လက်ရှိ ချန်ပီယံ ရတနာပုံကို သရေဖြင့် ပွဲဦးထွက်သည့် အသင်းသစ် ရက္ခပူရ


 ရက္ခပူရယူနိုက်တက်အသင်းတံဆိပ်နှင့် ၄င်းတို့၏ပရိသတ်များ

ယနေ့ ညနေပိုင်းက သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင် အသင်းသစ် ရက္ခပူရနှင့် လက်ရှိ ချန်ပီယံ ရတနာပုံ အသင်းတို့ တစ်ဖက် တစ်ဂိုးစီ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။

နိုင်ငံခြားသား နည်းပြ မင်ကော့ဗ်စကီး ကိုင်တွယ်သည့် ရက္ခပူရ အသင်းသည် မာတင်၊ စတန်လေ အစရှိသည့် နိုင်ငံခြားသား ကစားသမား များနှင့် အတူ ပြည်တွင်း လူငယ် ကစားသမား လေးများဖြင့် ပွဲထွက် လာခဲ့သည်။ ရတနာပုံ အသင်းတွင်မူ ပွဲပယ် ခံထားရသည့် ကစားသမား များ မပါဝင် ခဲ့ဘဲ တိုက်စစ်တွင် အဆာလေနှင့် သက်နိုင်အား တွဲကစား စေခဲ့သည်။

ပွဲအစတွင် အသင်းသစ် ရက္ခပူရ အနေဖြင့် လက်ရှိ ချန်ပီယံ ရတနာပုံ အသင်းအား ခံကစားခဲ့ပြီး ရတနာပုံ အသင်းမှာမူ ပွဲအား ထိန်းကစား နေခဲ့သည်။ ပွဲချိန် ကြာလာသည်နှင့် အမျှ ရတနာပုံ အသင်းက ပိုမို အသာရ လာခဲ့သည်။ ၁၃မိနစ်တွင် ရတနာပုံ တိုက်စစ်မှူး အဆာလေအား ရက္ခပူရ နောက်ခံလူ မာတင် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့၍ အ၀ါကဒ်ပြ သတိပေး ခံခဲ့ရသည်။ ပွဲချိန် ၂၁မိနစ်တွင် ညာခြမ်းမှ အောင်မြင့်အေး ဖြတ်တင် ပေးရာမှ ဧရိယာ အတွင်း အဆာလေ ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ခေါင်းတိုက်ချက် ပျော့ခဲ့သည်။ ၂၃မိနစ်တွင် ဧရိယာ အပြင် အစပ်မှ ခင်မောင်ထွန်း ဖရီးကစ် ကန်ချက် သေသပ် ကောင်းမွန် သော်လည်း ဂိုးဘား ကပ်ကျော်ခဲ့သည်။

ရက္ခပူရ အသင်းသည် ကွင်းလယ် အချိတ်အဆက် မိမိဖြင့် ရတနာပုံ အသင်းဘက်သို့ ထိုးဖောက်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ သော်လည်း ရတနာပုံ ခံစစ်ကြောင်းက အကောင်းဆုံး ခုခံတားဆီး နေခဲ့၍ အခွင့်အရေး မရ ဖြစ်နေခဲ့သည်။ ၂၈မိနစ်တွင် ညာခြမ်းမှ ရဲကိုဦး ဖြတ်တင် ပေးရာမှ အောင်မြင်အေး ခေါင်းတိုက် ခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။

၃၃မိနစ်တွင် ဘယ်ခြမ်းမှ စတန်လေ တစ်ကိုယ်တော် ထိုးဖောက် ရာမှတဆင့် ဂိုးရလု နီးနီး ဖြစ်ခဲ့သော်လည်း နောက်ခံလူများ အချိန်မီ တားဆီး နိုင်ခဲ့သည်။ ထို့နောက် ရက္ခပူရ အသင်းက ဆက်တိုက် ဖိကစား ခဲ့ပြီး ညာခြမ်းတွင် ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား အသင်းခေါင်းဆောင် အောင်ဇော်မျိုး ကန်တင် ပေးခဲ့ရာ ဧရိယာ အတွင်းရှိ ကျော်ဝေယံက ခေါင်းရှပ်တိုက် ခဲ့ကာ အဖွင့်ဂိုး ရယူပေးခဲ့သည်။ (မှတ်ချက်။ ။ ရတနာပုံ နောက်ခံလူ တစ်ဦး ကိုယ့်ဂိုးကိုယ်သွင်း သည်ဟုလည်း သိရသည်။ အတည်ပြုချက်ကို ပြင်ဆင် ဖြည့်စွက်ပေးပါမည်)

အဖွင့်ဂိုး ရသွားပြီးနောက် ရက္ခပူရ အသင်းသည် စိတ်ဓာတ် တက်သွားခဲ့ပြီး ဆက်လက် ဖိကစား ခဲ့ကာ ၃၉မိနစ်တွင် ဘယ်ခြမ်းမှ ဖြတ်တင် ပေးပို့ရာမှ ကျော်ဝေယံ အပြင်း ခေါင်းတိုက် ခဲ့သော်လည်း ဂိုးဘား ကျော်သွားခဲ့၍ နစ်နာ ခဲ့ရသည်။ ၄၂မိနစ်တွင် ကွင်းလယ်မှ တင်ပေးသည့် ဘောလုံးအား ရတနာပုံ အသင်းခေါင်းဆောင် ခင်မောင်ထွန်း ပိတ်သွင်းရန် ကြိုးပမ်းမှု ဂိုးပေါက် လွဲခဲ့သည်။


ရက္ခပူရ အသင်း အဖွင့်ဂိုး စတင် ရရှိခဲ့စဉ်

ဒုတိယပိုင်း အစတွင် ရတနာပုံ အသင်းက အောင်ချမ်းမိုး နေရာ ချစ်စမ်းမောင် ၀င်ရောက် ကစားခဲ့သည်။ ဒုတိယပိုင်းတွင် ရက္ခပူရ အသင်းက တိုက်စစ်ဖြင့် ဆက်လက် ကစားခဲ့ကာ ရတနာပုံ အသင်းကလည်း ကစားကွက် ထိန်းကစားရင်း ချေပဂိုး ရရေး ကြိုးပမ်းခဲ့သည်။ ၅၂မိနစ်တွင် ရတနာပုံ ကွင်းလယ် ကစားသမား ကန်ချက် ဘားထိ ထွက်ခဲ့၍ ရတနာပုံ အသင်း ချေပဂိုး မရဘဲ ဖြစ်ခဲ့သည်။ ၅၃မိနစ်တွင် ဧရိယာ အတွင်း အဆာလေ နောက်ပြန် ကန်ချက် ရက္ခပူရ နောက်ခံလူ လက်နှင့် ထိခဲ့သော်လည်း ဒိုင်ဖြစ်သူက ပင်နယ်တီ သတ်မှတ်ပေး ခဲ့ခြင်း မရှိခဲ့ပေ။

ထို့နောက်တွင် ရတနာပုံ အသင်းက ကွင်းလယ် အသာစီး ရယူကာ ဖိကစားခဲ့ သော်လည်း ရက္ခပူရ အသင်းကလည်း အကောင်းဆုံး ကာကွယ် တားဆီး နေနိုင်ခဲ့သည်။ မိနစ် ၆၀တွင် ဂနိုးဆီးယမ်း အဝေးမှ ကန်ချက်ပြင်းပြင်းဖြင့် ဂိုးရရှိရေး ကြိုးပမ်း ခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲခဲ့သည်။ ၆၅မိနစ်တွင် ရက္ခပူရ ကစားသမား သက်နိုင်စိုး အဝေးမှ အမှတ်မထင် လှမ်းကန်ချက် ယဉ်မင်းအောင် နှစ်ဆင့်ဖမ်း ခဲ့ရပြီး ၆၆မိနစ်တွင် သက်နိုင်က တန်ပြန် တိုက်စစ်မှ တဆင့် လှမ်းကန်ခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။

၆၇မိနစ်တွင် ရဲဇော်ထက်အောင် နေရာ ပိုင်စိုး ၀င်ရောက် ကစားခဲ့ပြီး ခင်မောင်ထွန်း ပြစ်ဒဏ်ဘော ကန်ချက် ဂိုးသမား အောင်နိုင်စိုး ရင်ခွင်ပိုက် ဖမ်းနိုင်ခဲ့သည်။ ထို့နောက်တွင် ရတနာပုံ အသင်းက ဆက်တိုက် ဖိကစားခဲ့ပြီး ရက္ခပူရ အသင်းကလည်း တန်ပြန် တိုက်စစ်ဖြင့် ထိုးဖောက် ကစားခဲ့သည်။ ၇၇မိနစ်တွင် ချစ်စမ်းမောင်အား ရက္ခပူရ နောက်ခံလူ မင်းနိုင်ဦး ဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန် မိရာမှ ရတနာပုံ အသင်း ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ ယင်း ပင်နယ်တီအား အဆာလေက အမှားအယွင်း မရှိ ကန်သွင်းခဲ့ကာ တစ်ဂိုးစီ သရေ ဖြစ်ခဲ့သည်။

၈၂မိနစ်တွင် စတန်လေ ဘယ်ခြမ်းမှ ဂိုးဧရိယာ အတွင်း တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက် ၀င်ရောက်ကာ ဂိုးရှေ့ ဖြတ်ချပေး လိုက်သည့် ဘောလုံးအား ညာခြမ်းမှ အသင့် လိုက်ပါလာသည့် အောင်ဝင်းနိုင် အပိုင် ပိတ်သွင်းခွင့် ရခဲ့သော်လည်း ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ထို့အတူ ၈၅မိနစ်တွင် အဆာလေ ဂိုးဧရိယာ အတွင်း အပိုင် ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ထို့နောက်တွင် ရတနာပုံ အသင်းက ဆက်တိုက် ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ရရှိခဲ့ကာ အဆုံးအဖြတ် အနိုင်ဂိုး သွင်းယူ နိုင်ခြင်းမရှိ၍ တစ်ဂိုးစီ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။


တခဲနက် လာရောက် အားပေးသည့် ရက္ခပူရ ပရိသတ်များ

ရတနာပုံ လူစာရင်း
-------------------------------- ယဉ်မင်းအောင်
ခင်မောင်ထွန်း ----- ဂနိုးဆီးယမ်း --- ကျော်ခိုင်ဝင်း --- ကမ်ဘူး
အောင်မြင့်အေး --- ရဲကိုဦး --- အောင်ချမ်းမိုး --- ရဲဇော်ထက်အောင်
---------------------------အဆာလေ --- သက်နိုင်

ရက္ခပူရ လူစာရင်း
--------------------------------- အောင်နိုင်စိုး
------မင်းနိုင်ဦး --- မာတင် ----- ထွန်းငြိမ်း ----- သက်နိုင်စိုး
ကျော်ဝေယံ ---- နေ၀င်း ---- အောင်ဇော်မျိုး --- ထွန်းထွန်းဦး --- ရဲကိုကိုလွင်
--------------------------------- စတန်လေ


.................
Original Link: Soccer Myanmar
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။