ရုရှားလေယာဉ်သည် လေထဲမှာပင် ပေါက်ကွဲသွားခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများ ပြောကြား


နိုဝင်ဘာ ၁ ရက်က ဆိုင်နိုင်းကျွန်းဆွယ်ရှိ ၀ါဒီအယ်ဇိုလိုမတ် ဒေသတွင် ပျက်ကျ ရုရှားလေယာဉ် အပျက်အစီးများအနီး စောင့်ကြပ်နေသော အီဂျစ် စစ်သားများ (Photo-AFP)

အီဂျစ်နိုင်ငံတွင် ပျက်ကျသွားခဲ့သည့် ရုရှားခရီးသည်တင် လေယာဉ်သည် လေထဲမှာပင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အပျက်အစီး အပိုင်းအစများသည် နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့သည်ဟု ကျွမ်းကျင်သူ တစ်ဦးက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

လူပေါင်း ၂၂၄ ဦးကို သေဆုံးစေခဲ့သည့် အောက်တိုဘာ ၃၁ ရက်က ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းရာတွင် စိတ်ရှည်ရှည် ထားပေးကြရန် အီဂျစ် သမ္မတ အဗ္ဗဒူဖာတာအယ်စီစီက တိုက်တွန်းခဲ့သည်။ လေယာဉ် A-321 သည် ပင်လယ်နီ အပန်းဖြေစခန်း ရှန်အယ်ရှိတ်မှ စိန့်ပီတာစဘတ်သို့ သွားရန် စတင် ထွက်ခွာလာပြီး ၂၃ မိနစ် အကြာတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ (IS) ကမူ ၎င်းတို့သည် ခရီးသည်တင် လေယာဉ် A-321 ကို အီဂျစ်၏ တည်ငြိမ်မှု မရှိသော ဆိုင်နိုင်းပင်လယ်ကွေ့တွင် ပစ်ချခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“လေယာဉ်ဟာ လေထဲမှာ ပေါက်ကွဲသွားခဲ့တာပါ။ အပိုင်းအစ တွေဟာလည်း အဝေးကြီး အထိ ပြန့်ကျဲ ရောက်ရှိသွားပါတယ်” ဟု ရုရှားလေကြောင်း ကော်မတီမှ အကြီးတန်း အရာရှိ ဗစ်တာဆိုရိုချီကိုက ကိုင်ရိုမှ ပြောကြားခဲ့သည် ကိုကိုးကားပြီး ရုရှားသတင်း အေဂျင်စီ RIA-Novosti တွင် ဖော်ပြခဲ့သည်။ လေယာဉ်ပျက်ကျမှု အကြောင်းကို စုံစမ်းသည့် နိုင်ငံတကာ ကျွမ်းကျင်သူ အဖွဲ့ကို ဦးဆောင်သူလည်းဖြစ်သည့် ဆိုရိုချီကိုက ပျက်ကျရသည့် အကြောင်းအရင်းကို ကောက်ချက်ချရန် စောလွန်သေးသည်ဟု ဆိုခဲ့သည်။

လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းများကို မှတ်တမ်းတင် ပေးထားသည့် ဘလက်ဘောက်စ်များကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်သော်လည်း ယင်းတို့ကို စစ်ဆေး လေ့လာနေကြဆဲဖြစ်သည်ဟု အီဂျစ် အာဏာပိုင်များက ပြောကြားခဲ့သည်။ “နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေး ကျယ်ပြန့်တဲ့ ဒီလိုကိစ္စမျိုးဟာ ကျွမ်းကျင်သူတွေက ဆုံးဖြတ်တာပဲ ကောင်းပါတယ်” ဟု စီစီက ပြောကြားခဲ့သည်။

ဆိုင်နိုင်းဒေသတွင် ပုန်ကန်နေကြသော IS တို့နှင့် ဆက်စပ်သည့် အဖွဲ့က လေယာဉ်ကို ပစ်ချခဲ့သည်ဟု ဆိုနေသော်လည်း ကျွမ်းကျင်သူများက ထိုပြောကြားချက်ကို ပယ်ချက်ခဲ့သည်။ “ဒီလိုမျိုး အမြင့်ပေ ၃၀၀၀၀ မှာ ပျံနေတဲ့ လေယာဉ်ကို ပစ်ချနိုင်ဖို့ဆိုတာ လေ့ကျင့်မှုနဲ့ ပစ္စည်းကိရိယာ အစုံအလင် ရှိရပါမယ်။ ဒါပေမဲ့ ကျွန်တော့် အထင်တော့ IS တို့မှာ တစ်ခုမှ မရှိပါဘူး” ဟု ပြင်သစ် လေကြောင်း စုံစမ်းရေး အေဂျင်စီ BEA မှ ဒါရိုက်တာဟောင်း ဖြစ်သူက ပြောကြားခဲ့သည်။

လေယာဉ်သည် ဆင်းသက်တော့မည့် အချိန်ဖြစ်ပါက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ခတ်လျှင် ထိမှန်နိုင်ကြောင်း၊ လေယာဉ်ပေါ်၌ ဗုံးပါလာခြင်းကြောင့် ယခုကဲ့သို့ ပေါက်ကွဲသွားခြင်းလည်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ သို့သော် လူသား၏ အမှားအယွင်း (သို့မဟုတ်) နည်းပညာ ဆိုင်ရာ အမှားအယွင်းကြောင့် မဖြစ်နိုင်ဟု သိရသည်။

Writer:
Ref: AFP

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။