ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် စာတတ်မြောက်မှုနှုန်း ရခိုင်ပြည်နယ် အနိမ့်ဆုံးရ

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များ၏ အခြေခံ စာတတ်မြောက်မှုနှုန်းသည် တစ်နိုင်ငံလုံးတွင် ရခိုင်ပြည်နယ်မှာ အနည်းဆုံး အဆင့်ရှိကြောင်း

  စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၏ စစ်တမ်းကောက်ယူမှု အရ သိရသည်။


“နိုင်ငံတကာ အဆင့်မီ လေ့လာ ဆန်းစစ်ချက်တွေအရ တွေ့ရှိရတဲ့ အချက်အလက်တွေပါ” ဟု စစ်တမ်း၏ ခိုင်မာမှုကို စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့်ရှိ အမျိုးသမီးတစ်ဦးက အတည်ပြုပြောသည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ အမျိုးသမီးငယ်လေးများကို စစ်တမ်းပြုစုထားခြင်းဖြစ်ပြီး ထိုထဲတွင် အခြေခံပညာ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် အဆင့်မြင့် ပညာသင်ယူထားကြသူများ စာတို၊ စာစလောက်ကိုသာ ဖတ်နိုင်သူများ အပါအဝင် နေ့စဉ်ဘဝကို ရိုးရှင်းစွာဖြင့် ဖြတ်သန်းသွားကြသူများ ပါဝင်ကြောင်း အဆိုပါစစ်တမ်းအရ သိရသည်။ ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်များသည် အခြားပြည်နယ်တိုင်းများနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း ကျော်ကျော်၌သာ ရှိနေပြီး ကျန်နေရာဒေသများထက် ထက်ဝက်နီးပါးခန့် လျော့နည်းကြောင်း တွေ့ရှိရသည်။ မာန်အောင်မြို့နယ်မှ အသက် ၅၀ အောက်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးက “ပညာရေးကို ဒီမှာစိတ်ဝင်စားမှု နည်းပါးနေတာက အမှန်တကယ် လက်တွေ့ဖြစ်နေတယ်။ ဒါကြောင့်လည်း စစ်တမ်းမှာ ပြနေတာပေါ့။ မိဘကပညာရေးကို ဂရုမစိုက်ဘူး၊ ဒါက လက်လုပ်လက်စား များနေတာပါသလို လယ်ရှိ၊ နွားရှိရင် ဖြစ်တယ်ဆိုတဲ့ အတွေး ဝင်နေကြတာလည်း ပါတယ်” ဟု အရှိကို အရှိတိုင်း ရိုးသားပွင့်လင်းစွာဖြင့် ဆိုသည်။

ပြည်နယ်နှင့်တိုင်း ဒေသကြီးတို့အလိုက် အသားတင် မူလတန်း ကျောင်းပြီးစီးမှုနှုန်းနှင့် အလယ်တန်းနှင့် အထက်တန်းသို့ ဆက်လက် တက်ရောက်နှုန်းတွင်လည်း ကျန်ဒေသကြီးနှင့် ပြည်နယ်တို့နှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးတွင်ရှိနေခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ထပ်မံ တွေ့ရှိရသည်။ ရခိုင်ပြည်နယ် ပညာရေးနယ်ပယ် အသိုင်းအဝိုင်းမှ အမျိုးသမီးကြီး တစ်ဦးက ထပ်မံ၍ “မူလတန်းပြီးလို့ ဆက်မတက်တော့တာမျိုးတွေ ရှိနေပါတယ်။ ဒါပေမဲ့ စာရင်းအများကြီးတော့ မရှိပါဘူး၊ ဒါက ကိုယ့်နယ်တစ်ခုတည်းကို ကြည့်ပြောတာပါ။ ပြည်နယ်တစ်ခုလုံးကို မဆိုလိုပါဘူး” ဟုပြောသည်။ ငွေရေး၊ ကြေးရေး၊ စီးပွားရေး မပြေလည်မှုများ ရှိနေသည့်အပြင် အမှန်တကယ် ငွေကြေးပြေလည်သူ အချို့တို့ပါ ၎င်းတို့၏ သားသမီးပညာရေးကို ဂရုစိုက်မှု အားနည်းနေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ယင်းကဲ့သို့ ပညာတတ်မြောက်မှုနှုန်း ကျဆင်းခဲ့ရသည်ဟု ပညာရေး အသိုင်းအဝိုင်းက ဝေဖန်ထောက်ပြမှုများ ရှိနေသည်။ “စာတတ်လို့ ဘာရလဲ၊ ဆယ်တန်းအောင် ဘွဲ့ရလို့ ဘာဖြစ်လဲ၊ အစိုးရလည်း အလုပ်မပေးနိုင်ဘူးဆိုတဲ့ အတွေးတွေ ရှိနေတယ်။ သူတို့ရဲ့လက်ရှိ အခြေအနေအရ မှန်နေမယ်ဆိုရင်တောင်၊ တချိန်ချိန်မှာ ဒီအတွေးက တက်တက်စင်အောင် မှားသွားနိုင်တယ်” ဟု ပညာရေးနယ်ပယ်မှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မှာ ရန်ကုန်မြို့နှင့် မတူသည်များ ရှိသည့်အတွက်ကြောင့် ယင်းအတွေးရှိနေကြောင်းကို ကိုယ်တိုင် လက်တွေ့ ကြုံနေရသူ တစ်ဦးက “ရန်ကုန်မှာက အလုပ်လည်းပေါတဲ့ အပြင်ကို အစိုးရဌာနနဲ့ ကုမ္ပဏီတွေမှာ အလုပ်ရဖို့က ရခိုင်ပြည်နယ်ထက် ရာခိုင်နှုန်းများနေတယ်။ ဟိုမှာက ဒီလိုမဟုတ်ဘူး။ ရန်ကုန်ကိုလည်း အလုပ်လုပ်ဖို့ဆိုပြီး လွှတ်ဖို့ကလည်း မလွယ်ဘူး။ ဒီဖြစ်ရပ်တွေက ရှိနေတယ်” ဟု ပညာရေး ပြီးဆုံးမှုနှုန်း နည်းရသည့် အခြေခံ အချက်အလက်ကို ပြောသည်။ ယခု ရခိုင်ပြည်နယ်အတွင်း၌ မလေးရှား၊ ထိုင်းသို့ အလုပ်သွားရောက် လုပ်ကိုင်မှုကို အမျိုးသားများနှင့် ရင်ပေါင်တန်းကာ အမျိုးသမီးငယ်တို့ လိုက်လံပြုလုပ်နေကြပြီး၊ ငွေကျပ်သိန်း ၂၀၊ ၃၀ စုမိပါက ရွာပြန်ကာ လယ်၊ နွားဝယ်ခြင်းနှင့် ဈေးဆိုင်ဖွင့်ခြင်းများတို့ ဆောင်ရွက်ကာ လုပ်ကိုင် စားသောက်မှုနှုန်း မြင့်မားလာနေသည်ဟုလည်း ရခိုင်ပြည်နယ် သတင်းရပ်ကွက်က သိရသည်။ ပညာတတ်လျှင် လူရာဝင်ကာ အနှိမ်မခံရကြောင်း၊ ပညာမတတ်ပါက ဉာာဏလုပ်သားမဖြစ်ဘဲ ကာယလုပ်သားသာ ဖြစ်နိုင်သည်ဟု ဆိုထားသည့်အတွက် ရခိုင်ပြည်နယ်တွင် ပညာတတ်မှု များစေရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်နေ ပြည်သူတို့ ကြိုးပမ်းရမည့် အရေးကြီး ကိစ္စဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေး အသိုင်းအဝိုင်းက ရှုမြင်ကြကြောင်း စုံစမ်းသိရှိရသည်။

မင်းသုအောင်
................
http://www.nyazay.com/applications/newsreader/public/article/view/id/8535
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။