း သင်ကြားပြသမှု၊ ပတ်ဝန်းကျင် စသော အကြောင်းကြီးများအပြင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသော အကြောင်းကြီးများပေါ်တွင်လည်း အနည်းနှင့်အများ ဆိုသလို တည်ရှိပေသည်။
ဤဆောင်းပါးတွင် စာသင်ကျောင်းနှင့် စာရိတ္တမဏ္ဍိုင်ဟူ၍ ခေါင်းစဉ်တပ်ထားသဖြင့် သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ကိုသာ အဓိကဆွေးနွေး ရေးသားလိုပေသည်။
စာရိတ္တမဏ္ဍိုင်နှင့်ပတ်သက်၍ စံနမူနာ ယူနိုင်လောက်သော ဆရာသည် အရေးအကြီးဆုံးဖြစ်၏။ ရိုးသား ဖြောင့်မတ်မှုကို စာတွေ့သင်ကြားခြင်းထက် ငါတွေ့ဖြင့် သင်ကြားခြင်းက များစွာပိုမို ထိရောက်၏။
ဆရာသည် မိမိကိုယ်တိုင် ရိုးသား ဖြောင့်မတ်ရုံသာမက မိမိရိုးသားဖြောင့်မတ်ကြောင်းကိုလည်း တပည့်များအား နည်းအမျိုးမျိုးဖြင့် အသိပေးရမည်။ ရိုးသားဖြောင့်မတ်၍ ရရှိသော အကျိုးကျေးဇူးများကိုလည်း အခါအခွင့်သင့်တိုင်း ပြောပြရမည်။ ပုံဝတ္ထုကလေးများကို ပါးနပ်စွာ နားထောင်ကောင်းအောင် ပြောပြနိုင်လျှင် များစွာ ခရီးရောက်နိုင်ပေသည်။ ဥပမာ၊ ‘ပုဆိန်နှင့် ရေနတ်သား’ ၀တ္တုမျိုးသည် ကလေးသူငယ်များ၏ စိတ်တွင် အလွန်မြဲစေနိုင်၏။
ဘာသာရေး သင်ခန်းစာများသည်လည်း စာရိတ္တမဏ္ဍိုင် တည်ဆောက်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်၏။ စာသင်ကျောင်းသူများအတွက် ဘာသာရေး သင်ခန်းစာကို မသင်မနေရ ပညာရပ်တစ်ရပ် ပြုပြင်လုပ်ပေးရန် ယခုစာရေးသူမှာ နှစ်ပေါင်း ၂၀ကျော် တိုက်တွန်းခဲ့သူ ဖြစ်လေသည်။
ဘာသာရေးကို စွဲစွဲမြဲမြဲ စိတ်ပါလက်ပါ ကိုင်းရှိုင်းသူသည် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်သောသူသာလျှင် ဖြစ်ရမည်။ ဘာသာရေး ကိုင်းရှိုင်းမှု ခေါင်းပါးသူသည် တစ်နည်းအားဖြင့် စာရိတ္တမဏ္ဍိုင်ခေါင်းပါးသူ ဖြစ်ရပေမည်။ ဘာသာရေးသည် စာရိတ္တမဏ္ဍိုင် ခိုင်မြဲရေးအတွက် အလွန်အရေးပါသော အထိန်းကြီး ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များအတွက် သင်ကြားပို့ချလျက်ရှိသော ဗုဒ္ဓဘာသာ သင်ခန်းစာများသည် အထူးကောင်းမွန်၍ အဆင့်ခွဲခြားရာမှာ သင့်လျော်သော်လည်း ကလေးသူငယ်များစိတ်တွင် စွဲလာအောင် ဖန်တီးရန် မလွယ်ကူဟု ယူဆပေသည်။ နိပါတ်တော်လာ ၀တ္တုများကို ကလေးများအတွက် ပြန်လည် ရေးသား၍ သင်ကြားပါက များစွာ ထိရောက်ပေမည်။ ဤအချက်အတွက် ဆရာသည် အရေးကြီးဆုံး ဖြစ်ပေသည်။ ဘာကို ရည်ရွယ်ပြီး သင်ကြားရမည်ကို မသိသော ဆရာသည် ဘာသာ သင်ခန်းစာကို သင်ကြားခြင်းငှာ မထိုက်ပေ။
ရိုးသားသည့်အတွက် ချီးမြှင့်ခြင်း၊ မရိုးသားသည့်အတွက် ဒဏ်ပေးခြင်းသည်လည်း စာရိတ္တမဏ္ဍိုင်အတွက် နည်းကောင်း တစ်ခု ဖြစ်၏။ ဥပမာ၊ ကျောင်းသားကလေး တစ်ယောက်သည် လမ်းတွင် ကောက်ရသော ခဲတံကို ဆရာအား လာပေး၏။ အတန်းထဲတွင် ဖြစ်စေ၊ ကျောင်းသားများ စုရုံးသော ခန်းမကြီးထဲဖြစ်စေ၊ ကောက်ရ၍ ပြန်ပေးသော ကျောင်းသား၏ ဂုဏ်ကို ချီးကျူးပေးရမည်။
ထိုနည်းအတူပင် မရိုးသားမှုကိုလည်း ဒဏ်ပေးရမည်။ ဥပမာ၊ အတန်းထဲတွင် စာအုပ်ပျောက်ဆုံး၍ ရှာရာ ကျောင်းသားတစ်ဦးက ခိုးယူထားကြောင်း သိရ၏၊ ထိုသို့ ခိုးယူသော ကျောင်းသားကလေးကိုလည်း ပထမအကြိမ်တွင် ဆရာက ဆုံးမပြီးနောက် ဆက်လက်၍ ခိုးမှုကျုးလွန်လျှင် ကျောင်းသား အများ၏ ရှေ့တွင် ပြစ်တင်မောင်းမဲရမည်။ ရိုက်နှက်၍ ဆုံးမခြင်းမျိုးကို မလိုလားအပ်ပေ။ စာသင်ကျောင်းများတွင် ရိုက်နှက်၍ ဆုံးမသောစနစ်သည် မည်မျှ ဆိုးရွားကြောင်းကို ပညာရေးပါရဂူတို့ ရေးကြပြောကြသည်။ ယခု ဆောင်းပါးတွင် ကျယ်မည်စိုး၍ ချဲ့ထွင်ရေးသားခြင်း မပြုလို။
ပြည်သူ့နီတိခေါ် ပြည်သူ့လမ်းညွန်ပညာကို ထိရောက်စွာ သင်ကြားပေးရမည်။ ဤကား ယခုခေတ်အတွက် အလွန် လိုအပ်သော စာရိတ္တမဏ္ဍိုင် တည်ဆောက်ခြင်းပေတည်း။
လူတို့၏ စိတ်တွင် မိမိ၏ ပစ္စည်းကိုသာလျှင် နှမြောစုံမက်တတ်ကြသည်။ အခြားသူများ၏ ပစ္စည်းကို နှမြောရမှန်း မသိကြပေ။ ဥပမာ၊ ကျောင်းသားတို့ ဘာဝ လမ်းမီးတိုင်ကို သားရေခွဖြင့် ပစ်၍ ဓာတ်မီးကွဲသွားလျှင် ဆရာသည် စာရိတ္တမဏ္ဍိုင်အတွက် ကောင်းမွန်သော သင်ခန်းစာကြီး ပို့ချရန် အခွင့်ကောင်းရခြင်းပင်တည်း။
ထိုကျောင်းသားက ခွဲလိုက်သော ဓာတ်မီးသည် ထိုကျောင်းသား အပါအ၀င် အားလုံး၏ ပစ္စည်းဖြစ်ကြောင်းကို ရှင်းလင်း ပြောပြရမည်။ ထိုဓာတ်မီးကွဲခြင်းသည် ခွဲလိုက်သော ကျောင်းသား မိဘ၏ ပစ္စည်းတစ်ခု ပျက်စီးသွားခြင်းဖြစ်ကြောင်း သဘောပေါက်အောင် ပြောပြရမည်။ ထိုနည်းအတူပင် အစိုးရပစ္စည်း ပြည်သူ့ပစ္စည်းစသည့် စကားတို့၏ အဓိပ္ပါယ်ကို ရှင်းလင်းနိုင်ရမည်။
အထက်ပါ အချက်များကားး စာရိတ္တမဏ္ဍိုင် တည်ဆောက်ရေးအတွက် စာသင်ကျောင်းများက မည်ကဲ့သို့ကူညီနိုင်သည်ကို အကျဉ်းခြုံး၍ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ အမှန်စင်စစ်မှာ စာရိတ္တမဏ္ဍိုင်သာမက အခြားမဏ္ဍိုင်လေးရပ် တည်ဆောက် ရေးအတွက်လည်း စာသင်ကျောင်းများသည် အရေးအပါဆုံးသော ဌာနကြီးများ ဖြစ်ကြလေသည်။
ထိုကြောင့် တိုင်းပြည်ပြု ဗိသုကာများအနက် ဆရာ ဆရာမများသည် ရှေ့တန်းမှ ဆောင်ရွက်လျက်ရှိရာ ဤဆောင်းပါးကို ၄င်းဗိသုကာများအတွက် ရည်ရွယ်၍ ရေးသားရခြင်း ဖြစ်ပါသတည်း။
ဦးသန့်
(စစစ စာစောင်၊ တွဲ ၁ မှတ် ၄။ ဧပြီ ၁၉၅၄)
.........
Sources: မောက္ခ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။