ကချင်ပြည်နယ် ဆဒုံးဒေသ စင်ကျိုင်သွားလမ်းအနီး နယ်ခြားစောင့်နှင့် ပြည်သူ့ စစ်များ အုပ်စိုးရာ ဒေသရှိ ဘိန်းခင်းဖျက်ရန်သွားသူများအား သေနတ်ဖြင့်ပစ်ခတ်ကာ ရိုက်နှက်မှုများ ယနေ့ ဖေဖော်ဝါရီ ၂၅ မနက် ၉ နာရီခန့် က ဖြစ်ပွားခဲ့သော ကြောင့် ၁၄ ဦးဒဏ်ရာရှိကြောင်း ကနဦးသတင်းများအရသိရသည်။
မူးယစ်တိုက်ဖျက်ရေး လူထုအခြေပြုအဖွဲ့ (မြစ်ကြီးနား)မှ အထွေထွေ အတွင်းရေးမှူး ဦးတန်ဂွမ်းကလည်း ဘိန်းခင်းသွားဖျက်သူများ တိုက်ခိုက်ခံရသည်မှာ မှန်ကန်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိသူ မည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးကြောင်း The Ladies News သို့ ပြောသည်။
ယခုဖြစ်ပွားသည့် နေရာမှာ ဘိန်းခင်း တိုက်ဖျက်ရန်အတွက် သတ်မှတ်ထားသော ကွင်းအမှတ် ၆ ဆိုသည့် နေရာဖြစ်ပြီး ဆက်သွယ်ရေး အနည်းငယ်ခက်ခဲသည့် နေရာဖြစ်ကြောင်း ဘိန်းခင်း တိုက်ဖျက်မှုများကို လိုက်ပါ သတင်းရယူနေသည့် အမည်မဖော်လိုသူ သတင်းထောက်တစ်ဦးက ပြောသည်။
ယင်းသတင်းထောက် ကိုယ်တိုင်လည်း အခင်းဖြစ်ပွားသည့်နေရာကို သွားရောက်နေပြီး အချို့နေရာများရှိ ဘိန်းခင်းများကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ) ရက်နေ့ ညနေပိုင်းကတည်းက ဖျက်ဆီးခဲ့ကြောင်း သိရပြီး ဘိန်းခင်းများမှာ နယ်ခြားစောင့် တပ်စခန်းများ၏ နံဘေးတွင် ရှိနေကြောင်း ၊ ဘိန်းခင်း တိုက်ဖျက်မှုတွင် ပါဝင်နေသူအချို့က The Ladies News သို့ အတည်ပြုပြောဆိုသည်။
မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဝင်းနိုင်ကလည်း ဘိန်းခင်း တိုက်ဖျက်သူများ တိုက်ခိုက်ခံရမှုကြောင့် ၁၄ ဦး ဒဏ်ရာရကြောင်း ယနေ့နံနက် လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောသည်။
ဘိန်းခင်းတိုက်ဖျက်သူများအား တားဆီးပစ်ခတ်မှုတွင် လက်ပစ်ဗုံးအချို့ အသုံးပြုခဲ့ဖွယ်ရှိကြောင်း သတင်းများလည်းထွက်ပေါ်နေပါသည်။
သတင်း - ကိုဇော် (မြစ်ကြီးနား)
The Ladies News
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။