Published on Wed, 04/20/2016 - 23:53
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်လာပြီး ကျေးရွာ စွန့်ခွာလာသူများ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့အတွင်း ရောက်ရှိလာကြောင်း၊ လက်ရှိတွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိ စည်တောင်ကျေးရွာသို့ နေရပ် စွန့်ခွာလာသူ သုံးရာခန့် ရောက်ရှိ ခိုလှုံနေကြောင်းနှင့် ပစ်ခတ်သံများကြောင့် တောတောင် ချောင်းမြောင်းကို အမှီပြုကာ ရှာဖွေစားသောက်နေကြသူများ မသွားရဲ မလာရဲ ဖြစ်နေသဖြင့် ယင်းသို့ ကျေးရွာ စွန့်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်သံများကြောင့် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာသို့ ရှောင်တိမ်းလာသူ တစ်ဦးဖြစ်သော နတ်အိုင်ကျေးရွာမှ ဦးထွန်းကျော်စိန်က “ကျွန်တော် အပါအ၀င် မိသားစုဝင် ကိုးယောက် စည်တောင်ရွာကို ရောက်နေတာ သင်္ကြန်တွင်း ကတည်းပါ။ ကျွန်တော်တို့ နတ်အိုင်ရွာမှာ အိမ်ခြေ ၅၀ ကျော် ရှိပါတယ်။ အခု ပစ်သံကြားနေရလို့ စိုးရိမ်လို့ စည်တောင်ရွာကို လာတာပါ။ ထင်းခုတ် ၀ါးခုတ် တစ်ယောက်မှ မသွားရဲတော့ဘူး။ ကျွန်တော်တို့ မနေရဲတော့လို့ အမျိုးသမီးတွေ အားလုံး လိုက်လာကြပါပြီ။ အမျိုးသားတွေသာ အစောင့်နေခဲ့ပါတယ်။ စည်တောင်ရွာကနေ နတ်အိုင်ရွာကို စက်လှေနဲ့ ဆိုရင် တစ်နာရီကျော်ကျော် သွားရပါတယ်။စည်တောင်ရွာကလည်း ပစ်သံတွေ ကြားနေရပါတယ်။ စည်တောင်ရွာကို ရောက်တာ ငါးရက်လောက် ရှိပါပြီ။ အခုတော့ စည်တောင်ရွာက ဆွေမျိုးနေအိမ်တွေမှာ နေကြပါတယ်။ စားရေးသောက်ရေးကတော့ အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဖြစ်နေသမျှ ရွာကို မသွားရဲကြတော့ပါဘူး” ဟု ဆိုသည်။
စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က “စည်တောင်ရွာမှာ စစ်ဘေးဒုက္ခသည်ပေါင်း သုံးရာနီးပါးလောက် ရောက်နေကြပါပြီ။ ချောင်းတွေကို မှီခို စားသောက်ရတာ အခု တိုက်ပွဲဖြစ်တော့ စိုးရိမ်မှုတွေနဲ့ မသွားရဲ မလာရဲ ဖြစ်နေပါတယ်။ အခု ရောက်နေတဲ့ သူတွေကလည်း တစ်ရက်ရှာ တစ်ရက်စားနေတဲ့ သူတွေဖြစ်လို့ တာရှည်ဆိုရင် စားဝတ်နေရေးအတွက် လိုအပ်ပါမယ်။ အခု စည်တောင်ရွာကို ရောက်နေတဲ့ သူတွေက နတ်အိုင်ရွာကို အခြေပြုပြီး ကိုင်းတွေမှာ စိုက်ခင်းတွေမှာ နေအိမ်တွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ အခြေအနေကတော့ ပစ်သံ ခတ်သံတွေ ကြားနေတော့ တောထဲ မ၀င်ရဲတော့ဘူး။ ပုဏ္ဏားကျွန်းကျော်လမ်း ချောင်းဘက်က လက်နက်ကြီးသံကို ကြားရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးကတော့ ဘာမှ ညွှန်ကြားတာ မရှိသေးပါဘူး” ဟု ဆိုသည်။
ထို့အပြင် ရသေ့တောင်မြို့နယ် ရစိုးချောင်းကျေးရွာတွင် ရဇာချောင်းထဲရှိ နတ်ကျောက် ကင်းပွန်းချောင်း၊ အဘု၊ အဒုန်၊ စနေ စသော ကျေးရွာများမှ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၅၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် AA လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဧပြီ ၁၆ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တပ်မတော် ယာယီတပ်ရင်းမှူး တစ်ဦး အပါအ၀င် အရာရှိစစ်သည်အချို့ သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် AA လက်နက်ကိုင် အဖွဲ့ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် ဆက်လက်ပြီး နယ်မြေရှင်းလင်းလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Writer:
သားရွှေဦး(ကစ္ဆပ)
#ဧပြီ ၂၁ ရက်ထုတ် Dailyeleven သတင်းစာတွင်ဖော်ပြသောသတင်း
#ဓာတ်ပုံ စည်တောင် စာသင်ကျောင်းတွင်ရောက်ရှိနေသော စစ်ဘေးရှောင်များ
(photo by Minbar Chay)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။