သန္တာမြေ  ကျောက်ဖြူမြို့
စိမ်းညို့အုန်းပင်။
သောင်ကမ်းခြေ  လှိုင်းကပုတ်
နှုတ်ဆက်အသွင်။
“ငလပွေ့” ဆိပ်ကမ်းတွင်
ရေဘောင်ဘင်  လှုပ်ခတ်။
စိမ်းလဲ့ ရေကြည်ပြာနှင့်
အလှမှာ  တမူဆန်း
လွမ်းတလှပ်လှပ်။
 ကျောက်ဖြူမြို့ အံ့ဖွယ်သာမော ကံ့ကော်တောဘုရား
“ကျောက်တလုံး”  မြတ်ဘုရား
ထူးခြားတဲ့လက်ရာ။
ဘုံပြသာဒ် လှိုဏ်ဂူဝနှင့်
လှပဝေဆာ။
ဆင်းတုများ ပြည့်စုံစွာ
ထုလုပ်ကာတည်ထား။
ပန်း၊ ဘီးလူး၊ နတ်ရုပ်တွေနှင့်
ရှေးအမွေ လက်ရာမြောက်
အံ့လောက်တကား။
“ကံ့ကော်တော” မြေစခန်း
ဂုဏ်လွှမ်းလို့ ထင်ပေါ်။
ပေါ်တော်မူ ခေါ်သမုတ်
ရုပ်တုမို့ကျော်။
“ပိန်းဟင်း”က ထူးသနော်
ပွဲတော်မှာ စည်ကား။
အံ့သြစရာ ဤမြေနန်းက
ဆန်းလှတကား။
ကျောက်တလုံးဘုရား 
လျောင်းတော်မူ  ရုပ်ပွားနှင့်
ထူးခြားတဲ့ “စေတီတောင်”။
ပတ်ဝန်းကျင် အသွင်ဆန်း
လွမ်းလောက် သယောင်။
သန္တာမြေရဲ့ လှဂုဏ်ဆောင်
ထွန်းပြောင်တဲ့ ဘုရား။
ဖူးမြော်သူ ကြည်နူးလို့
ထူးလှတကား။
သာသနာ ဘာသာရေး
အားပေးတဲ့သန္တာမြေ
အနုပညာ ထုံးဓလေ့နှင့်
ပျော်မွေ့လှပေ။
ယည်ကျေးမှု  ရှေးအမွေ
စာပေနှင့် ပွင့်လန်း။
ဥတုရာသီ မျှတတဲ့
ရှုမဝကမ်း။
တစ်ထောင်၊ တစ်ရာ၊ ကိုယ့်ဆယ့်တစ်
ကောဇာခုနှစ်မှာ။
ကျောက်ဖြူမြို့  ဂုဏ်ရည်မြောက်
တည်ဆောက်ခဲ့တာ။
မြို့တည်လစ်  နှစ်တစ်ရာမှာ
ရှစ်ဆယ်ဖြာလို့  ပွင့်လန်း။
အလင်္ကာ ကဗျာစုနှင့်
ဂုဏ်ပြုဖော်ညွှန်း။
……..
ငွေသဇင် (သံတွဲ)


0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။