သံတွဲတွင် မြေလွတ်မြေရိုင်းများ ခုတ်ထွင်လာခြင်းကြောင့် သစ်တောထွက်ပစ္စည်းရှားပါးလာမည်ကို ဒေသခံများစိုးရိမ်

ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများကို လုပ်ငန်းရှင်ကြီးများ  လုပ်ကိုင်ခွင့်ရရှိလာခြင်းကြောင့် မိရိုးဖလာတောင်သူလုပ်ငန်းများနှင့် ဒေသတွင်းသုံးသစ်တောထွက်ကုန်များအပေါ် ထိခိုက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

သံတွဲမြို့အရှေ့တောင်ဘက်ရှိ ရှင်အောင်ကျေးရွာအုပ်စုနှင့် ဥယျာဉ်ကွင်းကျေးရွာအုပ်စုများမှ မြေဧက ၃၅၀၀ ခန့်ကို ရေခဲစက်နှင့် အအေးခန်းလုပ်ငန်းများလုပ်ကိုင်နေသည့် လင်းအောင်ကုမ္ပဏီမှ ယခုနှစ်ဆန်းပိုင်းက ရာဘာစိုက်ပျိုးရန်ဂရံရှိခဲ့ပြီး လက်ရှိအချိန်တွင် တောခုတ်မြေရှင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းထားသည့် မြေလွတ်တနေရာ

ရှင်အောင်ကျေးရွာမှ ဒေသခံတစ်ဦးက “ဒီတောတောင်တွေမှာပဲ ရာသီအလိုက် ၀ါးခုတ်၊ ထင်းခုတ်ကြတယ်။ အခုလို ကုမ္ပဏီကယူလိုက်တော့ ဘာလုပ်ရမယ်မသိတော့ဘူး။ အဝေးကြီးသွားခုတ်ရမယ်ဆိုလည်း စရိတ်ကြီးသွားမယ်” ဟု ၎င်းတို့ အခက်အခဲကိုပြောပြသည်။

၎င်းဒေသတွင်းရှိကျေးရွာများမှာ ကိုယ်ပိုင်လယ်ယာများမရှိကြဘဲ သဘာဝတောများအတွင်း ထင်းခုတ်ဝါးခုတ်လုပ်ကိုင်ကြသည်။ ၎င်းမြေများကို ဂရံပေးမည်ဆိုပါက ပတ်ဝန်းကျင်ကျေးရွာများကို ဦးစားပေးသင့်ကြောင်း ဒေသခံများကပြောသည်။

“ဒီလိုကျေးရွာနဲ့ နီးနီးလေးမှာ ဂရံလာယူတော့ အိမ်သုံးထင်းခုတ်ဖို့အတွက်တောင် ခက်လာတော့မယ်။ အရင်က ဘယ်နေရာမှာခုတ်ခုတ်ရနေတာလေ” ဟု ဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့၏ ထင်းနှင့်မီးသွေးလိုအပ်ချက်ကို ၎င်းဒေသတစ်ဝိုက်မှရရှိနေခြင်းကြောင့် နောက်ပိုင်းတွင် သံတွဲမြို့ခံများအသုံးပြုရန် လောင်စာအတွက်ပါ အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံများကစိုးရိမ်နေကြသည်။

သံတွဲမြို့ခံတစ်ဦးဖြစ်သူ ဦးထွန်းကြိုင်က “ ခုချိန်မှာတော့ ဒီအဖြစ်အပျက်ကို ခပ်ပေါ့ပေါ့ပဲတွေးကြမယ်။ ဒါပေမယ့် ဒီနေရာမှာ ဒီလိုမြေတွေရှိသေးတယ်ဆိုတာ သိသွားကြရင် အလုံးအရင်းနဲ့လာပြီး လုပ်ကြတော့မယ်။ အဲ့ဒိအခါ သံတွဲသားတွေက ကုမ္ပဏီတွေဆီက ထင်းဝယ်သုံးရတဲ့အခြေအနေဖြစ်သွားမှာကို အရမ်းစိုးရိမ်တယ်” ဟု သုံးသပ်သည်။

၂၀၀၀ ပြည့်နှစ်ခန့်က သံတွဲမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဋ္ဌာနနှင့် အဲဗားလိုက်ကုမ္ပဏီတို့က ပုစွန်မွေးမြူရန် လယ်မြေဧက ၁၀၀၀ ခန့်ကိုသိမ်းယူခဲ့ပြီး လက်တွေ့တွင် ဧက ၃၀ ခန့်သာလုပ်ကိုင်ခဲ့သည်။

ယခုနှစ်ဇန်န၀ါရီအတွင်းက သံတွဲမြို့တောင် ပျဉ်းမခုံကျေးရွာအုပ်စုရှိ ကြေးတိုင်ပြင်အမှတ် VT ၅၅ ရှိ မြေဧက ၂၃၀၀ ကို မြေလွတ်မြေရိုင်းအသုံးချခွင်ရရှိရေးအတွက် Lwin & Swan Industrial Co.Ltd က သက်ဆိုင်ရာသို့တင်ပြထားသည်။

၂၀၁၀ ပြည့်နှစ် ဧပြီက ရခိုင်ပြည်နယ်တွင် ရာဘာဧက ၁၂၀,၀၀၀ စိုက်ပျိုးရန် ဗီယက်နမ်နိုင်ငံက လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်းနှင့် အရှေ့တောင်အာရှတွင် ရာဘာစိုက်ပျိုးမှု တိုးတက်များပြားလာခြင်းက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ပိုမိုဆိုးဝါးစေကြောင်း ပြည်တွင်းဂျာနယ်များကရေးသားဖော်ပြကြသည်။

သံတွဲမြို့နယ် ရှင်အောင်ကျေးရွာအုပ်စု
..........
သစ်ထူးလွင်
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။