စစ်တပ်က SNLD ကျေးရွာဥက္ကဋ္ဌကို ဖမ်းဆီးခြင်းနှင့် RCSS ရုံးသို့ ၀င်ရောက်ရှာဖွေခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်

ကျိုင်းတုံရှိ RCSS ဆက်ဆံရေးရုံးသို့ မတ်လ ၇ ရက်တွင် စစ်တပ်က ၀င်ရောက်ရှာဖွေနေပုံ (ဓာတ်ပုံ - RCSS ဆက်ဆံရေးရုံး (ကျိုင်းတုံ))
 
တရားဝင်နိုင်ငံရေးပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကျေးရွာပါတီဥက္ကဋ္ဌကို စစ်တပ်က ဖမ်းဆီးထားခြင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ ဆက်ဆံရေးရုံးခန်းတွင်းသို့ စစ်တပ်နှင့် စရဖ၊ ရဲတပ်ဖွဲ့တို့မှ အကြောင်းပြချက်မပေးဘဲ ၀င်ရောက်ရှာဖွေခဲ့သည့်ကိစ္စများသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းခေါင်းဆောင်များက ပြောကြားလိုက်သည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ စရဖများ ပါဝင်သည့် လူအင်အား ၂၀ ကျော်သည် လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာ မေလ ၆ ရက် ညနေ ၄ နာရီခန့်က RCSS ၏ ကျိုင်းတုံမြို့နယ် ဆက်ဆံရေးခန်းသို့ အကြောင်းပြချက်မပေးဘဲ ၀င်ရောက်ရှာဖွေခဲ့သည်ဟု သတင်းရရှိသည်။

ထို့အပြင် မေလ ၅ ရက် ည ၈ နာရီခန့်က ကျိုင်းတုံမြို့နယ်အတွင်းရှိ နမ့်လင်းမိုင်ကျေးရွာမှ အန်တိုင်းရင်းသားခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ ကျေး ရွာဥက္ကဋ္ဌ စိုင်းအိုက်ကိန်ကို အမှတ်(၂၄၅) ခြေလျင်တပ်ရင်းမှ အင်အား ၃၀ ခန့်က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားကြောင်း ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။

RCSS ရုံးသို့ ၀င်ရောက်ရှာဖွေသည့် အကြောင်းရင်းနှင့် ပါတီကျေးရွာဥက္ကဋ္ဌအား ဖမ်းဆီးသည့် အကြောင်းရင်းကို စ.ရ. ဖတပ်မှူးနှင့် ခရိုင်ဥက္ကဋ္ဌတို့သို့ ဆက်သွယ်မေးမြန်းသော်လည်း ယနေ့အချိန်ထိ အကြောင်းရင်း မပြောကြောင်း RCSS ကျိုင်းတုံ ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စပ်စောမိန်းကပြောသည်။

မေလ ၅ ရက် နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာပါတီဥက္ကဋ္ဌကိုလည်း မေလ ၈ ရက်အထိ လွှတ်ပေးခြင်းမရှိဘဲ စုံစမ်းရသော သတင်းများအရ ခ.လ.ရ (၂၄၅) အတွင်းရှိ စခန်း၌ ချုပ်နှောင်ထားသည်ဟု သိရကြောင်း ဦးစိုင်းလိတ်က ပြော သည်။

အစိုးရတပ်မှ ဗိုလ်မှူးအဆင့်ရှိသူအပါအ၀င် ကျိုင်းတုံမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့များပါ ပါဝင်သည့် အဖွဲ့သည် RCSS ရုံးသို့ လက်နက်များဖြင့် ၀င်ရောက်မှုကို ကျိုင်းတုံမြို့နယ်ရဲစခန်းသို့ 7 Day Daily က မေးမြန်းခဲ့ရာ တာဝန်မှူးမှ အဆိုပါကိစ္စကို ၎င်းတို့အနေဖြင့် သေချာစွာမသိရှိကြောင်း ပြောကြားသည်။

ကျိုင်းတုံမြို့နယ် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ရုံးသို့လည်း 7 Day Daily မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် အလုပ်ရှုပ်နေသဖြင့် မဖြေကြားနိုင်ပါဟု ပြန်လည် ဖြေကြားခဲ့သည်။

‘‘ပထမနေ့က ကျေးရွာပါတီ ဥက္ကဋ္ဌကို ဖမ်းထားတဲ့ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးစရာရှိလို့ လာခဲ့ပါဆိုပြီး စရဖက ခေါ်တဲ့အတွက် နေ့လယ် ၁၂ နာရီကျော်လောက်မှာသွားတယ်၊ ဟိုရောက်တော့ မရှိဘူး။ ခဏစောင့်ပါဆိုလို့ စောင့်နေတဲ့အချိန်မှာ ရုံးကို သူတို့က ဘာစာရွက်စာတမ်းမှ မပါဘဲဝင်ရှာတယ်။ အခုချိန်ထိ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို မသိရဘူး’’ဟု RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းစောမိန်းက ပြောသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် စာရွက်စာတမ်းအားလုံးကို စစ်ဆေးကြည့်ရှုပြီး ဗီရိုများ၊ စားပွဲ၊အံဆွဲများကို လှန်လှောရှာဖွေသွား ပြီး လက်နက်အပြည့်အစုံဖြင့် လာရောက်ကြခြင်းဖြစ်သည်ဟု အဆိုပါရုံးခန်းသို့ ကျေးရွာပါတီ ဥက္ကဋ္ဌကို ခ.လ.ရ (၂၄၅) တပ်မှ ဖမ်းဆီးသွားသည့်ကိစ္စ ဆွေးနွေးရန် ရောက်ရှိနေသည့် ရှမ်းလူငယ်အဖွဲခေါင်းဆောင် စိုင်းလုံဝင်းကပြောသည်။

RCSS သည် တရားဝင်အပစ်အခတ်ရပ်စဲရေး ရယူထားသည့် အဖွဲ့အစည်းဖြစ်ပြီး ပါတီဥက္ကဋ္ဌသည်လည်း ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားသောပါတီမှ ဖြစ်သည့်အတွက် ယခုကဲ့သို့ အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးထားခြင်း၊ ရှာဖွေခြင်း အပြုအမှုများသည် နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်ခံရခြင်းဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေမည်ဖြစ်ကြောင်း SNLD မှ ဦးစိုင်းလိတ်ကပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးသည့်အချိန်တွင် ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သည့် ပဋိပက္ခများနည်းပါးမှသာ ကောင်းနိုင်မည်ဖြစ်ပြီး ယခုကိစ္စကို သက်ဆိုင်ရာအဖွဲ့အစည်းများက ရှင်းလင်းရန် လိုအပ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ဦးလှမောင်ရွှေကလည်းပြောသည်။
 
http://7daydaily.com/story/10369#.U22Mz0DNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။