ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်
ထုတ်ပြန်ကြေညာချက်
အမှတ်၊ ၆/၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း (၁၃) ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်)
အများပြည်သူတို့ ငြိမ်းချမ်းစွာ ရေကစားနေကြ သည့် နှစ်သစ်ကူးအချိန်ကာလသင်္ကြန်ရက်များကို အခွင့်ကောင်းယူပြီး မြန်မာစစ်တပ်၏ ဒကစ-စစ်တွေအခြေစိုက် ခလရ(၂၃၂) တပ်ရင်း နှင့် စကခ (၅) ၊ (၉)၊ (၁၅)လက်အောက်ခံတပ်ရင်းများ သည် ရက္ခိုင့်တပ်မတော်၊ အမှတ် (၂) စစ်ဒေသ လှုပ်ရှားအခြေစိုက်ရာနယ်မြေသို့ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ရုတ်တရက် စစ်ဆင်ရေး ဝင်ရောက်လာသောကြောင့် မိမိတို့အနေဖြင့် မလွဲမရှောင်သာ ခုခံကာကွယ်ခဲ့ရပါသည်။ ထို့ကြောင့်ရခိုင်ဒေသအတွင်းတွင်အတန်ငယ်ငြိမ်သက်ရပ်နားနေခဲ့သောတိုက်ပွဲများတစ်ဖန်ပြန်လည် ဖြစ်ပွားလာခဲ့ရပါသည်။
ယခုလည်း မြန်မာစစ်တပ်သည် မိမိတို့ လှုပ်ရှား အခြေစိုက်ရာ အမှတ် (၂) စစ်ဒေသအတွင်းသို့ ရခိုင်ပြည်အတွင်း၌ရှိသည့် စကခ လက်အောက်ခံ တပ်ရင်းများ၊ နပခတပ်ရင်းများ၊ ဒကစတပ်ရင်းများ၊ ရဲတပ်ရင်းများအပါအဝင်ရခိုင်ပြည်ပြင်ပမှတပ်ရင်းများ၊ လက်နက်ကြီး တပ်ရင်းများဖြင့်အင်အားအလုံး အရင်းသုံးကာအမြစ်ပြတ်ထိုးစစ်ဆင် တိုက်ခိုက်ရန် ထပ်မံဝင်ရောက်လာသောကြောင့် မိမိတို့အနေဖြင့် မြန်မာစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်လာနေမှုများကိုဆက်လက်ခုခံကာကွယ်သွားပါမည်။
ရခိုင်ဒေသသည် အာဏာရှင်အစိုးရအဆက်ဆက် လက်အောက်တွင် သယံဇာတ မောင်ပိုင်စီးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးရွားစွာခံခဲ့ရပါ သည်။ ထို့အတူမြန်မာစစ်တပ်၏အပြစ်မဲ့အရပ်သား များအား လူသားမဆန်စွာ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အကျဉ်းထောင်ချခြင်း၊ ပြည်သူလူထုများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ပေါ်တာဆွဲခြင်း၊ အမျိုးသမီးများအား မုဒိန်းကျင့်ခြင်း၊ ရွာသားများထံမှ စားနပ်ရိက္ခာ၊ ပစ္စည်းဥစ္စာနှင့် ကျွဲနွားတိရစ္ဆာန်များကို ခြိမ်းခြောက် ယူငင်ခြင်းစသည့်လုပ်ရပ်များကိုခံခဲ့ရသည်မှာ လည်း ယနေ့အချိန်ထိပင်ဖြစ်သည်။ ငရဲခွေးကြီး လွတ်နေသကဲ့သို့ဖြစ်နေသော မြန်မာစစ်တပ်၏ ဤကဲ့သို့သောလုပ်ရပ်များကိုလက်ရှိအစိုးရအနေ ဖြင့်တားမြစ်သင့်ပါသည်။
ယနေ့အချိန်ကာလတွင်မြန်မာနိုင်ငံ၏လက်ရှိအစိုးရ မှာ ဒီမိုကရေစီနည်းလမ်းဖြင့် လူထုမှ ရွေးကောက်တင်မြှောက်ခြင်းခံရသော တရားဝင် အစိုးရဖြစ်ပါသည်။ မြန်မာစစ်တပ်မှ ဤကဲ့သို့ ဥပဒေမဲ့ ပြစ်မှုကျူးလွန်နေသည်များကို ဥပဒေနှင့် အညီ တာဝန်ယူမှု အပြည့်ဖြင့် ဖြေရှင်းဆောင်ရွက် ပေးရန် နိုင်ငံတကာနှင့် ပြည်သူလူထုအသိအမှတ်ပြု လက်ရှိအစိုးရတွင် အပြည့်အဝ တာဝန်ရှိပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA) အနေဖြင့် အထက်ပါလုပ်ရပ်များကို ကန့်ကွက် ရှုတ်ချပြီး ကမ္ဘာ့ကုလသမဂ္ဂရုံး၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် တစ်ကမ္ဘာလုံးမှ သိရှိနိုင်ရန် ဆောင်ရွက်သွားပါမည်။ မိမိတို့အနေဖြင့် ပြည်သူလူထုမှရွေးချယ်ထားသောတရားဝင်အစိုးရ နှင့် နိုင်ငံရေးအရ ဖြစ်ပေါ်လာသော ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အမြဲတမ်း အဆင်သင့်ရှိနေသလို အမျိုးသားရင်ကြားစေ့ရေး အတွက်လည်းအကောင်းဆုံးမျှော်လင့်ထားပါသည်။ အခြားတစ်ဖက်တွင် လူသားတို့၏ မွေးရာပါအခွင့် အရေးဖြစ်သောမိမိကိုယ်ကိုမိမိခုခံကာကွယ်ပိုင်ခွင့် အရ မိမိတို့ရက္ခိုင့်တပ်မတော်အနေဖြင့်ရခိုင်ပြည်သူ လူထုနှင့်လက်တွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေမှုမှန်သမျှကို ခုခံတိုက်ပွဲဝင်သွားပါမည်။
သတင်နှင့်ပြန်ကြားရေး
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်
Email; unitedleagueofarakan@yahoo.com
ဆက်သွယ်ရန်ဖုန်း - + ၈၆ ၁၅၇၀ ၆၉၂၄ ၉၇၀
+ ၉၁ ၉၇၇ ၄၉၅ ၃၂၃၄

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။