တောင်ကုတ်- ကျောက်ဖြူကားလမ်း မကြီးနှင့် ပြာဖုန်တွေကြားက ရင်မောစွာ သွားလာနေသော ခရီးသည်များ

Arakan Times

အဆိုတော် ပိုးအိစံသီဆိုတဲ့ မမေ့သော အညာသီချင်းက “လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်းလုံးကြီးတွေ တလိပ်လိပ်တက်ကာ” ဆိုသလိုမျိုး  တောင်ကုတ်- ကျောက်ဖြူ ကားလမ်းမကြီးကိုလည်း “ ကားလမ်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်ကာ” လို့ ဆိုရမလောက်အောင် ခရီးသွားပြည်သူတွေ ဟာ ပြာဖုန်ကြီးတွေကြားက ရင်မောစွာဖြင့် ခရီးသွားလာနေကြရတယ်ဆိုတာကို ဒီလမ်းကို သွားဖူသူတိုင်း ကိုယ်တိုင်တွေ့ကြုံခံစားကြရပါလိမ့်မယ်။

ရိုးတောင်ထက်က ကတ္တရာခင်း လမ်းမကြီးပေါ်မှာ ပြေးဆွဲနေတဲ့ မှန်းလုံးကား ကြီးတွေ၊ ကိုယ်ပိုင်ကားလှလှလေးတွေမှ စီးနင်းလိုက်ပါလာတဲ့ ခရီးသွားတွေဟာ သဘာဝ လေကိုရှုရှိုက်ရင်း ပတ်ဝန်ကျင် အလှအပတွေကို ခံစားနိုင်ပါလိမ့်မယ်။   တောင်ကုတ်-ကျောက်ဖြူ ကားလမ်းမှာပေါ်မှာ  တောင်ကုတ်မြို့မှ ၈ မိုင်အတွင်းမှာတော့ ကတ္တာခင်းလမ်းမကြီးနှင့် ပုဂ္ဂလိက စိုက်ပျိုးထားတဲ့ စိမ်းလန်းစိုပြည်နေတဲ့ ရာဘာခြံ အလှအပတွေကို မြင်နိုင်ပါသေးတယ်၊ တောင်ကုတ်ကနေ ၈ မိုင်ခရီးကို ကျော်လိုက်ပြီး ဆိုတာနဲ့ ခရီးသွားတွေဟာ ကားလမ်းမကြီးရဲ့ မာန်ဟုန်ဖီး ဒေါသူပုန်ထခြင်းကို ရင်ဆိုင်ရပါတော့တယ်။
မှန်လုံကားလှလှလေးတွေ၊ လေအိပ်ကားကြီးတွေကို စီးနင်းလိုက်ပါလာတဲ့ ခရီးသွားတွေဟာ ကားလမ်းမကြီးက တက်လာတဲ့ ဖုန်လုံးကြီးတွေ ရန်ကို ကြောက်ရတာကြောင့် ကားမှန်တွေကို အလုံပိတ် လိုက်ရတော့တယ်၊ ကားမှန်တွေကို အလုံပိတ်ပေမယ်၊ ကားလမ်းမကြီးရန်က မအေးသေး၊ လမ်းခင်း ကျောက်တုံးကျောက်ခဲတွေ၊ ချိုင့်ဝှမ်းတွေကြောင့် လမ်းမပေါ်ပြေးဆွဲနေတဲ့ ကားကြီးက တဘုန်းဘုန်းနဲ့ ထခုန်နေတာကြောင့် ကားထဲမှာပါလာတဲ့ ခရီးသည်တွေဟာ အပေါ်ကို မြောက်တားသွားလိုက်၊ အောက်ကို ပြန်ကျလာလိုက်နဲ့ ရင်မောလို့ နေပါတော့တယ်။

ဒီထက်ဆိုးသေးတာက မှန်လုံကားကောင်းကောင်း မစီးနိုင်တဲ့ ခရီးသွားတွေ အတွက်ကတော့ လမ်းမကြီးက တက်လာတဲ့ ဖုန်လုံးကြီးတွေက ကားထဲကို တဟုန်ထိုးဝင်လာတာရယ်၊ ကားထဲမှာ ထိုင်ရင်နဲ့ လူကိုယ်က အပေါ်ကို မြောက်တက်၊ အောက်ပြန်ကျ ဖြစ်နေတော့ ဖုန်လည်း မွမ်း လူလည်း ပန်းရပါတော့တယ်၊  လူတစ်ကိုယ်လုံး ဖုန်တထောင်ထောင်နဲ့ ခေါင်းက ဆံပင်တွေက အနက်ရောင် ဆံပင် တပင်မျှ မကျန်အောင် ဖုန်းတွေက အရောင်ဆိုးပေးလိုက်သေးတယ်၊
ကားလမ်းတစ်လျှောက် ဆိုင်ကယ်ကိုယ်စီနဲ့ ခရီးသွားနေတဲ့ ဒေသခံပြည်သူတွေဟာလည်း လမ်းက ကြမ်းလေတော့ ဆိုင်ကယ်ပေါ်က ပြုတ်ကျမတတ်အောင်ပါပဲ၊ ဆိုင်ကယ်စီးပြီးသွားလာနေတဲ့ သူတွေကတော့ ယဉ်တွေဖြတ်သွားတိုင်း တက်လာသမျှ ပြာဖုန်တွေကြား အလူးအလဲရတော့တယ်၊ သူ့ဘက်ကိုယ့်ဘက်၊ လက်ဝဲလက်ယာ တွေကိုဂရုမစိုက်နိုင်၊ လမ်းကောင်းလေးတွေမောင်းချင်တော့ လမ်းဘေးလှည်းလမ်းကို အလုအယှက်ဆက်မောင်းနေကြတော့တယ်။

ကားလမ်းတစ်လျှောက် သစ်သားတွေနဲ့ ဆောက်လုပ်ထားတဲ့ တံတားတွေဟာ မိုးကုန်းပြီဆိုတာနဲ့ တံတားပေါ်က ဖြတ်၍ မရပြန်တော့ဘူး၊ တံတားအနီးကို ရောက်ပြီဆိုတာနဲ့ “ သတိ၊ လမ်းလွှဲရှိသည်”  ဆိုတဲ့ ဆိုင်းဘုတ်မျိုးကိုသာတွေ့ရတော့တယ်။

လမ်းလွှဲက ကားမောင်းတော့  ဒလူး၊ ဒလိမ့်နဲ့ ကားက ဘယ်ယိမ်းညာယိမ်းနေတော့ ခရီးသည်တွေဟာ ဘုရားတ နေရတော့တယ်၊ လမ်းတစ်လျှောက် တောင်မြင့် ပတ်လမ်းတွေက လမ်းကြမ်းတော့ ကားတွေက မကြာခဏဆိုသလို မှောက်လိုက်ပြန်သေးတယ်၊ ၂၀၁၁ နှစ်ကုန်၊ ဒီဇင်ဘာ(၃၁) ရက်၊ ၂၀၁၂ နှစ်ဦးကာလမှာလည်း  လမူး- မအီမြို့အကြား ကြက်စင်တောင်မှာ ကားမှောက်တဲ့အတွက် ခရီးသည်တွေ လမူးတိုက်နယ် ဆေးရုံရောက်ရတဲ့ သတင်းကြားလိုက်ရသေးတယ်။

မအီ-ကျောက်ဖြူ ကားလမ်းကတော့ ကတ္တရာခင်းလမ်းဖြစ်ပေမယ့်လည်း  လမ်းတွေက ပျက်စီးပြီး ချိုင့်ခွက်ကြီးတွေဖြစ်နေပါတော့တယ်၊ နိုင်ငံခြားသားတွေ အများဆုံးနေထိုင်တဲ့ ကျောက်ဖြူမြို့မှ ကမ်းခြေက လှပပေမယ့် လမ်းတွေ မလှပတော့ ပြာဖုံ တလိပ်လိပ်နဲ့ မြို့က အရုပ်ဆိုးနေရတယ်။
လွန်ခဲ့တဲ့ နှစ် ၁၀ ကျော် ၂၀ နီးပါးက ဒေသခံပြည်သူတွေရဲ့ လုပ်အားနဲ့ စတင်ဖောက်လုပ်ခဲ့တဲ့ တောင်ကုတ်- ကျောက်ဖြူကားလမ်း မကြီးဟာ  ကတ္တာရာခင်းတဲ့ လမ်းမကြီး ဖြစ်မလာသရွေ့ ခရီးသွားတွေအဖို့ ကတော့ ပြာဖုန်တွေကြား ရင်တမမနဲ့ ခရီးသွားနေကြရအုံ့မှာပါ။


Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။