အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ဖွယ်ရှိနေသော ဦးအေးသာအောင်နှင့် အင်တာဗျူး

“အမျိုးသားလွှတ်တော်ရော ပြည်သူ့လွှတ်တော်ရော ဥက္ကဋ္ဌတွေကို သူရွေးချယ်ရမှာပါ။ ဘယ်သူ့ကို ရွေးချယ်မယ် ဆိုတာတော့ မသိပါဘူး။ ကျွန်တော့်ကို တင်မယ်ဆိုတာလည်း ဒါထင်ကြေးနဲ့ ပြောနေကြတာပါ”

တွေ့ဆုံမေးမြန်းသူ ပိုင်လေး

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွယ်ရှိနေသည်။ ထိုသို့ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာ ပေးမည်ဆိုပါက မည်သို့ဆောင်ရွက်နိုင်မည်လဲ ဆိုသည်ကို သိရှိစေရန် လက်ရှိအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်အား တွေ့ဆုံ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု ကိစ္စများကို ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

Tomorrow။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLDပါတီက နေရာ အတော်များများမှာ အနိုင်ရရှိခဲ့တဲ့အတွက် နိုင်ငံရဲ့ ရှေ့အလားအလာကို ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲက NLDပါတီက မှန်းထားတာထက် ပိုပြီးတော့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ပြည်သူတွေက တိုင်းပြည်ဆိုးသထက် ဆိုးမလာအောင်အတွက် အစိုးရသစ် တက်စေချင်တဲ့ သဘောနဲ့ NLDကို ၀ိုင်းဝန်းပံ့ပိုးပြီး မဲပေးကြတယ်။ ဒါကြောင့် NLDက အပြတ်အသတ် အနိုင်ရရှိသွားပါတယ်။ NLDပါတီမှာလည်း တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ပေါ်လာမယ့် အနေအထားမှာလည်း ရှိပါတယ်။ အခုချိန်ထိ ပြည်တွင်းစစ်က မရပ်သေးဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့လောက် NCA လက်မှတ်မထိုးသေးဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အရေးတွေလည်း မပြီးသေးဘူး။ ဒါကြောင့် NLDက ဖွဲ့မယ့် အစိုးရသစ်လက်ထက်မှာ ဒါတွေကို လက်စသပ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် NLDပါတီ အခု ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့အပေါ်မှာ နိုင်ငံအတွက် ရေရှည်မှာ ကောင်းလာလိမ့်မယ်လို့ ယူဆပါတယ်။

Tomorrow။ ။ အန်ကယ်က ၁၉၉၀ ခုနှစ်တုန်းက ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့တာလဲ။

ဖြေ။ ။၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ ကျွန်တော်က ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာတော့ ပါတီဝင်အဖြစ် ရှိနေပါတယ်။ အဲဒီ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အန်ကယ်တို့ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရခိုင်ပြည်နယ်မှာ ၁၁ နေရာ အနိုင်ရရှိခဲ့တယ်။ ကျွန်တော်တို့လိုပဲ တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီးနေရှင်နယ် ကွန်ဂရက်ပါတီ၊ မွန်ဒီမိုကရေစီ ပါတီတို့လည်း အနိုင်ရရှိခဲ့တယ်။ အဲဒီလို နိုင်ပေမယ့် လွှတ်တော်တက်ခွင့် မရကြဘူး။ ဒါကြောင့် လွှတ်တော် ပေါ်ပေါက်ရေးအတွက် NLDနဲ့ တိုင်းရင်းသားပါတီ လေးပါတီတို့က လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP)ကို ဖွဲ့ခဲ့တယ်။ အဲဒီမှာ ကျွန်တော်က အတွင်းရေးမှူး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ကို သက်ဆိုင်ရာက သူတွေက CRPP ကိုယ်စားပြု ကော်မတီကိုဖြတ်မှ တွေ့ဆုံဆွေးနွေးရေး လုပ်မယ်။ အဲဒီလိုမှ မဖြတ်ဘူးဆိုရင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို ခြိမ်းခြောက်မှုတွေ အမျိုးမျိုးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီ CRPP ကော်မတီကို အဲဒီအချိန်တုန်းက မဖြတ်ခဲ့ဘူး။ လုပ်ချင်တာလုပ်၊ ခံမယ်ဆိုတဲ့ သဘောနဲ့ မဖြတ်ခဲ့တာပါ။ အခုလက်ရှိ အခြေအနေမှာတော့ အဲဒါတွေတော့ မရှိတော့ပါဘူး။ ဒါကတော့ ကျွန်တော် ၁၉၉၀ခုနှစ် တုန်းက NLDပါတီနဲ့ စတင်လက်တွဲခဲ့ဖူးတာပါ။

Tomorrow။ ။ အခုရွေးကောက်ပွဲမှာ NLDပါတီက အနိုင်ရရှိသွားတဲ့ အတွက် သူတို့ပါတီရဲ့ မူဝါဒဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေရာမှာ အန်ကယ့်ကို တင်မယ်ဆိုရင် အန်ကယ့်အနေနဲ့ လုပ်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။ ။ တကယ်လို့ NLDပါတီက ကျွန်တော့်ကို ဥက္ကဋ္ဌ တင်မယ်ဆိုရင်တော့ အရင်ဆုံး ကျွန်တော်နဲ့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ သူ့ပါတီက အနိုင်ရရှိထားတဲ့ ပါတီဆိုတော့ အမျိုးသား လွှတ်တော်ရော ပြည်သူ့လွှတ်တော်ရော ဥက္ကဋ္ဌတွေကို သူရွေးချယ်ရမှာပါ။ ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာတော့ မသိပါဘူး။ ကျွန်တော့်ကို တင်မယ်ဆိုတာလည်း ဒါထင်ကြေးနဲ့ ပြောနေကြတာပါ။ တကယ်လက်တွေ့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာကလည်း အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး လုပ်စရာတွေက အများကြီးပါ။ အဲဒီထဲမှာ အဓိကကျတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးတွေကို အဓိကထားပြီး လုပ်ဆောင်ရမှာပါ။ ပြီးတော့မှ နောက်ထပ် အရေးတကြီး လုပ်ရမှာကတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ တစ်မျိုးသားလုံး ပေါင်းစည်းရေးကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါတွေကို လုပ်ဖို့အတွက်လည်း NLDပါတီက ပြောနေတာတွေလည်း ကြားပါတယ်။ သူတို့အနေနဲ့ ဒီအချက်တွေကိုလည်း ကြိုးစားဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Tomorrow။ ။ အန်ကယ့်အနေနဲ့ အမျိုးသား လွှတ်တော် နေရာက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံရတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။တကယ်တမ်းပြောရရင် ကျွန်တော့်အနေနဲ့က ပထမ စဉ်းစားထားတာ ရွေးကောက်ပွဲဝင်ဖို့ သဘောထား လုံးဝမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ANP ပါတီထဲက သူတွေက ၀င်ပြိုင်ဖို့ တိုက်တွန်းတယ်။ မိတ်ဆွေပါတီက ရင်းနှီးတဲ့ သူတွေကလည်း ၀င်ဖို့တိုက်တွန်းတယ်။ နောက် မြို့နယ်က ခေါ်တာကလည်း အမျိုးသား လွှတ်တော်က ၀င်ပြိုင်ပါလို့ ခေါ်တဲ့အတွက်ကြောင့် အမျိုးသားလွှတ်တော် နေရာကနေ ၀င်ပြိုင်ဖြစ်ခဲ့တာပါ။

Tomorrow။ ။ လာမယ့်လွှတ်တော် သက်တမ်း ၅နှစ်မှာ နိုင်ငံရေးအရ လွှတ်တော်ထဲမှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။တကယ်တော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ရမယ့် တာဝန်တွေ ရှိပါတယ်။ ပြည်သူတွေကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံသားအရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးတွေကို လိုချင်နေတဲ့ သူတွေပါ။ ဒါတွေလုပ်ဖို့ ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို အရင်ဆုံး ပြင်ရမှာပါ။ ဒီလိုပြင်ဖို့အတွက် လွှတ်တော်အတွင်းမှာ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ၊ NLDက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူတွေ လိုချင်နေတဲ့ အချက်တွေကို ဦးစားပေး ဆောင်ရွက်သွားမှာပါ။

Tomorrow။ ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လူတစ်ယောက် အနေနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေကို ဘာတွေ လုပ်သွားပေးနိုင်မလဲ။ ပြည်တွင်းငြိမ်းချမ်းရေး အတွက်ကိုရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။ ခုလို ကျွန်တော့်ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူတွေကိုတော့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကျောင်းမှာကတည်းက နိုင်ငံရေးလုပ်တယ်။ အဲဒီလိုလုပ်တဲ့ အခါမှာလည်း ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ယုံကြည်ချက်တွေနဲ့ လုပ်ခဲ့တာပါ။ အခုရွေးကောက်ပွဲမှာ ပြည်သူတွေက ကျွန်တော့်ကို ဒီတာဝန်ကို ပေးလိုက်တဲ့အတွက် ပေးလိုက်တဲ့ တာဝန်ကို စွမ်းစွမ်းတမံနဲ့ ဆောင်ရွက်မှာပါ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့လည်း တိုင်းရင်းသားအရေး၊ ရခိုင်အမျိုးသားရေး၊ ပြည်ထောင်စုအရေး၊ ဒါတွေကိုလည်း အဓိက ဆောင်ရွက်သွားမှာပါ။

Credit @ Tomorrow
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။