သန်းထွန်းသို့ အိတ်ဖွင့်ပေးစာ


သန်းထွန်းသို့ အိတ်ဖွင့်ပေးစာ
သူမြတ်(မဟာအောင်မြေ)

ရုပ်ရှင်တေးကဗျာ ၂၀၀၀- ပြည့်နှစ် စက်တင်ဘာလ အတွဲ (၁၆) အမှတ် () တွင် စာပေနှင့် အနုပညာရေးရာကဏ္ဍ၊ စာမျက်နှာ (၄၅)မှာ ရေးသားတင်ပြထားတဲ့ကျွန်တော်လည်း အဖြေမသိပါရေးသူ - သန်းထွန်းဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုရပါတယ်။

ဒီဆောင်းပါးကို ရေးသားတဲ့သူဟာ ရခိုင်သမိုင်းကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာဘဲ၊ သူသိသလောက်ကိုသာ ရေးသားတင်ပြတယ် ဆိုတာကို သူရေးတဲ့ခေါင်းစဉ်မှာပဲ အတိအကျ ဖော်ပြထားတယ်။ 

သူရေးသားထားတာဟာ ရခိုင်လူမျိုးရဲ့ဓလေ့၊ စရိုက်၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ယုံကြည်မှုတွေ အလုံးစုံကို ခြုံငုံသုံးသပ်ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်နေတယ်။

ဗုဒ္ဓစာပေတွေထဲမှာတော့ ဒီလိုမျိုးတွေကို ဟန့်တားချက်တွေရှိပါတယ်။ မဇ္ဈိမနိကာယ်၊ အာရကာဝိဘင်္ဂသုတ်မှာ တစ်ရပ်တစ်ပါးသွားလိုတဲ့ ရဟန်းတော်များကို ဗုဒ္ဓမြတ်စွာဘုရားသခင်က ဆုံးမတဲ့ အချက်ခြောက်ချက်ထဲမှာဇိနပဒနိ ရုတ္တံန အတိတ်ကာမေယလို့ ပါရှိပါတယ်။ အဓိပ္ပါယ်ကတော့ ထိုထိုအရပ်၌ နေတဲ့  ပုဂ္ဂိုလ်တိုရဲ့  ထုံးတမ်းဓလေ့စဉ်လာ၊ ဓမ္မတာတို့ကို ကျော်လွန်ပြီး မကျင့်လေနှင့်လို့ ဆိုလိုပါတယ်။ လူမျိုးတစ်မျိုးရဲ့ဓလေ့၊ စရိုက်၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ယုံကြည်မှုတွေကို ချိုးချိုးနှိမ့်နှိမ့် မပြောဆိုဖို့ ဗုဒ္ဓကိုယ်တိုင် ဆုံးမခဲ့ပါတယ်။

စာရေးသူ သန်းထွန်းရဲ့ သူမသိသေးတဲ့ အချက်တွေကို သိစေဖို့ သူမေးထားတဲ့ မေးခွန်းတွေနှင့်အတူ ပြန်လည်ရေးသား ဖြေကြားပေးလိုက်ရပါတယ်။ စားရေးသူသန်းထွန်း ပထမဦးစွာ တင်ပြထားတာ ကတော့-
လခြမ်းမြီ၊ အမှတ်() ၁၉၉၉-ခု၊ ရှေ့ဆုံးက ဒေါ်လှခိုင် ပြုစုတဲ့ ရခိုင်စကားအသံထွက် အညွှန်း  ကိုတွေ့ရတော့  အရင်ငါးနှစ်က ပြင်သစ်- မြန်မာ အဘိဓာတ်ပြုစုတဲ့  ပြင်သစ်အမျိုးသမီး Madame D. Bennot. ကျွန်တော့်ကိုခိုင်းတဲ့ကိစ္စတစ်ခုကို ပြန်ပြီးသတိရမိတယ်။ သူက ရခိုင်ဝေါဟာရများများ ရချင်လို့ ရခိုင်မင်းသမီးဧချင်းကို ယူကြည့်တယ်။ မြန်မာ့အသံ မြန်မာကာရံနှင့် မြန်မာဧချင်းဖြစ်လို့ စိတ်ပျက်ရတယ်။ ရခိုင်မင်းသမီးဧချင်းစစ်စစ် ရှားပေးစမ်းပါ။ ကျွန်တော်ရှတယ်။ မတွေ့ပါ။ လို့ရေးသားဖော်ပြထားပါတယ်။
သန်းထွန်းမသိ၍ ဖြေကြားပါရစေ။ လခြမ်းမြီမဂ္ဂဇင်းဆိုတာ စစ်တွေမြို့မှ စာပေဝါသနာရှင်တစ်စုက ပြုလုပ်တဲ့ မဂ္ဂဇင်းတစ်စောင်သာဖြစ်တယ်။ ဒီစာအုပ်ပါ ရခိုင်အသံထွက် အညွှန်းဆိုတာလည်း  ယခုပြောနေကြတဲ့ စကားဟာ ဒေသအလိုက် ကွဲပြားခြားနား နေတာကိုစံတစ်ခုယူပြီး ရေးသားစေလို့တဲ့ လခြမ်းမြီရဲ့ မူပိုင် အသံထွက် အညွှန်း သာဖြစ်တယ်။ ဒါကိုအခြေခံပြီး ရခိုင်မှာ စာပေရေးသားနည်းဟာ ယခုမှ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ မဂ္ဂဇင်းတစ်စောင်ရဲ့ ရေးသားနည်းစံသာဖြစ်တယ်။ ဒါကို သန်းထွန်း အနေနဲ့ နားလည်မှု လွဲသွားတာပါ။
အစောဆုံးဧချင်း
နောက်ပြီး ရခိုင်မင်းသမီးဧချင်း အကြောင်းကို ပြောတယ်။ သန်းထွန်းက ရယ်စရာတွေပြောတတ်သားပဲ။ ရခိုင်မင်းသမီးဧချင်းဟာ  မြန်မာသံ၊ မြန်မာကာရံနဲ့ မြန်မာဧချင်းဖြစ်နေတယ်တဲ့။

မြန်မာစာပေသမိုင်းမှာ အစောဆုံးတွေ့ရတဲ့ ကဗျာလေးပုဒ်ရှိတယ်လို့ သိရတယ်။ () သိန်ကန်မိန်တွင်၊ () သိုးကလေးချီ ပုပ္ပားနတ်တောင်၊ () မြကန်လင်္ကာ၊ () သူတည်းတစ်ယောက်ချီ မျက်ဖြေလင်္ကာတို့ ဖြစ်တယ်။ ဦးစွာပထမ အစောဆုံးသိန်ကန်မိန်တွင်ကဗျာကို ရခိုင်ဝေသာလီခေတ် မင်းသမီးသုဝဏ္ဏဒေဝီ ဘွဲ့ခံ စောပြည့်ညိုရေးစားခဲ့တယ်။  စာဆိုရှင်မင်းသမီးဟာ ကဝိဏ္ဍပါသနကျမ်း နှင့် ကဝိဂန္တုကျမ်းများ ဖြစ်တဲ့ ကဗျာလင်္ကာဖွဲ့ဆို ရေးစပ်နည်း ကျမ်းနှစ်စောင်ကို ပြုစုခဲ့တယ်။ အိန္ဒိယပြည်က သုတဗောတ (သျှတ ဗောထ) မူလသက္ကတကျမ်းကို ရခိုင်ဘာသာသို့ ပြန်ဆိုရေးကူးခဲ့တယ်။ ဒီကျမ်းကိုမှီကိုးပြီးကထိကဏ္ဍ ပါသနကျမ်း” “ ကထိဂန္ဓုအလင်္ကာ ဆန်းကျမ်းဒီကျမ်းကြီးတွေဟာ ရခိုင်မှာ ခုထက်ထိရှိသေးတယ်။

ကဗျာလင်္ကာရေးဖွဲ့မှုအတတ်ဟာ ရခိုင်ဝေသာလီခေတ်ကတည်းက အစချီပြီး အမြစ်တွယ် တတ်မြောက်ခဲ့တယ်။ ဒါကို မြောက်ဦးခေတ် နန်းတွင်းစာဆိုဖတူမင်းညိုက ရခိုင်မင်းသမီးဧချင်းကို ရေးသားခဲ့တာဟာ ဘယ်သူ့ဆီကသွားပြီး ကာရန်တွေ၊ ရေးစပ်ဟန်၊ ရေးစပ်နည်းတွေကို ငှားရမ်းယူနေစရာ လိုအပ်မှာ မဟုတ်ပါဘူး။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စာပေသမိုင်းမှာ အစောဆုံးဆုံးဧချင်း (၁၂) စောင်ရှိတယ်။ အဲဒီအထဲမှာ ရခိုင်မင်းသမီးဧချင်းဟာ အစောဆုံးပါလို့ အခိုင်အမာယုံကြည် လက်ခံထားပြီးလည်းဖြစ်တယ်။ ဒါကို ရခိုင်မင်းသမီးဧချင်း စစ်စစ်မဟုတ်ဘူးလို့ သန်းထွန်းကပြောတယ်။

ဧချင်းတစ်စောင်နဲ့ မလုံလောက်

ရမ်းဗြဲ့သရက်ချောင်းက ရရှိထားတဲ့  ရခိုင်မင်းသမီးဧချင်း(ပေမူ) “ကချပ်ကြောဘက် အစ () အကြောင်းတွင်ကန်းပြီဖြားရေမှီဝယ်၊ ရှေ့ဆီပြုပ္ပါ၊ အောက်မို့ခိုင်းတောင်လို့ပါတယ်။ ဒီအထဲမှာဖြားဆိုတဲ့ ဝေါဟာရဟာ ရခိုင်ဝေါဟာရစစ်စစ်သာဖြစ်တယ်။ မြန်မာဝေါဟာရမဟုတ်ဘူး။ မြန်မာမှာဒီရေလို့သာရှိတယ်။  ဒါကိုလည်း သန်းထွန်းက ပိုင်ရှင်လုပ်ချင်သေးတယ်။ နောက်ထပ် မြန်မာစာမှာမရှိတဲ့ ဝေါဟာရတွေ ရှိသေးတယ်။ ရခိုင်ရေးတဲ့ ရခိုင်မင်းသမီးဧချင်းဟာ  ရခိုင်ဧချင်းပါလို့ သက်သေပြနိုင်တာတောင်ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လားလို့မေးတာပေါ့နော်။

ရခိုင်ဝေါဟာရ လိုချင်ရင် ရခိုင်မင်းသမီးဧချင်းကိုကြည့်တာထက်  ရခိုင်တွေနေထိုင်တဲ့ ရခိုင်ပြည်နယ်ကို ရောက်အောင်လာပြီး လေ့လာရမယ်။ ရခိုင်ဧချင်းတစ်စောင်နဲ့ မလုံလောက်နိုင်ဘူးဆိုတာ သိန်းထွန်းအနေနဲ့ လမ်းညွှန်းပေးသင့်တယ်။

အေဒီ() ရာစုကပင် စာရေးနည်းအတတ်

မြန်မာတွေ စာရေးနည်းပညာကို မွန်ဆီက ရတယ်။ ပျူဆီကရတယ်။ ရခိုင်ဘယ်တုန်းက စာရေးတတ်သလဲ ရေးသူ သန်းထွန်းကဆိုထားပြန်တယ်။

ရခိုင်တွေဟာ စာရေးနည်းအတတ်ပညာကို အေဒီ () ရာစုနှင့် ယင်းမတိုင်မီအချိန်ကပင် တတ်မြောက်ခဲ့ကြတယ်။ ရခိုင်ပြည်နယ်မှာ အိန္ဒိနိုင်ငံသုံး ဘာသာများဖြစ်တဲ့ ပါဠိ၊ သက္ကဋ ဘာသာများကို စတင်အသုံးပြုရေးသားခဲ့ကြတယ်။ ယင်းမှ ရက္ခဝဏ္ဏအက္ခရာလို့ခေါ်တဲ့ ရခိုင်အရေးအသားကို ပြောင်းလဲ ရေးသားလာခဲ့ကြတယ်။  ဒါကိုသိချင်ရင် ရခိုင်အက္ခရာ ပေါ်ပေါက်လာပုံကို ကြည့်ဖို့ လိုလိမ့်မည်။ ဥပမာ ရောမအက္ခရာကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလီလျံ စတဲ့ လူမျိုးတွေက သူတို့ဘာသာစကားကို ရေးသားပြုစုနိုင်ဖို့အတွက် အသုံးပြုခဲ့ကြတယ်။ ရှေးအိန္ဒိယ အက္ခရာကိုလည်း တိဘက်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ပျူ၊ မွန်၊ ရခိုင်တို့ကလည်း အသုံးပြုခဲ့ကြတာပဲ။

ရခိုင်စာဘယ်တုန်းကပေါ်ပေါက်လာတယ်ဆိုတာကို မြန်မာတစ်နိုင်ငံလုံးသိရှိဖို့အတွက် (၁၉၅၇-၅၈) ခုနှစ်မှ (၁၉၆၂-၆၃) ခုနှစ်ထိ ကဏ္ဍတစ်ခုအနေနဲ့ ရခိုင်တန်ဆောင်မဂ္ဂဇင်းမှာရခိုင်စာပီကဏ္ဍကိုဖော်ပြ ခဲ့ပြီးဖြစ်တယ်။ ရခိုင်အရေးအသားဟာ ဝေသာလီခေတ်အချိန်က အသုံးပြုခဲ့တဲ့ ရက္ခဝဏ္ဏအက္ခရာနှင့် အရေးအသား ရွတ်ဖတ်ပုံအချို့အပြင် ရခိုင်သင်ပုန်းကြီးဆိုနည်းများကိုပါ တင်ပြပြီးဖြစ်တယ်။

ယခု မြန်မာစာပေ ရေးသားနည်းကို ဗမာတွေထက် ရခိုင်တွေက ပိုင်ပိုင်နိုင်နိုင်ရေးသားနိုင်ကြတယ်။ ဗမာတွေကျတော့ရေးတော့ အမှန်၊ ဖတ်တော့ အသံဆိုပြီး စာလုံးပေါင်းကို ထိန်းထားရတယ်။ နောက်တစ်ခုကအသတ်မနိုင် ရခိုင်မေး ဒါဟာ ဗမာတွေရိုးသားစွာ ခံယူထားတဲ့ အဖြေတစ်ခုပဲ။ ယခုခေတ် ဗမာစာကို မြန်မာနိုင်ငံထဲမှာ တစ်ခြားတိုင်းရင်းသားတွေဟာ မိမိတို့အသံနဲ့ မဖတ် မရွတ် နိုင်ကြဘူး။ ရခိုင်ကျတော့ ဗမာတွေထက်သာနေတယ်။ ဒီလောက်ဆို သန်းထွန်းသဘောပေါက် လောက်ပြီပေါ့နော်။

ခိုင်မာတဲ့ အထောက်အထားရှိ

ရခိုင်တွေဟာ ဂေါတမမြတ်စွာဘုရားနဲ့ ခေတ်ပြိုင်လောက်က မြတ်စွာဘုရားရုပ်ထုတော်ဆိုကတော့ မဖြစ်နိုင်ဘူးထင်တယ် လို့ သန်းထွန်းကရေးသားထားပြန်တယ်။

ရခိုင်ပြည်နယ်ဟာ အိန္ဒိယနှင့် နယ်နိမိတ်ချင်း ပူးကပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ မဇ္ဈိဒေသ ရာဇဂြိုဟ်ပြည်ဟာ ရခိုင်ပိုင်နယ်ဆုံး ကားလကတ္တား ဘင်္ဂလား၊ ဝင်္ဂတိုင်းမှ မိုင်ပေါင်း (၂၅၆) မိုင်ခန့်၊ ယူဇနာအားဖြင့် (၃၂) ယူဇနာခန့်သာ ဝေးခဲ့တယ်။ ယင်းအချိန် ရခိုင်ပြည်နယ်မှာ ဘုန်းကံတော်ကြီးမား အရည်အသွေးပြည့်စုံဝတဲ့ စန္ဒသူရိယ ဘုရင်မင်းမြတ် အုပ်ချုပ်နေတဲ့ အချိန်၊ ဓညဝတီဆိုတာလည်း လူနေမှု၊ ယည်ကျေးမှု ထွန်းကားတိုးတက်နေတဲ့အချိန် ဒီလောက်အဖက်ဖက် ပြည့်စုံနေတဲ့အချိန်မှာ ဗုဒ္ဓကို ပင့်ဖိတ်ကိုးကွယ်ပူဇော်ခဲ့တယ်။ ဗုဒ္ဓရဲ့ ကိုယ်စားတော် မဟာမုနိကို သွန်းလုပ်ကိုးကွယ်ခဲ့တယ်။ ဒါဟာ ဒဏ္ဍာရီထဲက ဝတ္ထုမဟုတ်ဘူး။ ရခိုင်မှာခိုင်မာတဲ့ အထောက်အထားတွေ အပြည့်အဝရှိပါတယ်။

ကိုယ့်ထင်မြင်ချက်တစ်ခုတည်းနဲ့

သန်းထွန်းရေးသလို မဟာမုနိမရှိဘူး၊ မဟာမုနိဟာ မဟုတ်ဘူးဆိုရင် ဘိုးတော်မင်းတရားဟာ ဘာလို့ မဟာမုနိကို မရမက ပင့်ဆောင်ရတာလဲ။ ဒါဟာ ခိုင်မာတဲ့ အထောက်အထားတွေရှိလို့ မဟာမုနိကို ပင့်ဆောင်တယ်ဆိုတာ အဖြေကရှင်းပါတယ်။ ဒါဆို အခု မန္တလေးမှာ ရှိနေတဲ့ ဘုရားကြီးဟာ မဟာမုနိမဟုတ်ဘူးလား။ သန်းထွန်းအနေနဲ့ နာမည်အသစ်တစ်ခု ထပ်ပေးရင် ပိုကောင်းလိမ့်မည် ထင်တယ်။ ရခိုင်တစ်မျိုးသားလုံးမကဘူး၊ မြန်မာတစ်နိုင်ငံလုံးက ကိုးကွယ်ယုံကြည်ချက်ကို သန်းထွန်းက ဖြိုဖျက်တာလား။ တစ်နွယ်ငင် တစ်စင်ပါတတ်တယ်နော်။ ကိုယ့်အထင် ကိုယ့်အမြင်တစ်ခုတည်းနှင့် တစ်နိုင်ငံလုံးရဲ့ ယုံကြည်မှု၊ ခံယူမှု၊ လေးစားဦးခိုက်မှုတွေကို အလွဲသုံးစား မပြုလုပ်ဖို့ ပြောချင်တယ်။ ဒီလိုမဖြစ်နိုင်ဘူး၊ မဟုတ်နိုင်ဘူးဆိုတာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူမျိုးခြား ပညာရှင်ကြီးတွေတောင် မရေးသားကြဘူး။ သန်းထွန်းရေးတာကို တော်တော့ကို အံ့သြတုန်လှုပ်မိပါတယ်။

တခြားနိုင်ငံတွေ ဂုဏ်ယူနေချိန်မှာ

မဟာမုနိဟာ ရခိုင်၊ ရခိုင်ဟာ မဟာမုနိ ခွဲခြားမရတဲ့ သမိုင်းရေစီးကြောင်းပါ။ မြန်မာနိုင်ငံမှာ မဟာမုနိရှိနေတယ်။ ဗုဒ္ဓရဲ့ကိုယ်စားတော် သွန်းစက်တော်တစ်ဆူ ရှိနေတယ်ဆိုတာကို သန်းထွန်းအနေနဲ့ ရှက်နေလို့လား။ တစ်ခြားနိုင်ငံတွေက ဗုဒ္ဓစွယ်တော်ရှိပါတယ်။ ဗုဒ္ဓနေထိုင်ခဲ့ရ ကျောင်းတော်ရှိတယ်လို့ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကိုယ့်နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းအထောက်အထားရှိနေတဲ့ ဗုဒ္ဓသမိုင်းတစ်ခုကို ဖုန်းကွယ်ဖျက်ဆီးဖို့ ကြိုးစားရေးသားတယ်ဆိုတာ သန်းထွန်းကို ဗုဒ္ဓဘာသာဝင်တိုင်းက ဘယ်လိုမြင်ကြမှာလဲ ဆိုတာ စဉ်းစားပါဦး။

အာရှမှာ စစ်မှုထွန်းကားပြီး ခေတ်မီတိုးတက်နေတဲ့ ဂျပန်ဟာ ယနေ့ထိ သူတို့မျိုးနွယ်ကို နေမင်းကြီးက ဆင်းသက်လာခဲ့ကြတဲ့ အနွယ်ဆိုတာကို လက်ခံယုံကြည်နေကြတယ်။ ဖော်ပြနေကြတယ်။ ဒါတောင် မရှက်ကြဘူး။ သဘာဝနှင့် သဟဇာတဖြစ်ပြီး ကိုးကွယ်မှုအမှန် တရားတစ်ခုဟာ  မမှန်ကန်ဘူး။ မှားတယ်ဆိုရင် အမှန်ဆိုတာ ဘယ်အရာကိုခေါ်ဆိုသလဲ။ ရုပ်ထုကိုးကွယ်မှုဆိုတာ ဒီအချိန်ထိ မရှိခဲ့ဘူးလို့ တရားသေ၊ တထစ်ချမတွက်ထားပါနဲ့ဦး။ မရှိဆိုတာထက် မတွေ့သေးဆိုတာက ပိုမှန်ပါလိမ့်မည်။

ဆင်းထုပညာ မိုးပေါ်ကကျမဟုတ်

ရခိုင်မှာ ရုပ်တု၊ ဆင်းတုပညာဟာ ရေစီးသမိုင်းနဲ့ ရှိနေတယ်။ ဝေသာလီခေတ်ရဲ့ရုပ်တု၊ ဆင်းတုပညာဟာ ယနေ့အချိန်ထိ အံ့မခန်း ပြောင်မြောက်တဲ့ လက်ရာဖြစ်နေတယ်။ ဝေသာလီခေတ်ဟာ ဒီလိုပြောင်မြောက်တဲ့ ထုလုပ်မှုပညာကို ဓညဝတီခေတ်က အမွေမဆက်ခံခဲ့ရင် မိုးပေါ်ကကျလာတဲ့ ပညာမှမဟုတ်ဘဲ။ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးဆိုတဲ့ ရေးစီးသမိုင်းဟာ အစဉ်အတိုင်း စီးဆင်းလာတယ်။ ရခိုင်ရဲ့ ရုပ်တု ဆင်းတုပညာဟာလည်း ဒီအတိုင်းပဲ။ တစ်ချိန်က ရခိုင်ဝေသာလီခေတ်ကို သမိုင်းပညာရှင်တစ်ချို့က မယုံကြည်ခဲ့ကြဘူး။ ဝေသာလီဆိုတာ အိန္ဒိယ ဝေသာလီကို ရခိုင်တွေအားကျပြီး မဟုတ်တာ အဟုတ်လုပ်နေကြတာလို့ ဆိုခဲ့ကြတယ်။ ဝေသာလီကို တူးဖော်လိုက်တော့ ရခိုင်ဝေသာလီဟာ ဒဏ္ဍာရီထဲက ဝေသာလီမဟုတ်ဘဲ တကယ့်ဝေသာလီဆိုတာ  သမိုင်းပညာရှင်တွေ လက်ခံခဲ့ကြပြီလေ။ အခုလည်း ဓညဝတီဆိုတဲ့ ခေတ်ကြီးတစ်ခေတ်လုံးရဲ့ အာလုံးသော သမိုင်းရုပ်ကြွင်း၊ သမိုင်းမှတ်တိုင်တွေကို မရရှိသေးပေမယ့် ဓညဝတီမြို့တော်နေရာလို့ ရခိုင်တွေခံယူထားတဲ့ နေရာထဲက တစ်ချို့သော သမိုင်းရုပ်ကြွင်းတွေ၊ သမိုင်းမှတ်တိုင်တွေ ရရှိထားပြီးဖြစ်နေတယ်။ ဝေသာလီလို ခေတ်မီတဲ့ တူးဖော်မှုမျိုး ပြုလုပ်ဖို့ လိုအပ်လိမ့်မယ်။ အဲဒီအခါကျမှ ဓညဝတီဆိုတာကို အံ့သြတုန်လှုပ်သွားလိမ့်မယ်။

ထေရဝါဒဗုဒ္ဓဘာသာဖြစ်

ရခိုင်က စောစောဟာ ပထမသီဝဂိုဏ်းဝင်၊ နောက်မဟာယန ဂိုဏ်းဝင်၊ အနန္ဒစန္ဒြမင်း ရေးကူးစေတဲ့ ပါဠိဘောသာ မဟာယနကွက်တွေ ဖြစ်ဖို့များတယ်။ ရခိုင်မှာ မဟာယနပိဋက အပြည့်အဝမဟုတ်တောင် သုတ္တန်ဒေသနာက ကောက်နှုတ်ချက်တွေ ရောက်နေပြီ။ ကျမ်းအမည်နဲ့တကွ ဖော်ထုတ်လို့ မရနိုင်ဘူးလား။ ရခိုင်က ဘယ်အချိန်ကစပြီး ဟိနာယန ဖြစ်ခဲ့ပါသလဲ.. လို့သန်းထွန်းကရေးထားပြန်တယ်။

ဟိနာယနဆိုတာ ရိခိုင်မှာ မရှိခဲ့ဘူး။ သန်းထွန်း အနေနဲ့ နိုင်ငံခြားသားတွေ ပြောစကားကို နားယောင်ကာ ယေရဝါဒကို ဟိနာယနလို့ ခေါ်နေတာ ဝမ်းစရာကောင်းလှပါတယ်။ မဟာယာန (ဘုရားလောင်း လမ်းစဉ်)နှင့် ဟိနယာန(သာဝကလမ်းစဉ်) တို့ သူမှန် ကိုယ်မှန် အပြိုင်အဆိုင် ငြင်းခုံခဲ့ကြတယ်။ မဟာသံဃိကဂိုဏ်း၊ အန္ဓကဂိုဏ်ဒ၏း၊ စေတီယဂိုဏ်း၊ မဇ္ဈိမိကဂိုဏ်းတိုလည်းပါဝင်ခဲ့ကြတယ်။ 

မဟာယနဝါဒသစ် အယူအဆသစ်ကို လက်မခံခဲ့တဲ့ သဗတ္တိဝါဒဂိုဏ်းသား၊ သုတ္တန္တိကဂိုဏ်းသား၊ ဝိညာဏဝါဒဂိုဏ်းသားတွေကို ဟိနယာနဂိုဏ်းလို့ အမည်ပေးခံရတယ်။ မဟာယာနနဲ့ ဟိနယာန ဂိုဏ်းကွဲချိန်မှာ ထေရဝါဒဟာ အိန္ဒိယမှာ မရှိတော့ဘူး။ ဒါဟာ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း (၇၀၀) အကြာမှာ ဖြစ်တယ်။ ရခိုင်ဟာ ဗုဒ္ဓဂေါတမနဲ့တွေ့ပြီး မြတ်စွာဘုရားရဲ့ ဟောကြားအပ်တဲ့ တရားတော်ကို လက်ခံလာခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြတယ်။ ရခိုင်ကို သီဝဂိုဏ်းဝင်၊ မဟာယာနဂိုဏ်းဝင်လို့ စွပ်စွဲချက်တစ်ခုသာ ဖြစ်တယ်။ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ရခိုင်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်တယ်။

ကျောက်စာတွေ အထင်အရှား

ရခိုင်ဟာ မြတ်စွာဘုရားရဲ့ ကိုယ်ရည်ကိုသွေးကို အခြေခံတဲ့ ဗုဒ္ဓဘာသာမျိုးမဟုတ်ဘူး။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်ကို အခြေခံတဲ့ ဗုဒ္ဓဘာသာဖြစ်တယ်။ ရခိုင်နေရာအနှံ့အပြားတွေမှာ ဗုဒ္ဓရဲ့တရားကို အကျဉ်းချုပ်ရေးထားတဲ့ (ယေဓမ္မာ) ဂါထာကို အများဆုံးတွေ့ရတယ်။ ကျောက်တော်မှ ရတဲ့ စတူပါကျောက်စာ၊ ဝေသာလီဘုရားကြီးကျောက်စာ၊ တောင်ကုတ်အိုးထိမ်းကျောက်စာ၊ သံတွဲ ငလုံးမော် ကျောက်စာ၊  ဝီရစန္ဒြမင်းကျောက်စာတို့ဟာ ဝေသာလီခေတ် အစောပိုင်း ကျောက်စာတွေအဖြစ် ထင်ရှားပါတယ်။

နောက်ပြီး အေဒီ (၁၀၀၀) မတိုင်မှီက ကျောက်စာများ၊ ကျောက်ရုပ်များ သက်သေပြစရာ အပြည့်ရှိတယ်။ ရခိုင်ဗုဒ္ဓဘာသာရဲ့သဘောကို နားလည်စေဖို့ ကျောက်စာတွေမှာ အများဆုံးတွေံရတဲ့ အချက်တွေထဲ့မှာတော့--
() စေတီတည်ကြတယ်။
() ဘုရားတည်ကြတယ်။
() ဘုန်းတော်ကြီးကျောင်းတွေဆောက်ကြတယ်။
() မြေလှူကြတယ်။
() မိဘများကို ရည်စူးတယ် (ဝါ) တခြားသတ္တဝါတွေကို ရည်စူးပြီး အမျှပေးဝေးကြတယ်။
() ဆီးမီးပူဇော်ကြတယ်။ (ကြေးဆီးမီးခွက် အမျိုးမျိုးတွေ့ရှိပြီး)
() ကျောက်စာအများစုမှာ ယေဓမ္မာဂါထာတော်ကို သက္ကဋဘာသာ၊ ပါဠိဘာသာတွေနဲ့ ရေးထိုးကြတယ်။

ကျွန်ုပ်၏ ဒါနပါရမီသည် သတ္တဝါတို့အပေါ်၌ မချို့တဲ့စေသတည်း အာနန္ဒစန္ဒြမင်းကြီးရဲ့ ကြွေးကြော်မှုတစ်ခုဖြစ်တယ်။ ဒါတွေ ဒါတွေအားလုံးကို ခန့်မှန်း ကြည့်ရင် ရခိုင်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဲ့ အဆင့်အတန်းနှင့် အမျိုးအစားကို ခန့်မှန်းနိုင်လိမ့်မည်။

အာနန္ဒစန္ဒြမင်းရေးကူးစေခဲ့တဲ့ ပိဋဟာ မဟာယာနထွက်တွေဖြစ်ဖို့များတယ်လို့ သန်းထွန်းက ဆိုထားပြန်တယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ရခိုင်မှာ ရှိနေတဲ့ ဗုဒ္ဓဘာသာဟာ မဟာယာန မဟုတ်ဘူးဆိုတာ သဘောပေါက်လောက်ပြီထင်တယ်။ ဘယ်လိုလုပ် မဟာယာနပိဋကတွေ ထွန်းကား ခဲ့မှာလဲ။ အာနန္ဒစန္ဒြ ကျောက်စာနှင့် ဝေသာလီခေတ်တစ်ခေတ်လုံးရဲ့ အထောက်အထားတွေကို လေ့လာဖို့ရန် လိုအပ်လိမ့်မယ်။
ဝေသာလီခေတ်ရေထိုးခဲ့တဲ့ စာတစ်ချပ်ရဲ့ အထောက်အထားတစ်ခုကို ပြောရရင်--

လောဘ၊ ဒေါသဟု အညစ်အကြေးကို ပယ်ရှားပြီး တဏှာတည်းဟူသော လှိုင်းတံပိုးတို့ ပြင်းထန်စွာ လှုပ်ရှားရိုက်ခတ်မြည်ဟီးလျက်ရှိသော ဘဝတည်းဟူသော သမုဒ္ဒရာမှ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ပါစေသတည်း ဟု ဆုတောင်းထားတယ်။ ဒီလိုဆုတောင်းချက်တွေဟာ ဓမ္မပဒပါဠိတော်လာ အတိဿစိတ္တပရိ ယေဒပနံ ဟူသော မိမိ၏စိတ်ဓာတ်ကို ကိလေသာအညစ် အကြေးတို့မှ ကင်းရှင်းစေရန်လိုအပ်ကြောင်း ကို ယုံကြည်ကြောင်းကို ထင်ရှားနေပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေတဲ့ ဗုဒ္ဓဘာသာတရားတော် အထက်တန်းအဆင့်မှာ ဖော်ပြပါရှိတာကတော့ ရခိုင်ဝေသာလီပြည်သည် လူနေစည်းကားသောမြို့ပြနိုင်ငံ ဖြစ်ပြီး၊ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံနဲ့ ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်နေကြောင်း၊ မြို့ရွာနယ်ပယ်နှင့် လူအမည်များကို ပါဠိ၊ သက္ကတ အမည်များ မှည့်ခေါ်ကြောင်း၊ ယေဓမ္မာ ဟေတုပဘဝါ စာပေများတွေ့ရှိရ၍ ယင်းအသုံးအနှုန်းစာပေများမှာ ထေရဝါဒစာပေ အသုံးအနှုန်းဖြစ်ကြောင်း ဖော်ပြပါရှိပြီးဖြစ်တယ်။

ခေတ်ဦးကစပြီး၊ သီရိလင်္ကာ(သီဟိုဠ်)နဲ့ ဆက်သွယ်ရေးကို ဖော်ရမှာ… ဆိုပြီး သန်းထွန်းက ရေးထားပြန်တယ်။

သံဃာ (၂၀၀၀) နဲ့ သင်္ဂါသယနာတင်

ရခိုင်နဲ့ သီဟိုဠ် ဆက်သွယ်ရေးဟာ ခေတ်ဦးကတည်းကစပြီး ရှိနေပြီလေ။ ဝေသာလီဘုရင်မင်းမြတ်ဖြစ်တဲ့ သီရိဓမ္မဝိစယ (သီရစန္ဒြ) (အေ.ဒီ ၆၂၂) လက်ထက် အချိန်က ဝေသာလီကျောက်လှေကား မြိုကတော် ရွှေတောင် (ယခုသရက်ချိုတောင်) ကုန်းပေါ်မှာ သင်္ဂါယနာ တင်ပွဲကြိးကို (အေ.ဒီ ၆၃၇) ခုနှစ်မှာ ပြုလုပ်ခဲ့တယ်။ သီဟိုဠ်မှာ သံဃာတော် (၁၀၀၀)၊ ရခိုင်မှ သံဃာတော် (၁၀၀၀)၊ ပေါင်း (၂၀၀၀၀) ပေါင်းပြီး တင်ခဲ့တယ်။ ဒါဟာ ရခိုင်နဲ့ သီဟိုဠ် ဆက်ဆံရေးတွေပဲ။

အာနန္ဒစန္ဒြကျောက်စာ ဂါထာအပုဒ်(၆၁)မှာ အာနန္ဒစန္ဒြမင်း အလှူဒါနပြုရာ၌ ဂီလာမေဃတိုင်းသို့ တရားဟေပင်လ္လင်တစ်ခု၊ ဆင်မယည်သာ တစ်ကောင်နှင့် ပိုးသင်္ကန်းတို့ကို ပို့လွှတ်လှူသည်ဟု ပါရှိတယ်။ ဂီလာမေဃဟာ သီဟိုဠ်ကျွန်းဖြစ်တယ်။ ဒါကြောင့် သီဟိုဠ်နဲ့ ရခိုင်ဆက်သွယ်ရေးဟာ ထင်ရှားပြီးဖြစ်တယ်။




ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတွင် သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများတွင် အရှင်ဒိဗ္ဗစက် ရဟန္တာထွေး (ရှင်ဒိဗ္ဗစက္ခု)သည် ရခိုင်ဝေသာလီမှဖြစ်ကြောင်း၊ ယင်းအချိန်ကာလ အိန္ဒိယဝေသာလီဟူ၍မရှိတော့ကြောင်း၊ ရခိုင်ဝေသာလီသာ ရှိတော့၍ ရခိုင်ဝေသာလီမှ ရဟန္တာအရှင် မြတ်ဖြစ်ရာ ထေရဝါဒသာသနာထွန်းကားနေကြောင်း တင်ပြထားပြီးဖြစ်တယ်။ ဒီလိုပဲ သီဟိုဠ်ကျွန်းထိ ရခိုင်ရဟန္တာမထေရ်မြတ်တွေ သွားရောက်သနာပြုတဲ့ အထောက်အထားတွေ ခိုင်လုံတယ်။ ဒီလောက်ဆို ခေတ်ဦးရခိုင်နဲ့ သီဟိုဠ်ဆက်သွယ်ရေးကို သိလောက်ပြီပေါ့။

ရခိုင်ဟာ ရခိုင်ပဲလား၊ မြန်မာမျိုးခွဲလား ဆိုတာအထောက်အထား မရှိဘဲ ပြောလို့မရပါ။ အခုတွေ့ထားတဲ့ သက္ကတကျောက်စာ၊ ဗြဟ္မီကျောက်စာတွေနဲ့ မလုံလောက်ပါ။ တော်တော့်ကို လေးနက်ပြင်းထန်တဲ့ မေးခွန်းကြီးနဲ့ သန်းထွန်းကမေးမြန်းထားတယ်။

ရခိုင်မှာ တွေ့ထားတဲ့ သက္ကတ၊ ဗြဟ္မီကျောက်စာတွေထက် စောတဲ့စာပေတွေ၊ အထောက်အထားတွေ ရှာခိုင်းနေပြန်ပါပြီ။ ရှိသေးတယ်။ ပါးတော်တစ်ကြောင်းဆွဲ့(အရုပ်)စာ လေ့လာကြည့်ပါ။ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစောဆုံးစာပေ အထောက်အထားတွေဟာ အခိုင်မာဆုံးပဲဆိုတာကို တော့ လက်ခံယုံကြည်ကြတယ်။ ယခုသန်းထွန်းက ဒါတောင် မယုံကြည်နိုင်ဘူးဆိုရင် ဘယ်အရာကို ယုံကြည်ရမှာလဲ။ မီးများမီးနိုင်၊ ရေများရေနိုင်ဆိုတော့ အမှန်တရားဆိုတာ လူသားတွေဖန်တီးလို့ ရနိုင်ကြမှာမဟုတ်ပါဘူး။ တစ်ခုတော့ရှိတယ်။ ရခိုင်မှာ တွေ့ရှိထားတဲ့ သမိုင်းရုပ်ကြွင်း၊ သမိုင်းမှတ်တိုင်တွေ၊ ကျောက်စာတွေဟာ ယခုမှ ရခိုင်တွေ ပြုလုပ်ဖန်တီးထားကြတာ မဟုတ်ဘူး။ သူ့ခေတ်၊ သူ့အခါက ရေးထိုးပြီး ပြုလုပ်ထားကြတဲ့ သမိုင်းအထောက်အထားတွေပါ။

သူမြတ် (မဟာအောင်မြေ)
ရခိုင်သဟာမဂ္ဂဇင်းမှ ကူယူဖော်ပြပါသည်။
.....................................................

ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။