၁၉၄၃ ခုနှစ် ကိုလိုနီခေတ် မြန်မာ့ပညာရေး အကြံပြုချက်

ဂျေ အက်စ် ဖာနီဗဲလ်
မြန်မာပြည် တိုးတက်ရေးမှာ ယေဘူ ယျအားဖြင့် ပညာရေးအပေါ် အများ ကြီး တည်မှီနေသည်။ ပညာရေးကသာ လျှင် မြန်မာ လူထုကို ကျယ်ပြောတဲ့ ကမ္ဘာထဲ ၀င်ဆင့်နိုင်မယ့် နိုင်ငံကြီးသားများ ဖြစ်လာအောင် လုပ်ပေးနိုင်မည်။
များသောအားဖြင့် ဥရောပသားများ ဆောင်ရွက်လေ့ရှိတဲ့ အစီအစဉ်ကတော့ ဒေသန္တရ ရိုးစင်းတဲ့ ဘာသာစကားနှင့်ပင် အခြေခံ ပညာရေးတွေ တည်ဆောက် ကခြင်း ဖြစ်သည်။ သို့နှင့်တိုင် တဖက်က မြန်မာ အမျိုးသားရေး ၀ံသာနုများက နည်းပညာနှင့် အဆင့်မြင့် ပညာရေးအပေါ် စိုးရိမ် စိတ်များ ရှိနေတတ်ကြသည်။ ဒါကြောင့်ပင် လွန်ခဲ့သည့် နှစ်များအတွင်း ကိုလိုနီ ပညာရေး လုပ်ဆောင်ခဲ့သမျှကို ပြန်စစ်ဆေး သုံးသပ်ဖို့ လိုပါမည်။
လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က အခြေခံပညာရေး တည်ဆောက်မှုတွင် မြန်မာနိုင်ငံသည် အိမ်နီးချင်း တိုင်းပြည်အားလုံး ရှေ့မှာ ဗိုလ်စွဲနေသည်။ ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ ဆိုရရင်၊ ယောင်္ကျားလေး စာတတ်မြောက်မှု နှုန်းထားသည် ဗြိတိသျှ အုပ်ချုပ်မှုအောက်နှင့် မြန်မာဘုရင်တို့ အုပ်ချူပ်မှုအောက် အတူတူ လောက်ပင် ဖြစ်သည်။ လူဦးရေ တိုးလာသော်လည်း စာတတ်မြောက်မှု နှုန်း ထိန်းထားနိုင်ခဲ့သည်။
မကြာခင် နှစ်တွေမှာတော့ မြန်မာနိုင်ငံက အဲဒီ့ ပညာရေး ထိပ်က ဦးဆောင်မှု ဆုံးရှုံး သွားခဲ့ရသည်။ ဖိလစ်ပိုင်၊ ဖော်မိုဆာ(ထိုင်ဝမ်)၊ ထိုင်း၊ မလေးယာ (မလေးရှား+စင်္ကာပူ) မှာ ကျောင်းတက်သည့် လူဦးရေ အချိုးအစားမှာ အတော့်ကို များလာခဲ့သည်။ ၁၉၀၇ ခုနှစ်အထိ စာတ်မြောက်မှုနှုန်း ညံ့ပြီး အခြေခံပညာရေး တည်ဆောက်မှုလည်း မရှိတဲ့ ဒတ်ခ်ျတို့ အုပ်ချုပ်တဲ့ နယ်သာလန်-အိန္ဒိယ (အင်ဒိုနီးရှား) မှာတောင် စာတတ်မြောက်မှု နှုန်းထားက မြန်မာနိုင်ငံ နှုန်းထားကို အလျင်အမြန် ချည်းကပ်လာနိုင်ခဲ့သည်။
အောက်တွင် တိုင်းပြည်လူဦးရေအရ ပညာသင်ယူနေသူ လူဦးရေ အချိုးအစား စာရင်းများကို ဖော်ပြလိုက်ပါသည်။
(၁၉၃၆မှ ၁၉၃၉ ခုနှစ် အထိ တရားဝင် အသိအမှတ်ပြု ကျောင်းများတွင် ပညာသင်ယူသည့် လူဦးရေ အချိုးအစား)
တိုင်းပြည်
ရာခိုင်နှုန်း
ဖော်မိုဆာ
၁၁.၁၆
ဖိလစ်ပိုင်
၁၀.၇၅
ထိုင်း
၉.၆၉
မလေးယာ( မလေးရှား+စင်္ကာပူ)
၆.၆၂
မြန်မာ
၃.၉၂
နယ်သာလန်-အိန္ဒိယ (အင်ဒိုနီးရှား)
၃.၃၅
အင်ဒိုချိုင်းနား
၂.၄၆
နည်းပညာနှင့် အဆင့်မြင့် ပညာရေး တို့ရဲ့ အခြေအနေကတော့ ပိုလို့တောင် ကျေနပ်လောက်စရာ မရှိ။ မြန်မာပြည် ပညာရေးမှာ `လက်တွေ့အခြေအနေနှင့် ကင်းကွာ´ (divorced from reality) နေသည်ဟု မကြာခဏ နောင်တရ ပြောဆိုကြသည်။ တကယ်လည်း အမှန်တရားနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။
ဘယ်လောက်များ လက်တွေ့ အမှန်တရားနှင့် ဆန့်ကျင်နေသလဲ ဆိုရင်၊ ခေတ်ပညာတတ် လက်တစ်ဆုပ်ရှိတဲ့ ကျဉ်းမြောင်းထဲ ဗမာတို့ ကမ္ဘာလေးထဲတွင်၊ အသက်မွေးဝမ်းကျောင်းပညာရရှိဖို့ ကလေးတွေအတွက် ဆောင်ရွက်ပေးမှု မရှိ ဖြစ်နေသည်။
ခြုံကြည့်ရင် ဗမာများသည် စာအုပ်ထဲမှလွဲ၍ မော်ဒန် ကမ္ဘာကြီးအကြောင်း ဘာမှမသိရှာပါ။ စာအုပ်တွေထဲက ဆိုရင်တောင်မှ သူတို့ အလွန့်ကို နည်းနည်းပဲ သိပါသည်။ ၁၉၂၆ ခုနှစ်တွင် ဇီဝဗေဒ သင်ကြားပေးတဲ့ကျောင်း  မြန်မာနိုင်ငံတွင် တစ်ကျောင်းသာ ရှိသည်။ ဒါကလည်း မိန်းကလေး ကျောင်းဖြစ်ပြီး၊ သင်သူတွေကလည်း မြန်မာပြည်အကြောင်းတောင် ကောင်းကောင်း သိကြတာ မဟုတ်။
တလောက အစိုးရ ပညာရှင် နှစ်ဦးက ကျွန်ုပ်ကို ခေါ်တိုင်ပင်သည်။ တစ်ဦးက စီးပွားရေး ပညာရှင်။ သူက မြန်မာပြည်က စိုက်ပျိုးရေးသမားတိုင်းကို သူ့တို့ ဓါးမ တွေအတွက် လိုင်စင် လုပ်ထားရမည်ဟု တွေးသည်။ နောက် တစ်ဦးက မကြာခင် Ph.D. ရဖို့ မျှော်လင့် ထားသူ။ သူက ချင်းတွင်းမြစ် ဧရာဝတီ ထဲကို စီးဝင်တာက မန္တလေးအထက်မှာ (အမှန်က အောက်အကြေမှာ) ဟု ကျွန်ုပ်ကို ထူးထူး ဆန်းဆန်း ပြောနေသည်။
ဒါကြောင့်လဲ ပြောကြတာ ဖြစ်မည်။ ‘မြန်မာတွေ အကြောင်း သိတဲ့ ဗမာတွေဟာ ဘာကိုမှ မသိ၊ အရာရာသိတဲ့ အပြင်ကလူတွေကလည်း မြန်မာတွေ အကြောင်း မသိ’ (Burmans who know Burmese know nothing else, and those who know anything else know no Burmese.)။
နည်းပညာ သင်ကြားရေးနှင့် ပတ်သက်လို့လည်း၊ ဗမာများတွေးနေပုံက လူတွေကို လေ့ကျင့် သင်ကြား ပေးလိုက်လျှင် စက်မှု လုပ်ငန်းတွေ ဖန်တီး နိုင်မည်ဟု ထင်နေကြသည်။ စက်တွေလုပ်တတ်ကိုင်တတ်ရင် စက်မှုခေတ် ရောက်တော့မည်ဟု ထင်နေသည်။ စီးပွားရေး ပညာ အကြောင်း၊ ကုန်သွယ်မှု ပညာရပ် အကြောင်းမှ လက်တွေ့ ကျကျ လေ့လာဖူးခြင်းမရှိဘဲ ဘယ်လိုလုပ် စက်မှုနိုင်ငံ ထူထောင်မလဲ။ တက္ကသိုလ်မှာ ဘောဂဗေဒ သင်ကြား ပို့ချ နေသူများကလည်း မြန်မာပြည် အကြောင်း နကန်းတလုံးမှ မသိ။
အရင် နှစ်ငါးဆယ်လောက်ကတော့ ဖိလစ်ပိုင်မှ လွဲလို့၊ မြန်မာပြည်ကို အရှေ့အာရှတွင် အကောင်းဆုံး ပညာတတ် တိုင်းပြည်ဟု ပြောဆိုကြသည်။  အခု အဆိုးဆုံး ပညာတတ် တိုင်းပြည်ဟု ပြောလာလျှင် ငြင်းဖို့ ခက်မည်။ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှ ရာထောင် ပေါင်းများစွာသော သူတွေဟာ ပြင်ပကမ္ဘာကနေ အရာရာကို မြင်တွေ့ လာနေကြပြီ ဖြစ်သည်။
ဒီတိုင်းပြည် နှစ်ပြည်စလုံးက လူတွေမှာ ခေတ်သစ်အုပ်ချူပ်ရေးစနစ်မှာ ရှိရမယ့် ပြည်သူ့ ၀န်ထမ်း တာဝန်တွေ၊ ရုံးလုပ်ငန်း အတွေ့အကြုံတွေ အများကြီး ရှိနေကြပြီ။ မလေးယာ (မလေးရှား+ စင်္ကာပူ) မှာ မလေးတွေဟာ အများကြီး ခေတ်နောက်ကျသေးပေမယ့်၊ တရုတ် အများအပြားကတော့ ခေတ်သစ် ကမ္ဘာ့ နိုင်ငံကြီးသားများ ဖြစ်လာနေကြသည်။
ဒတ်ခ်ျ ကိုလိုနီ ဂျာဗားကျွန်းမှာ လူကုန်ထံ မိသားစုများဟာ မျိုးဆက် သုံးဆက် လေးဆက် ထက်ပိုပြီး ပညာတတ်တွေ ဖြစ်လာကြသည်။ ဒတ်ခ်ျအုပ်ချူပ်သူတွေ ထူထောင် ထားတဲ့ ဒေသခံ တိုင်းရင်းသားများ တက်နိုင်တဲ့ ကျောင်းတွေမှာ မူလတန်းလွန် ကလေးတွေဟာ ဥရောပ ဘာသာစကား သုံးမျိုးလောက်ကို အခက်အခဲမရှိ သင်ယူနေသည်။
ပြင်သစ်အုပ်ချူပ်တဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ တိုင်းရင်း ဘာသာစကားနဲ့ သင်ကြားတဲ့ မူလတန်းတွေ နည်းသော်လည်း၊ ဒေသခံအချို့ဟာ ပြင်သစ်နိုင်ငံကိုသွားပြီး အဆင့်မြင့် ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ပြီးမြောက်အောင် သင်ယူလာခဲ့ကြသည်။
မြန်မာပြည်မှာ ကျွန်ုပ်သိရသမျှ ဖတ်ထိုက်တယ်လို့ ယူဆရမယ့် ဗမာတွေရေးတဲ့ အင်္ဂလိပ်စာအုပ် ဒါဇင်ဝက်လောက်သာ ရှိမည်။ အဲဒီ့ ဒါဇင်ဝက်အနက် သုံးအုပ်က ပါဠိကနေ အင်္ဂလိပ်လို ပြန်ထားတာ။ နောက်တစ်အုပ်က မြန်မာ့သမိုင်းကို လေ့လာထားတာ ဖြစ်သည်။ မြန်မာပြည် ပြင်ပကို ကျော်ကြည့် ရေးထားတာဆိုလို့ ကျန် နှစ်အုပ် သာရှိသည်။  နောင် နန်းရင်းဝန် ဖြစ်လာတဲ့ ဦးဘမော်က တစ်အုပ် ရေးပြီး၊ သူ့အကို ဒေါက်တာ ဘဟန်က တစ်အုပ်ရေးသည်။
ဖိလစ်ပိုင်၊ မလေး၊ ထိုင်း နိုင်ငံတို့မှာတော့ ဘက်ပေါင်းစုံ အဆင့်မြင့် ပညာရေး လှုပ်ရှားမှုတွေ ရှိနေပြီ။ နည်းပညာ သင်ကြားပို့ချမှု များတွင် အင်ဒိုချိုင်းနားမှလွဲ၍ မြန်မာပြည်သည် အောက်ခြေ အဆင့်မှာ ရပ်တန့်နေသည်။ အဖက်ဖက်က မြန်မာပြည်ရဲ့ နောက်ကောက်ကျမှုများအတွက် အဓိက အကြောင်းတရား သုံးပါး ရှိသည်။
(၁) ပညာရေးကို ဌာနဆိုင်ရာ အရာရှိတို့အတွက်သာ အခွင့်ထူးခံ လုပ်ဆောင် ထားခြင်းကြောင့် ဖြစ်သည်။ သူတို့ကလည်း ကျောင်းစာသင်ခန်း အပြင်က မြန်မာပြည် အကြောင်း ဘာမှကို မသိ။
(၂) အစိုးရက လူထုကို ပညာရေး ပေးဖို့ထက် တစ်ဦးချင်းစီကို ရွေးချယ် ပညာသင်ခွင့် ပေးနေသည်။
(၃) ပညာရေးသည် စီးပွားရေး သမားတို့ လက်အောက်၊ ဓနရှင်တို့ ပစ္စည်းသက်သက်အဖြစ် ကျရောက်နေ ခြင်းဖြစ်သည်။
မြန်မာပြည်လို တိုင်းပြည်မျိုးတွင် ပညာရေးကို ဌာနဆိုင်ရာ အရာရှိ အရာခံတို့ အတွက်သာ ချန်ထားမှု မဖြစ်သင့်။ မလေးယာနှင့် ဒတ်ခ်ျတို့ အုပ်ချုပ်တဲ့ နယ်သာလန်-အိန္ဒိယ နှစ်ခုစလုံးတွင် မကြာခင်နှစ်များ အတွင်း မည်သူ့မည်ဝါကိုမှ မျက်နှာလိုက် ခွဲခြားမှုမရှိဘဲ ပညာပေးမှုကြောင့် အလျင်အမြန် တိုးတက်လာခဲ့သည်။
ဗြိတိသျှ အုပ်ချူပ်တဲ့ မလေးယာတွင်ပင် ပညာရေးမှာ မလေး လူထု ဘ၀၊ ဘာသာစကား၊ စာပေ တို့နှင့် သက်ဆိုင်မယ့် အသိပညာကို မြှင့်တင်ရေးကို အရင်ဦးစားပေး လုပ်ဆောင်နေသည်။ ဌာန ၀န်ထမ်းများကိုလည်း မိမိတိုင်းပြည်နှင့် လူမျိုး မြှင့်တင်နိုင်ရေးကို ဦးတည်လုပ်ဆောင်ကြအောင် ပညာပေးသည်။ ပညာပေးပြီး လူမွေး တာမျိုး မဟုတ်။(မှတ်ချက်။ ယခုခေတ် စကော်လားရှစ်ပေးပြီး အမတ်ဝင်ရွေးခိုင်တာမျိုး သတိပြုဖွယ်-ဘာသာပြန်သူ)
မလေးယာတွင် ဆာရစ်ချဒ်ဝင်စတဒ် လို အရည်အချင်းပြည့် လူတစ်ယောက် ရရှိတာ အများကြီး ကံကောင်းပါသည်။ သူက လူထု အကြောင်းကို သိသည်။ သူ့ အုပ်ချူပ်ရေးအဖွဲ့ထဲမှာ ပညာရေး နည်းနာတွေ ကောင်းကောင်း အသုံးချတတ်တဲ့လူတွေ ရှိထားသည်။ မြန်မာပြည် အနေနှင့်မူ ဘုန်းတော်ကြီးကျောင်း ပညာရေးကို ခေတ်မှီအောင် ဆောင်ရွက်ဖို့၊ ပြန်လည် သုံးသပ်ဖို့တွေ လိုနေပါသည်။
ဥပမာ၊ တကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး (hygiene) အစီအစဉ်များအတွက် ကျောင်း ပြဌာန်း စာအုပ် ဖတ်နေရုံမျှနှင့် မပြီး။ ပင်ကူအိမ်နှင့် ကျတ်ခိုး  အထပ်ထပ်စွဲနေသည့် စာသင်ခန်းတွင် ကျန်းမာရေးသင်ခန်းစာ ပို့ချနေလို့ လူ့အဖွဲ့ အစည်းအတွက် ဘာမှဖြစ်လာမည်မဟုတ်။ တကိုယ်ရည် သန့်ရှင်းရေး သင်ကြားမယ့် ကျောင်းဆရာ ကိုယ်တိုင်က ယုံယုံကြည်ကြည်ဖြင့် မိမိကိုယ်ကိုယ် သန့်ရှင်းအေင် အရင်လုပ်ပြီး ကျောင်းသားများထံမှ ထင်မြင်ချက်ကောင်း ရယူထားနိုင်ဖို့ လိုမည်။
လူ့အဖွဲ့အစည်းနှင့် နိုင်ငံ့စီးပွားရေး ပြန်လည် တည်ဆောက်မှုများအတွက် လူထု တစ်ရပ်လုံးကို ပညာပေးဖို့ လုပ်ကြရပါမည်။ ခေတ်သစ် ကမ္ဘာကြီးထဲ သူတို့ ဘယ်လိုနေမလဲ ဆိုတာ သင်ကြားပြသ ပေးရမည်။ လူ့အဖွဲ့အစည်းကို ဦးဆောင်မယ့် ပတ်ဝန်းကျင်အသစ် ဖြစ်အောင် ကျောင်းများက တာဝန်ယူကြရမည်။
မြန်မာဘုရင်များ အုပ်စိုးမှုအောက်တွင် ဘုန်းကြီးတွေက ကလေးတွေကို ဘ၀မှာ ဘယ်လိုနေထိုင်မလဲ (how to live) ဆိုတာ သင်ကြားပေးခဲ့သည်။ အခု ဒီလောက်နဲ့ ကမ္ဘာထဲသွားလို့မရ။ ကလေးတွေ အနေနဲ့ ခေတ်သစ် ကမ္ဘာထဲဝင်ဆန့်ဖို့ ဘ၀မှာ ဘယ်လို အသက်မွေးဝမ်းကျောင်းနေထိုင်မလဲ (how to make living) ဆိုတာ ကျောင်းကောင်းတွေမှာ သင်ယူကြရမည်။
ဒါတွေ ဆောင်ရွက်ဖို့ဆိုရင် စေ့ဆော်မှုအသစ်တွေနဲ့ လုပ်ဖို့လိုအပ်မည်။ အုပ်ချုပ်သူ ဥရောပသားများရော မြန်မာပြည်သားများပါ အတူလက်တွဲ ဆောင်ရွက်နိုင်မယ့် စေ့ဆော်မှုမျိုး။ အားလုံး နိုးကြားတက်ကြွစွာ ပါဝင်နိုင်အောင် စေ့ဆ်ာပေးနိုင်တာက အမျိုးသားရေးဝါဒ ဖြစ်သည်။
ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် အမျိုးသားရေး စိတ်အား တက်ကြွမှုကြောင့်ပင် အလျင်အမြန်ကို တိုးတက် အောင်မြင်မှုတွေ ရရှိခဲ့သည်။ မလေးယာ ကလည်း ခေတ်သစ် ကမ္ဘာကြီး အကြောင်း ကောင်းကောင်း သိတဲ့ ပညာတတ် `ဆူလ်တန်´များကြောင့် တိုးတက် ခဲ့သည်ဟု ဆိုနိုင်သည်။
အဲဒီနိုင်ငံတွေမှာ လူထုကို သူတို့ ကလေးတွေ ကျောင်းတွေဆီ ပို့လာအောင်၊ အစိုးရ နှင့် ပညာရေး ဌာနက အားပေး တိုက်တွန်းကြသည်။ ကလေးတွေကို ကျောင်းလွှတ်တာ ထမင်းနဲ့ ဟင်း သူတို့ ရှာဖွေ တတ်ဖို့မျှသာ မဟုတ်။ အမျိုးသား တိုးတက်ကြီးပွားရေး အကျိုးစီးပွားအတွက် ဆိုတာကို သူတို့ နားလည်ရမည်။ ထိုင်းတွင် ဘုန်းကြီး ကျောင်းတိုက်များတွင်ပင် ခေတ်သစ် ပညာရပ် ကျောင်းများ ဖွင့်ခွင့်ပေးထားသည်။ ဗြိတိသျှ အစိုးရကတော့ မြန်မာပြည်တွင် အဲဒီလို တိုက်တွန်း အကြံပြုမှုမျိုးတွေ မရှိ။ မြန်မာဘုန်းကြီးကျောင်းများကလည်း ခေတ်သစ်ပညာရေးအကြောင်း စိတ်မ၀င်စား။
အဲဒီ့ တိုးတက်လာသော တိုင်းပြည်များ နောက်ကွယ်တွင် အရွယ်ရောက်သူများအတွက် ပညာရေး (adult education) လည်း ထုနဲ့ထည်နဲ့ လှုံဆော် အားပေးမှုတွေ လုပ်ခဲ့ကြသည်။ ရုပ်ရှင်၊ ရေဒီယို စတဲ့ ခေတ်မှီ ပညာရေးအထောက်အကူ ပစ္စည်းများကို မြို့နယ် အသီးသီးဆီ ရောက်အောင် ပံ့ပိုးကြသည်။ လူမှု့ တည်ဆောက်မှု အစီအစဉ်များအတွက် လက်တွေ့ ပညာပေး လုပ်ငန်းများ လုပ်နိုင်ဖို့ ဖြစ်သည်။
နယ်သာလန်-အိန္ဒိယ (အင်ဒိုနီးရှား) တွင် လူမှု့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် အများ ပြည်သူသုံး စာကြည့်တိုက်များ ထူးခြား အောင်မြင်စွာ ထူထောင် ပေးခဲ့သည်။ မြန်မာပြည်မှ လူထုပြန်ကြားရေးဝန် (the Director ofPublic Instruction) က သူ့ရဲ့ အစိုးရ ကိုယ်စားပြု မိန့်ခွန်း တစ်ခုတွင် မြန်မာလူထုမှ`စာကြည့်တိုက် တောင်းဆိုမှု မရှိ´ (there is no demand for it) ဟု ပြောပြီး ပယ်ချခဲ့သည်။
ဒတ်ခ်ျ တွေကတော့ ဗြိတိသျှနှင့် ကွာသည်။ သူတို့ ကိုလိုနီ နယ်သာလန်-အိန္ဒိယတွင် စာကြည့်တိုက် တောင်းဆိုမှု ဖြစ်လာအေင် ဖန်တီးခဲ့သည်။ ဒတ်ခ်ျတွေမှာ ဒေသခံလူထုနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာ၊ အတွေးအမြင်တွေ ရှိထားကြသည်။ ကျွန်ုပ်ရဲ့ အတွေ့ အကြုံအရ ပြောရလျှင် အစိုးရ ခွင့်ပြုမည်ဆိုလျှင် အစိုးရ ထောက်ပံ့မှု မရယူဘဲနဲ့ပင် မြန်မာပြည်တွင် အလားတူ အလုပ်တွေ အများကြီး လုပ်ဆောင် နိုင်သည်။
နည်းပညာနဲ့ အဆင့်မြင့် ပညာရေးအတွက်လည်း အလားတူ စဉ်းစားချက်တွေကို အသုံးပြုနိုင်မည်။ ပတ်ဝန်းကျင်အသစ် ဖန်တီးခြင်းနှင့် ပညာရေး ဆောင်ရွက်ပေးခြင်းတို့ရှိမှ ပတ်ဝန်းကျင်အသစ်မှာ လူထု အလိုအလျောက် ဟန်ချက်ညီညီ လိုက်ပါလာလိမ့်မည်။ ဒါကြောင့် နည်းပညာရပ် အရည်အသွေးတွေကို တောင့်တနေမည့် လူထု ၀ယ်လိုအား (demand) ကို ဖန်တီး လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်ခြင်းကြောင့် မကြာခင် ရှေ့ကို ရွေ့သွားပါလိမ့်မည်။
အရင်က မြန်မာပြည်အတွက် အစိုးရ အရာရှိများကို အိန္ဒိယကနေ စုဆောင်း ခေါ်လာကြသည်။ သို့သော် သူတို့က ဗမာစကား မပြောတတ်။ ဘာသာစကား အခက်အခဲကြောင့် သူတို့ အလုပ်က နှေးကွေးပြီး၊ လုပ်အားရလဒ်က ကျေနပ် လောက်စရာမရှိ။ ကုန်ကျစရိတ်နဲ့ မကာမိ။ ဒါကြောင့် ဗမာတွေကို ထရိန်နင်ပေး သင်ကြားဖို့ လိုမည်။
အချို့ ဗြိတိသျှ အရာရှိတွေက ဗမာတွေကို အလုပ်သမားများ အနေနဲ့ မယုံကြည်မှု ( distrust of the Burmans as workmen) ကြောင့် ကန့်ကွတ်ကြသည်။ ၀န်ထမ်းမဖြစ်လောက်ဟုလည်း ယူဆကြသည်။ သို့သော် ယခုနောက်ပိုင်း ဈေးပေါတဲ့ လုပ်အားခကြောင့် အိန္ဒိယ အရာရှိများ နေရာတွင် ဗမာ ၀န်ထမ်းလောင်းများနဲ့ အစားထိုးဖို့ လက်ခံလာကြသည်။
တဆက်ထဲမှာပင် ဈေးချို အသုံးတည့်မည့် အိန္ဒိယ ၀န်ထမ်းများကိုလည်း ဆက်ထိန်းထားဖို့တော့ လိုမည်။ တိုင်းပြည် အကျိုးစီးပွားအတွက် မတူသော ၀န်ထမ်းများ အချင်းချင်းကြား၊ ကတောက်ကဆများ ဖြစ်ပြီး ဆိုးရွားသည့် ရလဒ်များ မထွက်အောင် ကြိုတင် ကာကွယ်ရမည်။ အစိုးရဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်မည့် ဗမာ ၀န်ထမ်းများ ခန့်အပ်ခြင်းမှာ လွယ်ကူသော ကိစ္စရပ်တော့ မဟုတ်။ အရင်က ဒီလို ရာထူးတွေမှာ ထမ်းဆောင်သူ မရှိအောင် ရှားလှသည့်အတွက် ဥရောပသားများက တွဲကိုင် လမ်းညွှန်ပြသ ပေးရမည်။ အစိုးရ ရုံးဌာနများတွင် ဗမာတွေကို ဖြည့်ဆည်းဖို့ဆိုရင် သူတို့ကိုယ်တိုင် လိုလိုချင်ချင်နဲ့ လုပ်ချင်ကိုင်ချင် ဖြစ်လာအောင် သင်ကြားပေးရမည်။
ဖိလစ်ပိုင်နဲ့ ထိုင်း တို့မှာတော့ အစိုးရ ၀န်ထမ်းနေရာများအတွက် လိုအပ်လာသည့်အခါ၊ ဒေသခံ လူတွေကိုပဲ ကျွမ်းကျင်အောင် ထရိန်နင် ပေးသည်။ နိုင်ငံခြားများများ စေလွှတ်ပေးသည်။ သူတို့က ခေတ်သစ်ကမ္ဘာကြီးနဲ့ လက်ပွန်းတတီး ဖြစ်ခဲ့ကြပြီး၊ ကိုယ့်တိုင်းပြည်ကို မော်ဒန်ဖြစ်အေင် ပြန်လည် ဆောင်ရွက် ကြသည်။
ဒတ်ခ်ျ အစိုးက သူအုပ်ချုပ်တဲ့ ကိုလိုနီတိုင်းပြည်တွေမှာ ကျင့်သုံးတဲ့ အထွေထွေပညာရေး သွင်ပြင် လက္ခဏာ တစ်ခုကတော့ လွတ်လပ်စွာ ဆွေးနွေးပြောဆိုစေခြင်း ဖြစ်သည်။ ဒါမှ အစိုးရ အရာရှိတွေ အတွင်းမှာပါ ဆွေးနွေးမှုတွေ ဖြစ်ပေါ် လာစေမည်။ အစိုးရမူဝါဒတွေ အပေါ် ၀န်ထမ်းတွေက လွတ်လွတ်လပ်လပ် ပြောဆို မဲပေးနိုင်ကြသည်။ အစိုးရ သတင်းစာတွေနဲ့ အပတ်စဉ်ထုတ် စာစောင်တွေမှာ အုပ်ချူပ်ရေး ယန္တရားအကြောင်း ဝေဖန်ထောက်ပြနိုင်သည်။
လက်ရှိရာစုနှစ်ရဲ့ အုပ်ချူပ်ရေး ယန္တရား တိုးတက်ဖို့ရန်မှာ ၀န်ထမ်း အရာရှိအားလုံးက အုပ်ချုပ်ရေး ပြဿနာ အခက်အခဲတွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနှီးနှောကြမှ ဖြစ်မည်။ မြန်မာပြည်တွင်တော့ ဒီလို ဆွေးနွေးမှုမျိုး ခွင့်ပြုမှု ပါးရှားလွန်းပြီး၊ မတို့မထိရဲအောင် အဆိုးမြင် နေကြသည်။
ဒါကြောင့် တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတိုင်းတွင် ပညာရေးကို လူထု တစ်ရပ်လုံးရဲ့ လူမှု့ရေးဘ၀၊ စီးပွားရေးဘ၀အပေါ် အကျိုးသက်စေမည့် မဏ္ဍိုင်ကိစ္စရပ်ကြီးအဖြစ် သဘောထား ဆောင်ရွက်ကြဖို့ လိုမည်။ ကျောင်းတွေ ဖွင့်ရုံနဲ့ ပြီးရောဆိုပြီး တာဝန်ကျေ မည်ကာမတ္တ မဟုတ်။
မိမိ ကိုလိုနီပြုထားတဲ့ ဒေသခံ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး အသိအမြင် အတွေးအခေါ် အများကြီးရှိတဲ့ ဒတ်ခ်ျတွေက ပညာရေးလုပ်ငန်း တာဝန်များတွင် ပြည်သူ့ ကျန်းမာရေးကိုပါ တွဲဖက်ထားသည်။ ဒါက တကယ့်ကို လိုအပ်နေတဲ့ လုပ်ငန်းဆောင်တာ ဖြစ်သည်။ ဒါကြောင့် မြန်မာပြည် ပြန်လည် တည်ဆောက်ရေးအတွက် ပညာရေး ကျန်းမာရေးတို့မှာ မဖြစ်မနေ ထူထောင် တည့်မတ်ပေးရမည့် မဏ္ဍိုင်ကြီးတွေ ဖြစ်နေပါသတည်း။
ရည်ညွှန်း- Reconstruction in Burma by J.S. Furnivall စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။
(J.S Furnivall သည် မြန်မာနိုင်ငံတွင် ထမ်းဆောင်ခဲ့သည့် အိုင်စီအက်စ် အရာရှိ တစ်ဦးဖြစ်ပြီး၊ Burma Research Society, Burma Book Club နှင့် ဂန္တလောကမဂ္ဂဇင်း တို့ကို ဦးဆောင် ထူထောင်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော စာအုပ် စာတမ်းပေါင်း မြောက်များစွာ ရေးခဲ့ပြီး သူရဲ့ Introduction to Political Economy of Burma နှင့် Colonial Policy and Practice စာအုပ်များမှာ ထင်ရှားသည်။)

............
မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖော်ပြအပ်ပါသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။