သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏ (ဇော်ဂျီ )

Sunday, January 23, 2011

ရှေးဟောင်းရခိုင် သုတေသန ပညာရှင် ဦးစံသာအောင်

ရှေးဟောင်းရခိုင် သုတေသန ပညာရှင် ဦးစံသာအောင် (၁၉၂၅-၁၉၈၁)။

ရှေးဟောင်းရခိုင် သုတေသန ပညာရှင် ဦးစံသာအောင်

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာရှင် အတော်များများ ပေါ်ထွက်ခဲ့ပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခဲ့သည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး တို့သာ ထင်ထင်ရှားရှား ရှိခဲ့သည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရေးခဲ့သူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။

ဦးစံသာအောင်သည် ရှေးဟောင်း ပျူ၊ မွန်၊ မြန်မာ အက္ခရာရင်းမြစ် ပညာရှင် ဦးသာမြတ်ကို စံပြု၍ သိပ္ပံပညာ နယ်ပယ်မှ ဝိဇ္ဇာပညာရပ် နယ်ပယ်သို့ ကူးပြောင်းလာသူ တဦး ဖြစ်သည်။ ဦးသာမြတ်သည် စိုက်ပျိုးရေး သိပ္ပံဘွဲ့ရ လယ်သာ စိုက်ပျိုးရေး ညွှန်ကြားရေးဝန် ဘဝမှ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန်၊ မြန်မာစာပေ ဘာသာစာကားနှင့် ယဉ်ကျေးမှု သုတေသန ပညာရှင် အဖြစ် ထင်ရှားခဲ့သူ ဖြစ်သည်။ ထို့အတူ ဦးစံသာအောင်သည်လည် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ A.M. (Physics) ရ၍ ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ထမ်းဆောင်ခဲ့သော်လည်း ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု ပညာရှင် အဖြစ် ပိုမို ထင်ရှားခဲ့ပါသည်။

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှု အားနည်းခဲ့သည်။ ထို့ပြင် ရခိုင် ရာဇဝင်သည်လည်း အခြားသော ရာဇဝင်များ နည်းတူ ဒဏ္ဍာရီဆန်သော ရှေးဟောင်း အစဉ်အလာ ပြောစကားများ၊ ထူးကဲ အံ့သြဖွယ်ရာများနှင့် ဆက်နွှယ်နေရာ ခိုင်မာမှု မရှိလှချေ။ သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခဲ့သည်ဟု ယူဆသော အာနန္ဒစဏ္ဍန္ဒ ကျောက်စာကို ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှစ်သောင်းဘုရား၌ တွေ့ရှိခဲ့ရာမှ ခေတ်ဦး ရခိုင် သမိုင်းသည် ပိုမို ပီပြင်လာပါသည်။ အာနန္ဒစန္ဒြ ကျောက်စာကို ရှစ်သောင်းဘုရား အနီးတွင် တွေ့ရှိရသောကြောင့် ရှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ ဤကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက်တွင် ဝေသာလီမြို့ နန်းတော်ရာကုန်း အနီးမှ မြောက်ဦးမြို့ ရှစ်သောင်းဘုရား အနီး ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်သည်။ အာနန္ဒစန္ဒြ ကျောက်စာအရ ရခိုင် ဝေသာလီမြို့ဟောင်းသည် မြန်မာ့သမိုင်းတွင် အစောဆုံး မြို့ပြနိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့နှင့် ခေတ်ပြိုင်ဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။

အာနန္ဒစန္ဒြ ကျောက်စာကို ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်၍ စာတမ်း ရေးသားခဲ့သော ပညာရှင်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၊ ဘေလီယာ ကောလိပ်မှ အရှေ့တိုင်း ပညာပါမောက္ခ ဒေါက်တာ အီး၊ အိပ်ခ်ျ၊ ဂျွန်စတင် ( Dr.E.H. Johnston) ဖြစ်သည်။ ဂျွန်စတင်နှင့် ခေတ်ပြိုင် လေ့လာသူ တဦးမှာ အိန္ဒိယ ကျောက်စာဝန် ဒေါက်တာ ဒီ၊ စီ၊ ဆာကား (Dr. D. C. Sircar) ဖြစ်သည်။ ဂျွန်စတင်၏ စာတမ်းသည် ဂျွန်စတင် ကွယ်လွန်ပြီးမှ ဆာရစ်ချတ်ဘန်း (Sir Richard Bum) နှင့် ပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ် (G. H. Luce) တို့၏ ကြိုးစား တည်းဖြတ်မှုဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဂျွန်စတင်၏ 'ရခိုင်ပြည်နယ်ရှိ သက္ကတ ကျောက်စာအချို့' Some Sanskrit Inscriptions of Arakan စာတမ်းကို ၁၉၄၄ ခုနှစ်ထုတ် အရှေ့တိုင်းနှင့် အာဖရိက ပညာ လေ့လာရေး စာစောင် အတွဲ ၁၁၊ အပိုင်း၂၊ Bulletin of the School of Oriental and African Studies, Vol. 11, Pt. 2 (1944) တွင် တွေ့နိုင်ပါသည်။ ဒေါက်တာ ဆာကားသည် ရခိုင်ကျောက်စာများ အကြောင်းကို အိန္ဒိယ အက်ပီဂရမ်ဖီယာ India Epigraphia, Vol. 32 (1975) နှင့် Vol. 37 (1967) တို့တွင် ရေးသားခဲ့သည်။

အာနန္ဒစန္ဒြ ကျောက်စာသည် ခေတ်ဦး ရခိုင် သမိုင်းအတွက် အလွန် အရေးပါ လှပါသည်။ ထို့ကြောင့် ဆရာ မင်းသုဝဏ်သည် ၁၉၅၁-၅၂ ခုနှစ်ထုတ် ဓညဝတီမဂ္ဂဇင်း၌ 'အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်မင်းတပါး' အမည်ဖြင့် လည်းကောင်း၊ ရှေးဟောင်း သုတေသန အရာရှိ မွန်ဘိုကေသည် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၂၊ အမှတ် ၇ (မတ် ၁၉၅၇) တွင် 'ရှစ်သောင်းဘုရားမှ သက္ကတ ကျောက်စာတိုင်' ဆောင်းပါးဖြင့် လည်းကောင်း၊ ဒေါက်တာ သန်းထွန်းသည် ၁၉၆၄ ခုနှစ်ထုတ် ခေတ်ဟောင်း မြန်မာရာဇဝင်တွင် 'ရခိုင်ခေတ်ဦး' အမည်ဖြင့် လည်းကောင်း၊ ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ်ထုတ် ရခိုင် ယဉ်ကျေးမှု စာစောင်၊ အတွဲ ၁၊ အမှတ် ၁ တွင် 'ဝေသာလီ' ဟူသော အမည်ဖြင့် လည်းကောင်း ရေးသားခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် ကျင်းပသည့် တတိယ အကြိမ်မြောက် သုတေသန ကွန်ဂရက်တွင် မန္တလေး တက္ကသိုလ် ပါဋ္ဌိဌာနမှ ဆရာမြင့်ဆွေ သည် 'အာနန္ဒစန္ဒြ သက္ကတကျောက်စာ' အမည်ဖြင့် သုတေသန စာတမ်း ဖတ်ကြားခဲ့၍ စာပေနှင့် လူမှုရေး သိပ္ပံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၃၊ စက်တင်ဘာ ၁၉၆၉ တွင် ပုံနှိပ် ဖော်ပြခဲ့သည်။ အာနန္ဒစန္ဒြ ကျောက်စာနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် အဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသန လက်ရာ ပြပါဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဦးစံသာအောင်၏ 'အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီမင်း' စာအုပ်ကို ပြရပါသည်။

ဦးစံသာအောင်၏ စာအုပ်တွင် အခန်း ၁၄ ခန်း ခွဲထားသည်။ အခန်း (၁) တွင် ကျောက် စာတိုင် တည်နေရာနှင့် ရေးထိုးထားသော စာများ၊ အခန်း (၂) တွင် ဝေသာလီ၊ အခန်း (၃) တွင် အာနန္ဒစန္ဒြ ကျောက်စာကို ဖတ်ခြင်းများ၊ အခန်း (၄) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာ ဓာတ်ပုံများ၊ အခန်း (၅) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာသုံး ဗျည်းအစ သရအလယ် သရ နှစ်လုံးဆင့်များနှင့် အသတ်များ၊ အခန်း (၆) တွင် တကြောင်းချင်း ယခုခေတ် မြန်မာ အက္ခရာဖြင့် ဖလှယ်ခြင်း၊ အခန်း (၇) တွင် ကျောက်စာစာကိုယ် ဝေါဟာရ အဖွင့်နှင့် မြန်မာပြန်၊ အခန်း (၈) တွင် ခေတ်ဦးကာလ ရခိုင်မင်းဆက်၊ အခန်း (၉) တွင် ဒုတိယခေတ် မင်းဆက်၊ အခန်း (၁ဝ) တွင် တတိယခေတ် မင်းဆက်၊ အခန်း (၁၁) တွင် အာနန္ဒစန္ဒြမင်း၊ အခန်း (၁၂) တွင် မှတ်သားဖွယ်ရာများ၊ အခန်း (၁၃) တွင် ဝေသာလီမှ စေတီသည် ကျောက်စာငယ်၊ အခန်း (၁၄) တွင် ဝေါဟာရ အညွှန်း ဟူ၍ စနစ်တကျ တင်ပြထားသည်။ လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်း အဓိပ္ပာယ် ဖလှယ်၍ ကျောက်စာ ဖတ်ပုံ နည်းစနစ်ကို ရှင်းလင်းထားသည်။ ထို့ပြင် ခေတ်ဦး ရခိုင်မင်းဆက် အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓ အနုပညာ လေ့လာလိုသူများ အတွက်ပါ အထူး အသုံးဝင်လှပါသည်။

ခေတ်ဦးရခိုင်နှင့် ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသန လက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သော 'အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ' စာအုပ် ဖြစ်သည်။ ဤစာအုပ်နှင့် ပတ်သက်၍ စာရေးသူက နိဒါန်းတွင် -

"ဤစာအုပ်တွင် ရှေးအိန္ဒိယနိုင်ငံသုံး ဗြာဟ္မီ အက္ခရာအကြောင်းကို လည်းကောင်း၊ ဗြာဟ္မီ အက္ခရာများ အကြောင်းကို လည်းကောင်း ဖော်ပြထားပါသည်။ ယင်းတို့ မည်သို့ ဆင့်ကဲေ ပြာင်းလဲလာပုံကိုလည်း ရှင်းလင်းထားပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်တွင် တွေ့ရှိရသော ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဒင်္ဂါးစာများ၊ ကြေးနီပြားစာ စသည်တို့ကို သမိုင်း အကျဉ်းချုပ်နှင့်တကွ မူရင်းစာကိုပါ ယနေ့သုံး မြန်မာ အက္ခရာဖြင့် ပြန်ဆို ကူးရေး၍လည်း ဖော်ပြထားပါသည်။ ယင်းတို့ကို စုစည်းပြီး ၆ ရာစု မတိုင်မီ ရခိုင်ပြည်နယ်သုံး ဗျည်းနှင့် သရတို့ကို ထုတ်ယူ၍ ဖော်ပြထားပါသည်" ဟု ရှင်းလင်းထားပါသည်။

ထိုသို့ ရှင်းလင်းရာတွင် ဗြာဟ္မီ အက္ခရာများ ခေတ်အဆက် ဆက်ပြောင်းလဲလာပုံ ဇယား၊ ဓာတ်ပုံ၊ အဓိပ္ပာယ် ရှင်းလင်းချက်၊ မှတ်ချက်များနှင့် စနစ်တကျ ဖော်ပြသည်။ တဖန် ယင်းတို့ကို ခြုံငုံ သုံးသပ်၍ ရခိုင်ပြည်နယ်သုံး အက္ခရာများသည် ပျူအက္ခရာနှင့် လည်းကောင်း၊ ကဒံဗ၊ ပလ္လ အက္ခရာများနှင့် လည်းကောင်း ကွဲပြား ခြားနားသည်။ ဆင့်ပွား မဟုတ်ဟု တင်ပြထားပါသည်။

မည်သို့ ဆိုစေ ရှေးဟောင်း ရခိုင် အက္ခရာရင်းမြစ် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် စနစ်တကျ လေ့လာ တင်ပြထားသော သုတေသန လက်ရာ တရပ် ဖြစ်သည်။

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော 'ရခိုင် ဒင်္ဂါးများ' ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင် ကွယ်လွန်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire and Chesice Numismatic Spciety မှ 'Arakanse Coins' အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ဘာသာပြန်သူမှာ မစ္စတာ ရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) တို့ ဖြစ်သည်။

ဦးစံသာအောင် မတိုင်မီကပင် ရခိုင်ဒင်္ဂါးများနှင့် ပတ်သက်၍ နိုင်ငံခြားသား သုတေသီ ပညာရှင်များသည် စာအုပ် စာတမ်းများ ရေးသားခဲ့ပါသည်။ သောမတ်စ်လတ္တား (Thomas Latter) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan စာတမ်းကို ၁၈၄၆ ခုနှစ်ထုတ် တော်ဝင် အာရှရေးရာ စာစောင် The Joumal of the Royal Asiatic Society of Brngal, Vol. 15 (1846) တွင် လည်းကောင်း၊ ယင်းစာစောင်မှာပင် ဆာ အာသာ ဖယ်ယာ (Sir Arhtur P. Phayre) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan : the historical coins ကို လည်းကောင်း၊ ၁၈၇၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၄၁ တွင် ဂျီ၊ အီး၊ ဖရိုင်ယာ (G. E. Fryer) ၏ 'ရခိုင် ဒင်္ဂါးမှတ်စု' Note on Arakanese Coins စာတမ်း၊ ၁၈၉၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၆၁၊ အပိုင်း ၁ တွင် ဒဗလျူ၊ သီအိုဘဲ (W. Theobald) ၏ 'ရခိုင် ဝေသာလီခေတ် အမှတ်တံဆိပ်ပါ ဒင်္ဂါးများ' On a symbolical Coins of the Wethali Dynasty of Arakan စာတမ်း၊ ၁၉၂၈ ခုနှစ်ထုတ် အင်ဒိယန်း အင်တီကွာရီ The Indian Antiquary, Vol. 57 (1928) တွင် ဆာ ရစ်ချက်တင်ပယ် (Sir Richard Temple) 'မြန်မာနိုင်ငံတွင် တွေ့ရသော ဒင်္ဂါးများဆိုင်ရာ မှတ်စု' Notes on Currency and Coinage among the Burmese စာတမ်း၊ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် နေးရှင်း၊ တနင်္ဂနွေ အချပ်ပို (The Nation Sunday Supplement) တွင် ရပ်စတင် (C. A. Rouston) ၏ 'ရခိုင်ဒင်္ဂါး အချို့' (Some Coins of Arakan ဆောင်းပါးများနှင့် ၁၈၈၂ ခုနှစ်တွင် ဆာ အာသာဖယ်ယာ၏ 'မြန်မာ ပဲခူးနှင့် ရခိုင်ဒင်္ဂါးများ' Coins of Arakan of Pegu and Burma လုံးချင်း စာအုပ်များ ထွက်ပေါ် လာခဲ့ပါသည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပင်မလာဂတ်မန်း (Pamela Gutman) သည်လည်း ပါရဂူဘွဲ့ အတွက် 'ခေတ်ဦးရခိုင်' Ancient Arakan စာတမ်းကို ၁၉၇၆ ခုနှစ်တွင် တင်သွင်းခဲ့သည်။ ရခိုင် ဒင်္ဂါးများနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၏ (ဝေသာလီခေတ် ဒင်္ဂါးများ) ဆောင်းပါးကို ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၄၊ အမှတ် ၂ (ဧပြီ ၁၉၆၃) နှင့် ဦးအောင်သာဦး၏ 'ရခိုင်ဒင်္ဂါးသမိုင်း'ကို ရခိုင်တန်ဆောင် မဂ္ဂဇင်း (၁၉၇၂) တွင် တွေ့နိုင်ပါသည်။

ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ်တွင် အခန်း ၁ဝ ခန်းခွဲ၍ ပြုစုထားသည်။ အခန်း (၁) တွင် ဒင်္ဂါးများ ပေါ်ပေါက်လာရေး၊ အခန်း (၂) တွင် ရှေးဟောင်း ရခိုင်ဒင်္ဂါးများ၊ အခန်း (၃) တွင် ရခိုင် ဝေသာလီ ဒင်္ဂါးများကို ရခိုင် ရာဇဝင်များနှင့် ညှိခြင်း၊ အခန်း (၄) တွင် အာနန္ဒစဏ္ဍန္ဒမင်း ကျောက်စာပါ ရှေးမင်းများ၊ အခန်း (၅) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ၊ အခန်း (၆) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ မပါသော ရခိုင်ဒင်္ဂါးများ၊ အခန်း (၇) တွင် မြောက်ဦးမင်းဆက်များ၏ အတ္ထုပ္ပတ္တိ အကျဉ်း၊ အခန်း (၈) တွင် မြောက်ဏီး မင်းဆက်များ၊ အခန်း (၉) တွင် ဒင်္ဂါးစာများ ဖတ်ရန် ဗျည်းနှင့် သရများ၊ အခန်း (၁ဝ) တွင် ပြုလုပ်သော ပစ္စည်း၊ အရွယ်အစားနှင့် အလေးချိန်တို့ ပါဝင်သည်။ နောက်ဆက်တွဲ အဖြစ် ရခိုင်ဒင်္ဂါး ၁၄၈ ပြား၏ ဓာတ်ပုံများ ပါသည်။ ထို့ကြောင့် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ် ထွက်ပေါ်လာသော အခါ ပညာရေး တက္ကသိုလ် လက်ထောက် ကထိက ဦးတိုးလှ (တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တိုးလှ) က တက္ကသိုလ် ပညာပဒေသာ စာစောင်တွင် -

"… မစ္စတာ ဒူရွိုင်ဆယ် စီစဉ်သော ဖယ်ယာပြတိုက်ရှိ 'ဒင်္ဂါးများစာရင်း' ခေါ် စာအုပ်နှင့် ဆာ အသာဖယ်ယာ ပြုစုသော 'ရခိုင်၊ ပဲခူးနှင့် မြန်မာနိုင်ငံ ဒင်္ဂါးများ' ဟူသော စာအုပ်တို့ကို ပုံနှိပ်ပြီး ဖြစ်သော်လည်း ယင်းစာအုပ်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၍ လွန်စွာလည်း ရှေးကျ၍ နေသော စာအုပ်များ ဖြစ်ချေသည်။ ထို့ကြောင့် အနည်းဆုံး မြန်မာနိုင်ငံတော် အတွင်း၌ ရှေးက သွန်းခတ် ထုတ်လုပ်ခဲ့သော ဒင်္ဂါးများ အကြောင်းကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အသစ် ထပ်မံ ရေးသား ပြုစုရန် လိုအပ်ပေသည်။"

အထက်ပါ စာပိုဒ်ကို ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၅၇-၅၈ ခုနှစ်အတွက် နှစ်ချုပ် အစီရင်ခံစာ (စာ-၄) မှ ထုတ်နုတ် ဖော်ပြပါသည်။

"ရွှေငုံးမင်း အမြီးမျှော်သလို အနှစ် ၂ဝ စောင့်မျှော်ခဲ့ပါပြီ။ မပေါ်လာသေးတကား။ မမျှော်လင့်သော နေရာမှ မျှော်လင့် မှန်းဆ ကြည့်နိုင်တတ်သည်ထက် ပို၍ကောင်းသော၊ ရခိုင်ဒင်္ဂါး သမိုင်း ကျမ်းတစောင် ထွက်ပေါ်လာပေပြီ။ ယင်းကား ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' ပင်တည်း။ … … ရှေးဟောင်း ဒင်္ဂါးတပြားသည် ခေတ်တခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပေ အနုပညာနှင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ယဉ်ကျေးမှုကြီး တရပ်လုံးကို လွှမ်းခြုံထားရကား အမျိုးသား သမိုင်းကို သိရှိလိုသူတိုင်း ဒင်္ဂါးသမိုင်းကို လေ့လာကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သမိုင်းအတွက် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' သည် ပုဗ္ဗမင်္ဂလာပင် ဖြစ်တော့သည်။ သက္ကတဘာသာ ကျွမ်းဝင်လိုသူများ၊ ရှေးဟောင်း အက္ခရာ လက်ရေးပညာကို လေ့လာလိုသူများ၊ သမိုင်းပညာရှင်များ၊ ဘောကဗေဒ ပညာရှင်များ စသည်တို့ လေ့လာထိုက်သည့် ကျမ်းတဆူ ဖြစ်သည်" ဟု လှိုက်လှိုက်လှဲလှဲ ကြိုဆို ဝေဖန်ထားပါသည်။

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည့် ခေတ်ဟောင်း ရခိုင် ဗုဒ္ဓ အနုပညာလက်ရာများ 'The Buddhist Art of Ancient Arakan' စာအုပ် ဖြစ်သည်။ ဤစာအုပ်တွင် အေဒီ ၈ ရာစု အာနန္ဒစဏ္ဍန္ဒမင်း မတိုင်မီ ရခိုင် ရာဇဝင်လာ မင်းဆက်များကို ခေတ်သုံးခေတ် ပိုင်းခြား၍ မင်းဆက် ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓညဝတီနှင့် ဝေသာလီမြို့ဟောင်းတို့ကို မြေပုံအညွှန်းနှင့် အသေးစိတ် လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော် တွေ့ရှိရသော ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန် အမျိုးမျိုးကို ဆွေးနွေး တင်ပြသည်။ ထို့ပြင် ထူးခြားသော မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြိုးဟန် (ဗိုက်ပူ) ရုပ်ပွားတော်များကို လေ့လာ ရှင်းလင်းထားသည်။ ဗုဒ္ဓ ရုပ်ပွားတော်များ အပြင် ရခိုင် ရှေးဟောင်းဒင်္ဂါးများ၊ အုတ်ခွက်များ၊ ကြေးနီပြား၊ ကြေးခေါင်းလောင်းနှင့် ကြေးဆီမီးတိုင် ရုပ်တု အမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင် ဗုဒ္ဓ အနုပညာနှင့် ပတ်သက်၍ အားရဖွယ် ကျမ်းတစောင်ဟု ပညာရှင်များက သုံးသပ်ခဲ့သည်။

ဦးစံသာအောင်ကို အဖ အငြိမ်းစား စက်ရှင် တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) နှင့် အမိ ဒေါ်မဘု တို့မှ ၁၉၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖွားမြင်သည်။ မိခင်မှ ကိုလိုနီခေတ်ဦး အလွန် ထင်ရှားသော ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန် တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရ အထက်တန်းကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ ၁၉၄၅-၄၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်တို့တွင် ပညာသင်ကြား၍ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒ ဂုဏ်ထူးတန်းကို ပထမ အဆင့်မှ အောင်မြင်သည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (A.M.) ကို ရူပဗေဒဖြင့် ရရှိခဲ့သည်။

၁၉၅ဝ-၅၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊ ၁၉၅၁-၅၄ တွင် လက်ထောက်ကထိက၊ ၁၉၅၄-၆၄ တွင် ကထိက၊ ၁၉၆၄-၇ဝ ပါမောက္ခ၊ ၁၉၇ဝ-၇၂ တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ၁၉၇၂-၈၁ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ရခိုင် ကျောင်းသူ ကျောင်းသားများ အသင်း ဥက္ကဋ္ဌ၊ ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင် ခံစာတည်း၊ ၁၉၆၆-၇ဝ တွင် တက္ကသိုလ်များ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၇ဝ-၈၁ ခုနှစ်တွင် နာယက၊ တက္ကသိုလ်များ အားကစား အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်၊ သုတေသန လုပ်ငန်းများ ဆိုင်ရာ မူဝါဒအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ် ပညာပဒေသာ စာစောင်နှင့် တက္ကသိုလ် သုတေသန စာစောင် အုပ်ချုပ်မှု စာတည်းအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရခိုင်ပြည်နယ် စစ်တွေ မဲဆန္ဒနယ်မှ ရွေးချယ် ခံရသည်။

၁၉၅၄-၇ဝ ခုနှစ် အတွင်း အိန္ဒိယ၊ တရုတ်၊ သြစတြီးယားတို့တွင် ကျင်းပသော အဏုမြူ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်၍ ၁၉၆၄ ခုနှစ်၊ တရုတ်ပြည် ပီကင်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ သိပ္ပံပညာရှင်များ နှီးနှော ဖလှယ်ပွဲတွင် Aims and Paractice of Physics Teaching in Burma (Myanmar) စာတမ်းကို တင်သွင်းခဲ့သည်။ ပညာရေး လေ့လာရေး ခရီးစဉ်ဖြင့် ဂျပန်နိုင်ငံ (၁၉၇၃)၊ အမေရိကန်ပြည်ထောင်စု (၁၉၇၅)၊ ဆိုဗီယက်ယူနီယံ (၁၉၇၇) နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ပုံနှိပ် ထုတ်ဝေခဲ့သော သိပ္ပံပညာ ဆိုင်ရာ စာအုပ်များမှာ ဒေါက်တာ မောင်မောင်ခနှင့် တွဲ၍ 'အခြေပြု ရူပဗေဒ' (၄ တွဲ) (၁၉၇၁)၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' (၁၉၇၁)၊ 'ကွန်ပျူတာ' (၁၉၇၃)၊ 'အက်တမ်နှင့် နျူကလီးယား စွမ်းအင်' (၁၉၇၄) တို့ ရေးသား၍၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' စာအုပ်ဖြင့် ၁၉၇၁ ခုနှစ်၊ အမျိုးသား စာပေဆုကို သိပ္ပံနှင့် အသုံးချ ဘာသာရပ် အတွက် ရရှိခဲ့သည်။ စာပေဗိမာန်မှ ဦးဆောင် ကျင်းပသော သိပ္ပံ စာပေ နှီးနှော ဖလှယ်ပွဲတွင် 'လူထုအတွက် သိပ္ပံစာပေ' စာတမ်း တင်သွင်း၍ ပုံနှိပ် ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Working People's Daily, The Guardian တို့တွင် ရူပဗေဒ သိပ္ပံပညာ ဆောင်းပါးများနှင့် ရခိုင်သမိုင်း အနုပညာ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြား ရေးသားခဲ့သည်။ အချို့မှာ စာအုပ် အဖြစ် ထုတ်ဝေရန် ကျန်ရှိနေသေးသည်။ သာဓက ပြရသော် ဂါဒီးယန်း သတင်းစာတွင် ရေးသားခဲ့သော ရခိုင် မဟာမုနိ ဘုရားသမိုင်း (Legend of Mahamuin) ဖြစ်သည်။

ဦးစံသာအောင်သည် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ရှေးဟောင်း ရခိုင်သမိုင်း ယဉ်ကျေးမှု ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေစဉ် ၁၉၈၁ ခုနှစ်၊ မေ ၂၅ ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။


အညွှန်း

  1.  မောင်ဇေယျာ [မိုးဂျာနယ်၊ အမှတ် ၆၊ ဇွန် ၂ဝဝ၅]
၁။ စောထွန်းအောင်၊ ဒေါက်တာ။ 'ဦးစံသာအောင်နှင့် ဘဝမှတ်တိုင်များ'၊ ရခိုင်တန်ဆောင်၊ အမှတ် ၁၉ (၁၉၆၆) စာ ၁၅-၂၃။
၂။ စံသာအောင်၊ ဦး။ 'အေဒီ ခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ'။ ရန်ကုန်၊ ဥမ္မာအောင်စာပေ၊ ၁၉၇၄။
၃။ တိုးလှ၊ ဦး။ 'ရခိုင်ဒင်္ဂါးများ၊ စာအုပ်ဝေဖန်ချက်'၊ တက္ကသိုလ် ပညာပဒေသာ စာစောင်။ တွဲ ၁၃၊ မှတ် ၅ (စက်တင်ဘာ ၁၉၇၉) စာ ၁၇ဝ-၁၇၂။
၎။ Embree, John F.Biliography of the People's and cultures of Mainland Southeast Asia, by John F. Embree and Lillian Ota Dotson. New Haven: Yale University, 1950.
...........
Sources: wikimyanmar

0 ထင်မြင်ချက်များ>>:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။

Enter Email To Subscribe

Enter your email address:

Monthly Popular Posts

အခမဲ့အင်္ဂလိပ်စာလေ့လာကြရအောင်

Recent Posts

Blog Archive