
မြန်မာလုပ်သားနှစ်ဦးအား သေဒဏ်ချမှတ်ခြင်းကို သမ္မတဦးသိန်းစိန်က အံ့သြမိကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအရ ပြန်စဉ်းစားပေးရန် ထိုင်းဝန်ကြီးချုပ်ထံ အမှာစကားပါး၍ ယနေ့နံနက် ၁၀နာရီအချိန်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံသွားရောက် ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဦးဝင်းမောင်က 7Day Daily သို့ ပြောကြားသည်။
“သမ္မတကြီးက အမိန့်ချတဲ့ အနေထားရော အံ့သြမိတဲ့အကြောင်း သွားပြောပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အယူခံဆက်ဝင်မှာမို့ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီးတော့ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ ရှေးရှုပြီးတော့ ပြစ်ဒဏ်ကို ပြန်စဉ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နှစ်ယောက်ထဲ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ သူတို့ထိုင်း မီဒီယာတွေရှေ့မှာကို တောင်းဆိုခဲ့တာပါ”ဟု သံအမတ်ကြီးဦးဝင်းမောင်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် 7Day နှင့် သီးသန့်အင်တာဗျူး၌ ပြောသည်။
သမ္မတဦးသိန်းစိန်သည် ယင်းအမှာစကားကို နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဍမောင်လွင်မှ တဆင့်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံ ထပ်မံပြောကြား၍ စေခိုင်းလိုက်ခြင်းဖြစ်ကြောင်း သံအမတ်ကြီးဦးဝင်းမောင်က ဆက်ပြောသည်။
“ထိုင်းဝန်ကြီးချုပ်က အစည်းဝေးလုပ်နေလို့ ဝန်ကြီးချုပ်ရုံးအမှတ်(၁)ဝန်ကြီး ပန်နာဒါနဲ့တွေ့ပြီး ပြောခဲ့တာပါ။ သမ္မတကြီးက ပြောခိုင်းတာပါ”ဟု ၎င်းက ပြောသည်။
ဓာတ်ပုံ- ငြိမ်းချမ်း
#7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။