Friday, November 27, 2015

ပျက်ကျသွားပြီး မပေါက်ကွဲမီ နောက်ဆုံးအချိန်ပိုင်းတွင် တွေ့မြင်ရသည့် SU-24 ဗုံးကြဲလေယာဉ်။
ရုရှားဗုံးကြဲလေယာဉ် ပစ်ချခံရမှုနှင့် ဆက်နွှယ်ပြီး တူရကီနှင့် ရုရှားတို့ကြား ဆက်ဆံရေးတင်းမာမှုသည် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။
ဆီးရီးယားတွင် စစ်ဆင်ရေးဆင်နွှဲနေသည့် ရုရှား ဗုံးကြဲလေယာဉ်တစ်စီးကို တူရကီက လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မှုဖြင့် ပစ်ချလိုက်သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ နောက်ပိုင်းတွင် နှစ်နိုင်ငံအစိုးရများကြား စကားလုံးတိုက်ပွဲများ ပြင်းထန်လာသည်။
ရုရှားက တူရကီနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်ပြင်ဆင်နေပြီး NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် တူရကီက မိမိတို့အနေဖြင့် တောင်းပန်စရာ လုံးဝမလိုကြောင်း အခိုင်အမာ ပြောကြားထားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က “တူရကီ နိုင်ငံရေး ခေါင်းဆောင်တွေဆီက ဖြစ်သင့်ဖြစ်ထိုက်တဲ့ တောင်းပန်စကားမျိုး မကြားရသေးဘူး။ ထိခိုက်ခဲ့တဲ့ အခြေအနေတွေအတွက် သင့်တော်သလို ဖြေရှင်းပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး မရှိသေးဘူး။ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ရာဇဝတ်သားတွေကို ဘယ်လိုဘယ်ပုံ ပြစ်ဒဏ်ပေးမလဲဆိုတာကို မပြောသေးဘူး။ တူရကီဟာ ကျွန်တော်တို့ရဲ့မိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်။ မဟာမိတ်အဆင့်မျိုး ဖြစ်လုနီးပါးပဲ။ ဒီလို ရူးမိုက်တဲ့အတွေးမျိုးနဲ့ အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်ခဲ့တာ စိတ်ပျက်စရာပဲ”ဟု ပြောကြားခဲ့သည်။
ရုရှားသည် တူရကီနှင့် ဆက်ဆံရေးဆိုးရွားနေသည့် ဆီးရီးယားသမ္မတဘာရှာအယ်လ်အာဆတ်ဖက်မှ ပါဝင်ကာ ဆီးရီးယားပြည်တွင်းစစ်ကို စွက်ဖက်လာခဲ့သည်။ ရုရှားက အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည်ဟု ကြေညာသော်လည်း ဆီးရီးယားတွင် ရုရှားဗုံးကြဲလေယာဉ်များသည် အိုင်အက်စ်တို့အပြင် အခြားအလယ်အလတ် သဘောထားရှိသည့် တော်လှန်ရေးတပ်ဖွဲ့များကိုပါ တိုက်ခိုက်နေသည်။ ယခု ပစ်ချခံရသည့် SU-24 လေယာဉ်သည် တူရကီက ထောက်ခံသည့် တာ့ခ်မန်း တိုင်းရင်းသားမျိုးနွယ်သူပုန်များကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ရသည်။
အစောပိုင်းတွင် ပူတင်က တူရကီသည် အိုင်အက်စ်တို့ကို ထောက်ခံကြောင်း လက်တွေ့ပြသလိုက်ခြင်းဟု စွပ်စွဲခဲ့သော်လည်း တူရကီသမ္မတ ရီဆပ်တေယစ်ပ်အာဒိုဂန်ကမူ အမှန်တကယ် အိုင်အက်စ်ကို အားပေးအားမြှောက်လုပ်နေသူသည် ရုရှား၏မဟာမိတ် ဆီးရီးယားအစိုးရဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
“ရှက်ဖို့ကောင်းလိုက်တာ။ ဒေ့ရှ် (အိုင်အက်စ်)တွေဆီက ရေနံတွေကို ဘယ်သူတွေက ဝယ်နေသလဲ။ ဒါကို သက်သေပြဖို့ အထောက်အထားတွေက ထင်းထင်းကြီးရှိနေတာ။ ဒါကိုတောင် အရှိအတိုင်းမမြင်ရင်တော့ အမြင်ကျဉ်းလွန်းလို့ ဖြစ်လိမ့်မယ်”ဟု အာဒိုဂန်က ဆိုသည်။ တူရကီအစိုးရက အာဆတ်သည် အိုင်အက်စ်တို့ထံမှ ရေနံကိုတစ်ဖက်လှည့်ဖြင့် ဝယ်ယူနေကြောင်း စွပ်စွဲထားသည်။
အာဒိုဂန်က “ဒေ့ရှ်တွေက သူတို့တူးလို့ရတဲ့ ရေနံကို အာဆတ်ဆီ ရောင်းတယ်။ အဲဒီတော့ ဒီအကြမ်းဖက်သမားတွေ ဘဏ္ဍာငွေတိုးဖို့ အာဆတ်က တစ်ဖက်တစ်လမ်းက ကူညီနေတယ်လို့ ပြောနိုင်တယ်”ဟုလည်း
ပြောကြားခဲ့သည်။
ရုရှားသည် တူရကီ၏ အဓိကကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်ပြီး အီရန်နောက်တွင် ဒုတိယအကြီးဆုံး စွမ်းအင်ထောက်ပံ့သည့်နိုင်ငံလည်း ဖြစ်သည်။ လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ တောင်းပန်ရန် ရုရှား၏ တောင်းဆိုမှုကို ယတိပြတ် ငြင်းဆိုထားသည်။
တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူတိုဂလူကမူ လက်ရှိအခြေအနေများကို အငြိမ်းချမ်းဆုံး ဖြေရှင်းသွားရန် ဆန္ဒရှိကြောင်း မှတ်ချက်ပေးခဲ့သည်။ “တူရကီ လေပိုင်နက်ထဲကို လေယာဉ်တစ်စီး ကျူးကျော်ဝင်ရောက်လာလို့ တုံ့ပြန်အရေးယူတာဟာ နိုင်ငံတစ်ခုခုကို တိတိကျကျ ဦးတည်တဲ့သဘောထား မပါရှိပါဘူး။ နိုင်ငံတကာစံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်းပဲ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ပိုင်နက်ကို ကာကွယ်ရေးဟာ ဦးစားပေးအဆင့်မှာ ရှိနေဆဲပါ”ဟု ၎င်းက ဆိုသည်။
ဒါဗူတိုဂလူက “ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ဆွေးနွေးအမြင်ဖလှယ်မှု လုပ်ငန်းစဉ်တွေကိုလည်း စတင်နေပါပြီ”ဟု ထည့်သွင်း ပြောကြားသွားသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။