မောင်ခိုင်အောင်

ဒီမိုကရက်တိုက်ဇေးရှင်း၏ အဓိက အချက်များမှာ ဂျာကာတာ၏ အာဏာကို လျှော့ချရန် နိုင်ငံရေး၊ စီးပွားရေး ဖြေလျော့မှုများကို မည်သို့ လုပ်ဆောင်မည်းနည်း။ ဆူဟာတို အုပ်စိုးမှု၏ ဆိုးမွေကို မည်သို့ ဖြတ်တောက် ရှင်းလင်း ပစ်မည်နည်း။ နိုင်ငံရေးနှင့် စီးပွားရေးတွင် ဒေသန္တရ ပါဝင်ပူးပေါင်းမှုကို မည်သို့ တိုးမြှင့် မည်နည်း။ နိုင်ငံရေးနှင့် ဆက်နွယ်ကာ နိုင်ငံသားတို့၏ ခံစားမှုကို မည်သို့ တိုးတက်အောင် လုပ်မည်နည်း။
ဤအချက်တို့ကို အင်ဒိုနီးရှားရေးရာ ကျွမ်းကျင်သူများနှင့် အင်ဒိုနီးရှားတို့ ကိုယ်တိုင် မီးမောင်းထိုးကာ ဦးနှောက် မုန်တိုင်းဆင်ခဲ့ကြသည်။ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံ ထွေပြောသည့် ပထ၀ီနယ်မြေနှင့် နိုင်ငံကြီးတစ်ခု၊ ကျွန်းစုနိုင်ငံတစ်ခုအတွက် ဤသို့ ဗဟိုအာဏာ လျှော့ချရေးသည် သဘာဝကျ၊ ယုတ္တိတန်သည်။ သို့သော် အသွင်ကူးပြောင်းရေး၏ အစောပိုင်းကာလတွင် ဂျာကာတာ နိုင်ငံရေးသမားများအဖို့ အလွယ်တကူ လက်ခံရန် အသင့်မရှိ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆူဟာတိုခေတ်တွင် ကြီးပြင်းလာကြပြီး၊ ဗဟိုချုပ်ကိုင်မှုမျိုးကို သူတို့ နိုင်ငံရေးအဖွဲ့အစည်းများ၊ အတိုက်အခံပါတီများထဲတွင် ပင်လျှင် ပုံတူ ကူးယူနေခဲ့ကြသည်။
ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် အကျိုးကျေးဇူးများစွာ ရှိသည်။ ဖွံ့ဖြိုးမှုကို ကျယ်ပြန့်စေသည်။ နေရာအနှံ့ ပျံ့နှံ့ရောက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲတွင် ဒေသန္တရ အရာရှိများကို အပြိုင်အဆိုင် ဖြစ်သေည်။ အခြေခံ အဆောက်အုံများ၊ သယံဇာတ ကိစ္စများ၊ စိုက်ပျိုးရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် သူတို့ အားသွန်ခွန်စိုက်လုပ်လာရသည်။ နိုင်ငံရေး ဖြစ်စဉ်ထဲ သူတို့ ပူးပေါင်းပါဝင်လာမှုကို တိုးမြှင့်ပေသည်။ နိုင်ငံရေး စိတ်ကူးစိတ်သန်း အသစ်များ ကျယ်ပြန့်ပေါ်ထွန်းလာရေးအတွက် လမ်းဖွင့်ပေးသည်။ နိုင်ငံရေး စင်မြင့်သို့ တက်ရန် နိုင်ငံတော်အဆင့်ကြီး သို့ ရောက်ရန် ဂျာကာတာမှ ဂျာဗားမှ နိုင်ငံရေးသမား ဖြစ်ရန် မလိုတော့။ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် သဘာဝ ရင်းမြစ်များ စီမံခန့်ခွဲမှု အပေါ် ပေါ်ထွက်လာတတ်သော ဒေသန္တရ ဒေါသမီးကို ပြေလျော့စေသည်။ သူတို့မြေမှ ထွက်ရှိသော သယံဇာတများကို ထုတ်ယူသုံးစွဲပြီး ဗဟိုအစိုးရ၏ ရန်ပုံငွေတွ် ဖြည့်သွင်းကာ ဒေသခံ ပြည်သူများ၊ တိုင်းရင်းသားများ မဆိုစလောက်သာ ခံစားရသော တရားမျှတမှု ကင်းသည့် အဖြစ်ဆိုးများကို ပျောက်ပြယ်လာစေသည်။
တစ်ဖက်တွင် ဒေသန္တရ အာဏာကို တိုးမြှင့်လိုက်သောအခါ ခေတ်နောက်ပြန်ဆွဲ အကျင့်ပျက်၊ ဒီမိုကရေစီကို တန်ဖိုးမထားသော ဒေသန္တရ နိုင်ငံရေးသမားများလည်း ပေါ်ထွက်လာနိုင်သည်။ အင်ဒိုနီးရှား အတွေ့အကြုံအရ သူတို့သည် သတို့၏ ဒေသသြဇာအာဏာကို အသုံးချကာ နိုင်ငံတော်အဆင့် တရားရုံးများ စည်းမျည်းဥပဒေများ၊ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့် တရားဥပဒေကို ဦးထိပ်ထားသော နိုင်ငံရေးသမားများ အပေါ်တွင် ၀င်နှောက်လာခဲ့ကြသည်။ အင်ဒိုနီးရှားတွင် နိုင်ငံရေးပွင့်လင်းလာသောအခါ အကျင့်ပျက်ခြားစားမှုသည် လျော့ဆင်းမသွားဘဲ အောက်ခြေ အာဏာကို ဆင်းကာ တစ်နည်းတစ်ဖုံ တိုးပွားလာခဲပါသည်။ တံစိုးလာဘ်ယူသော ဇာတ်လိုက် ဇာတ်ကောင်သစ်တို့ များပြားလာခဲ့သည်။
နိုင်ငံတော်အား စိန်ခေါ်ခြင်း
ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကြောင့် အင်အားတောင့်တင်းလာသော ဒေသဆိုင်ရာ အင်စတီကျူးရှင်းများသည် နိုင်ငံ၏ အမြင့်ဆုံး တရားရုံးများအား ဒဏ်ခေတ်ကင်းလွတ်ခွင့် ရယူကာ စိန်ခေါ်လာခဲ့ကြလေသည်။ တရားစီရင်ရေး အာဏာကို အားနည်းအောင် လုပ်နေကြသည်။ ဒေသပဋိပက္ခများကို မီးမွှေးရန် ခွင့်ပြုနေသည်။ ခရိုင်ကောင်စီများ၊ မြိုကတော်ဝန်များနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များသည် မဲဆန္ဒနယ်မြေများ၊ လူမှုဖိအားအုပ်စုများ၏ ဆန္ဒကို လိုက်လျောကာ ရွေးကောက်ပွဲ အငြင်းပွားမှုများအပေါ် တရားရုံး ဆုံးဖြတ်ချက်များကို ဥပက္ခာပြုနောကသည်။ ဤလုပ်ရပ်များကြောင့် ကြီးမားစွာ ထိခိုက်မှု မရှိနိုင်ဟု သူတို့ နားလည်ထားကြသည်။ ဤတွင် သမ္မတ၏ ဆုံးဖြတ်မှုပေးနိုင်သော ခေါင်းဆောင်မှု တစ်စုံတစ်ခု ပေါ်ထွက်လာရမည်။ သို့သော် ထိရောက်မှု ကင်းသော တုံပြန်မှုသာလျှင် ဂျာကာတာမှ နှေးကွေးစွာ ရောက်ရှိလာပြီး၊ မကျိုး မနွံအာခံမှုသာ ပိုမိုလာခဲ့သည်။ ဒေသအုပ်စုများသည် သူတို့ အာဏာသစ် အပေါ် ယုံကြည်မှု လွန်ကဲလာပြီး ဗဟိုအစိုးရ၏ တုံ့ပြန်မှုလည်း ဆက်လက်နှေးကွေးနေလျှင် တရားဥပဒေစိုးမှု လျော့လာမည်။ ဤသို့ဆိုလျှင် ၂၀၁၄ သမ္မတရွေးကောက်ပွဲ မတိုင်မီ အမျိုးသားနိုင်ငံရေး အပူချိန် မြင့်လာစဉ်တွင် ပဋိပက္ခများ ပိုမိုးကြီးထွားလာနိုင်ပေမည်။ အင်ဒိုနီးရှားသည် ဒီမိုကရက်တိုက်ဇေးရှင်း ခြေလှမ်းနှစ်ခုကို ၁၉၉၈ နောက်ပိုင်းတွင် စလှမ်းခဲ့သည်။ ဒေသန္တရ အရာရှိများ၏ နိုင်ငံတော်အား စိန်ခေါ်မှုသည် ထိုခြေလှမ်းများနှင့် ဆက်စပ်နေသည်။ တစ်ခုမှာ ၁၉၉၉ အတွင်း ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဖြစ်သည်။ အကျိုးဆက်အြဖစ် ပြည်နယ်၊ ခရိုင်မြို့နယ်နှင့် မြူနီစပယ်ဒေသများသည် နိုင်ငံရေးနှင့် ဘဏ္ဍာရေး အာဏာ ရရှိသွားကြသည်။
နောက်တစ်ခုမှာ ၂၀၀၅ တွင် စတင်ခဲ့သော တိုက်ရိုက်ရွေးချယ်တင်မြှောက်မှုဖြစ်သည်။ ၎င်းတတွင် ခရိုင်ခေါင်းဆောင်များ၊ မြိုကတော်ဝန်များ အပါအ၀င် ဒေသန္တရ အမှုဆောင်များ ရွေးချယ်မှု ဖြစ်သည်။ အထက်ဖော်ပြပါ လုပ်ရပ်နှစ်ခု စလုံးသည် အင်ဒိုနီးရှား ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေး၌ အထူးအရေးပါသည်။ သို့သော် ဤနှစ်ရပ်ပေါင်းလိုက်သောအခါ ဒေသန္တရ အာဏာပိုင်များ၏ အလွန်အားကောင်းသော အလွှာတစ်ခု ပေါ်ထွန်းလာသည်။ ဗဟိုအစိုးရကို သူတို့ မမြင်တော့် မမှုတော့။ နိုင်ငံ့ထိပ်တန်း တရားရုံးနှစ်ခု၏ ဆုံးဖြတ်ချက်များကိုပင် တင်းခံနေတော့သည်။
တရားရုံးချုပ်သည် တရားမမှုနှင့် ရာဇတ်မှုအများစု၏ နောက်ဆုံး အယူခံလွှာတင်သွင်းသည့် ရုံးဖြစ်သည်။ နိုင်ငံတော် စီမံခန့်ခွဲမှု ဆိုင်ရာ တရားရုံးများမှ တင်သွင်းလာသော အယူခံလွှာများကိုလည်း ကြားနာစစ်ဆေးရသည်။ ထိုစီမခံခန့်ခွဲမှုဆိုင်ရာ တရားရုံးသည် နိုင်ငံတော် အရာရှိများ၊ အင်စတီကျူးရှင်း၏ ဆုံးဖြတ်ချက်များအပေါ် ဆန့်ကျင် တိုက်တန်းချက်များကို ဆုံးဖြတ်ပေးရသည်။
ဖွဲ့အစည်းအုပ်ချပ်ပုံ ဆိုင်ရာ တရားရုံးသည် ဒေသအဆင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပြွးမှုများကို အဆုံးသတ် စီရင်သည့် ရုံးဖြစ်သည်။ တရားရုံးချုပ်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ တရားရုံးတို့သည် အဆင့် တူညီသည်။ ဆုံးချက်များသည် နောက်ဆုံးနှင့် အတည်ဖြစ်သည်။ မလိုက်နာ၍ မရ။ သို့သော် ဆုံးဖြတ်ချက်များ မည်သို့ အာဏာသက်ရောက်ရမည် ဆိုသော ရှင်းလင်းသည့် ပေါ်လစီတစ်ခု ပျောက်နေသည်။ လိုက်နာရန် ပျက်ကွက်လျှင် ပြစ်ဒဏ်မရှိ။
ကလီမင်တန်ပြည်နယ် ကိုတာဝရင်းဂျင်ခရိုင်တွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ဒေသ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူအား မဲခိုးမဲဝယ်ချက်များကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ခုံရုံးမှ ပယ်ဖျက်ခဲ့သည်။ မေးခွန်းထုတ်စရာ ဖြစ်သော်လည်း တရားစီရင်ရေးအာဏာ ကြံ့ခိုင်စေရေးအတွက် အာဏာ သက်ရောက် သင့်သည်။ ဒေသန္တရ ခရိုင်ကောင်စီသည် ဂျာကာတာမှ ၀င်ရောက်စွတ်ဖက်သည်ဟု မြင်ပြီး ဆုံးဖြတ်ချက်အပေါ် လက်ခံရန် ငြင်းဆိုသည်။ တရားရုံးမှ အနိုင်ပေးလိုက်သော သူသည်လည်း ဒေသခံများ၏ ဆန့်ကျင်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရသည်။ အနောက်ဂျာဗားပြည်နယ်မှ ဘိုဂေါမြိုကတွင် ဘီကာစီခရိုင်တွင် ခရစ်ယာန် ဘုရားကျောင်းအမှု နှစ်ခု ဖြစ်ပွားခဲ့သည်။ တရားရုံးချုပ်မှ ဆောက်လုပ်ခွင့် ဆုံးဖြတ်ချက်ကို ဒေသအရာရှိများက ငြင်းဆန်ခဲ့သည်။ အငြင်းပွားဖွယ်ရာ ဆောက်လုပ်ရေး နေရာကို ပိတ်ပင်ထားစရာ အကြောင်းအရင်းများလည်း မရှိပေ။
ဤကိစ္စသုံးရပ်လုံးတွင် ဆုံးဖြတ်ချက်များကို အကောင်အထည် မဖော်နိုင်ဘဲ တင်းမာမှုများသည် ပေါက်ကွဲလုနီး ဖြစ်လာခဲ့သည်။ ဗဟိုအစိုးရမှ အကောင်းဆုံးလုပ်နိုင်သည်မှာ ဖျန်ဖြေရေး အရာရှိတစ်ဦး စေလွှတ်၍ ဆန့်ကျင်ဘက် နှစ်ဖွဲ့ကြားတွင် အပေးအယူ စေ့စပ်မှု လုပ်ရမည်။ အငြင်းပွားမှုများသည် အမျိုးသားရေးဆိုင်ရာ သတင်းခေါင်းကြီး ဖြစ်လာမှသာလျှင် ဂျာကာတာမှ တုံ့ပြန်တတ်သည်။
တရားရုံးချုပ်များ အာဏာပြည့်လာစေရန်အတွက် သမ္မတသည် အပေးအယူ ညှိနှိုင်းခြင်းမျိုးထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။
သမ္မတတွင် အလိုရှိသလလို သုံးနိုင်သော နည်းလမ်းများ ရှိပေသည်။ သမ္မ၏ အမိန့် ဒီဂရီ ထုတ်နိုင်သည်။ ဒေသအာဏာပိုင်များ၏ ရန်ပုံငွေများကို ထုတ်မပေးဘဲ ထိန်းထားနိုင်သည်။ သူကိုယ်တိုင် တိုက်ရိုက် လော်ဘီဝင်ပေးနိုင်သည်။ မီဒီယာများကို ဗျူဟာကျကျ သုံးနိုင်သည်။ ဒေသအာဏာပိုင်များက တရားရုံးချုပ်များအား စိန်ခေါ်နေမှုကို ခွင့်ပြုထားခြင်းသည် ဒေသပဋိပက္ခ ဖြေရှင်းမှု အလားအလာများကို ထိခိုက်နေရုံမျှသာ မဟုတ်ချေ။ အများစု ပါဝါသည် တရားမျှတမှုနှင့် အင်စတီကျူးရှင်းများထက် ရှေ့သို့ ရောက်နေနိုင်လျှင် လူအုပ်စုများ သွေးကြွလာပြီး အနည်းစုကို ခြိမ်းခြောက်မည်။ နိုင်ငံတော် ကာကွယ်စောင့်ရှောက်မှုကို မရနိုင်ဟု ခံစားလာမည်။ အဆုံးတွင် အင်ဒိုနီးရှား ဒီမိုကရေစီကို အားနည်း လာစေလိမ့်မည်။
ဗဟိုနှင့် ဒေသန္တရ အစိုးရများ
၁၉၉၈ တွင် ဆူဟာတို ရာဇပလ္လင်မှ ဆင်းရပြီးနောက် အင်ဒိုနီးရှားသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ဦးတည်ရွေ့လျားလာခဲ့သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသမားတိုက အာဏာရှင်တစ်ဦး ခေါင်းထောင်လာမည်ကို ဟန့်တားရန် စိတ်ဓာတ်ထက်သန် ပြင်းပြခဲ့ကြသည်။ သမ္မတ သက်တမ်းကို ၂ ကြိမ်ဟု ကိန့်သတ်ခဲ့သည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏတို့ ဆက်စပ်မှုကို ဟန်ချက်ညီ တောင့်တင်းခိုင်မာအောင် ကြိုးပမ်းခဲ့သည်။ ဗဟိုချုပ်ကိုင်မှု လျှော့ခချရေးလုပ်ငန်းစဉ်ကို ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ ဒေသန္တရ အုပ်ချုပ်ရေးအတွက် တိုက်ရိုက် အာဏာ အပ်နှင်းရန် ရွေးကောက်ပွဲ ဥပဒေများကို ၂၀၀၅ ခုနှဏ် အစပိုင်းတွင် ပြင်ဆင်ခဲ့သည်။ ရွေးကောက်ခံတစ်ဦးကို ဆိုးဝါးသော ရာဇတ်မှု မကျူးလွန်ခဲ့လျှင် ဂျာကာာတာရှိ သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးတို့ ဖယ်ရှားမလွယ်တော့ကြောင့် ဥပဒေပညာရှင်များက ထောက်ပြခဲ့ကြသည်။ အကျိုးဆက်မှာ ဒေသခံမဲဆန္ဒနယ်၏ ထောက်ခံမှုအားကို ယူကာ ဒေသခေါင်းဆောင်တို့သည် တရားရုံးချုပ်တို့၏ ဆုံးဖြတ်ချက်ကို လက်ခံရန် မကြာခဏ ငြင်းဆန်လာခြင်း ဖြစ်သည်။ ဂျာကာတာ၏ တုံ့ပြန်မှုမှာ မ၀ံ့မရဲ၊ ချီတုံချတုံ နှင့်။ ပြဿနာများကို ပြေလည်သွားပါလိမ့်မည်ဟု မျှော်လင့်နေသည်။ စေ့စပ်ရေးနည်းလမ်းဖြင့် ကြိုစားခြင်းသည် တစ်ခါတစ်ရံ ဥပဒေကို တန်ဖိုး မထားရာ ကျရောက်နေသည်။
ဆူဟာတိုနုတ်ထွက်ပြီးနောက် တက်ကြွဝမ်းမြောက်နေကြသော ကာလအတွင်း ဥပဒေနှစ်ရပ်ကို ပြဋ္ဌာန်းခဲ့ကြသည်။ ၁၉၉၉ ခု မေလမှ စတင်ကာ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရတို့အကြား အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု ဖြစ်လာသည်။ ညတွင်းချင်းပင် အင်ဒိုနီးရှားသည် ဗဟိုချုပ်ကိုင်မှု အရှိဆုံးနိုင်ငံမှ မရှိဆုံးနိုင်ငံ အဖြစ် ပြောင်းလဲသွားသည်။ နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စနစ်၊ ငွေကြေးနှင့် ဘဏ္ဍာရေး ပေါ်လစီ၊ ဘာသာရေးဆိုသော ကဏ္ဍ ခြောက်ရပ်သာလျှင် ဗဟိုအစိုးရလက်ထဲ ကျန်ခဲ့သည်။ အရာရာကို ဒေသ အောက်ခြေခရိုင်များ၊ မြူနီစီပယ်ဒေသများထိ လျှော့ချပေးခဲ့သည်။ ပြည်နယ်များသို့ အာဏာများများပေးလျှင် ခွဲထွက်ရေးသို့ ဦးတည်နိုင်သည်ဆိုသော စိုးရိမ်မှုများကို လမ်းလွှဲရှောင်ရှား နိုင်ခဲ့သည်။ သမ္မတ ယူဒိုယူနို လက်ထက်တွင် ဘာသာရေး ကဏ္ဍကို ဂျာကာတာမှ အပြီးပိုင် လျော့ချလိုက်သည်။ ၂၀၀၆ ပူးတွဲ ၀န်ကြီးများ အမိန့် ဒီဂရီအရ ဒေသအဆင့်ဆင့်တွင် “ဘာသာရေး သဟဇာတ ဖိုရမ်” များ တည်ထောင်ပြီး၊ ဘာသာရေးအငြ်းပွားမှုများကို ဖြေရှင်းသည်။ ဂျာကာတာမှ ၀င်ရောက် စွက်ဖက်ချုပ်ကိုင်မှု လုံးဝ မရှိတော့ ချေ။
အာဏာကို ဗဟိုမှ အောက်ခြေအဆင့်များသို့ လွှဲပြောင်းပေးခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရသည် ပြည်သူနှု့် ပိုမိုနီးစပ်ပေါင်းစည်းကာ ၀န်ဆောင်မှု ယန္တရား ချောမွေ့တိုးတက်လာရန် ဖြစ်သည်။ သို့ရာတွင် ဤဖြစ်စဉ်ကို ဂျာကာတာမှ မညိသို့ ကွပ်ကဲရမည်နည်းဆိုသော ကန့်သတ် ပြဿနာတစ်ချို့ ရှိနေသည်။
ဒေသန္တ စစ်မင်းများ ပေါ်လာမည်ကို တချို့ စိုးရိမ်သည်။ ရဲ (ပုလိပ်) အဖွဲ့ သည် ဗဟို အင်ဟတီကျူးရှင်းတစ်ခု အဖြစ် ကျန်ရှိနေပြီး၊ ပုဂ္ဂလိက စစ်တပ်ဖွဲ့များ ပေါ်ထွက်မလာရန် တာဝန်ရှိသည်။ ဒေသန္တရနိုင်ငံရေးတွင် သူတို့ ပါဝင် ငြိလာနိုင်ခြေကို ဖျက်ရမည်။ အကျင့်ပျက်ခြစားမှုသည် ဗဟိုမှ အောက်ခြေထိ တောက်လျှောက် စီးဆင်းသွားမည်ကို စိုးရိမ်ရမည်။ နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်မှု ကော်မတီကို ၂၀၀၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အဓိက ပစ်မှတ်များထဲမှ တစ်ခုမှာ ဒေသန္တရခေါင်းဆောင်များ၏ နိုင်ငံတော်ရန်ပုံငွေ အလွဲသုံးစားမှု ဖြစ်သည်။
ဤကဲ့သို့ ထူးခြားကောင်းမွန်သော ဗဟိုအာဏာလွှပြောင်း လျှော့ချမှုသည် ၀န်ဆောင်မှု ယန္တရားများကို အနှောက်အယှက် မဖြစ်ဘဲ လွယ်ကူ မြန်ဆန်နိုင်ပါမည်လား။ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရ ပေါ်ထွက်လာရေးအတွက် ဒေသအာဏာပိုင်မျာသည် ကျွမ်းကျင် လိမ္မာမှု ရှိနိုင်ကြမည်လားဟု အစောပိုင်း စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြပေသည်။
ဖြစ်စဉ်သည် ထူးထူးခြားခြား ချောမွေ့ခဲ့သည်။ ကနေဦးပိုင်း အကဲဖြတ်ချက်များအရ ယေဘုယျအားဖြင့် ကောင်းသည်။ အပေါင်းလက္ခဏာ ဆောင်သည်။ အကောင်အထည်ဖော်မှုများ တစ်နှစ်ပြည်ကာနီးတွင် အာဏာ တိုးမြှင့် အပ်နှင်းထားသော ဒေသအအုပ်ချုပ်ရေးများသည် ပုံမှန်လည်ပတ်နေသည်။ အုပ်ချုပ်ရေးပိုင်းတွင် လူထု ပူးပေါင်းပါဝင်မှု မြင့်မားလာသည်။ စီမံကိန်းအပေါ် လူထုကြိုက် နှစ်သက်လာသည်။ ကာလအတော်ကြာသောအခါတွင် စီမံချက်များ၊ ဘတ်ဂျက်ကိစ္စများ၊ စီမံခန့်ခွဲရေး ကိစ္စများတွင် ဒေသန္တရ အာဏာပိုင်ရှင်တို့၏ စွမ်းရည် ချို့တဲ့မှုသည် အဓိက ပြဿနာ ဖြစ်လာတော့သည်။ ဒေသအစိုးရ ရုံးများတွင် ဗဟိုမှ ရွှေ့ပြောင်းလာသော ၀န်ထမ်းများနှင့် ဖောင်းပွနေသည်။ သူတို့ ကျွမ်းကျင်မှုသည် ဒေသလိုအပ်ချက်နှင့် မကိုက်ညီ။ ဗဟို၊ ပြည်နယ်နှင့် ခရိုင်အစိုးရတို့ကြား အာဏာလမ်းကြောင်းများ ရှုပ်ထွေးနေသည်။ ပြည်နယ်များတွင် ခရိုင်သစ်များ ပိုမိုတိုးလာခြင်းကြောင့် မြေယာနှင့် သယံဇာတ် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့သည်။
ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်သောအခါ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများ လွန်ကဲလာမှုအတွက် စိုးရိမ်သော အသံများ၊ ၂၀၀၂ အစောပိုင်းတွင် ထွကပေါ်လာသည်။ သမ္မတ မေဂါဝတီ ဆူကာနိုပူထရီ၏ အစိုးရအဖွဲ့သည် အာဏာတောင့်တင်းသော ဒေသသစ်များအပေါ် ထိန်းချုပ်ရန် နည်းလမ်းများကို အကြံပေးတင်ပြလာခဲ့ကြသည်။ အဓိကအားဖြင့် ခရိုင်မှ အာဏာများကို ရုပ်သိမ်းပြီး ပြည်နယ်ကို အင်အားတောင့်တင်းအောင်လုပ်ရန် ဖြစ်သည်။ မြေယာ၊ ပင်လယ်ရေပြင်နှင့် သယံဇာတ ဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ် ဗဟိုချုပ်ကိုင်မှု ပြန်တင်းလာသည်ဟု မြင်ကြပြီး ဆန့်ကျင်ကြသည်။ ၂၀၀၄ ခုနှစ်တွင် ၁၉၉၉ ခုနှစ်မှ ဥပဒေနှစ်ရပ်ကို အသစ်အစားထိုး ပြဋ္ဌာန်းခဲ့သည်။ ခရိုင်အပေါ် ပြည်နယ်နှင့် ဗဟိုမှ အနည်းငယ် ပိုမိုကြီးကြပ်ရန် ဖြစ်သည်။ ခရိုင်ခေါင်းဆောင်များ။ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက် ရွေးချယ်လိုက်သောအခါ ရွေးချယ်ခံတို့သည် သူတို့အရင် လူများ မရရှိခဲ့သော အာဏာနှင့် တရားဝင် ပိုင်ဆိုင်ခွင့်တို့ကို ရရှိလာခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် တချို့နေရာများတွင် ဒေသန္တရ အာဏာမင်းများနှင့် မိသားစု မင်းဆက်တို့ ပေါ်ထွန်းရန် ဦးတည်လာခဲ့ပေသည်။
ပြည်နယ်ခရိုင်ဒေသများ တိုးပွားများပြားလာခြင်းသည်လည်း ဗဟိုမှ ကွပ်ကဲရန် ပိုမိုခက်ခဲလာသည်။ ၁၉၉၉ ခုတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဥပဒေ ပြဋ္ဌာန်းစဉ် ပ်ြညနယ် ၂၆ ခုနှင့် ခရိုင် ၂၆၀ ရှိသည်။ ၂၀၁၂ ခုတွင် ပြည်နယ် ၃၃ ခုမှ ၃၄၊ ခရိုင်ပေါင်း ၅၀၀ ကျော်ရှိလာပြီး ထပ်ဖွဲ့ရန် ရှိသေးသည်။ ဒေသအုပ်ချုပ်ရေးနှင့် တိုက်ရိုက်ပတ်သက်နေသော ဌာနမှာ ဘဏ္ဍာရေး ၀န်ကြီးဌာနဖြစ်သည်။ ဒေသများသို့ ရန်ပုံငွေ ခွဲဝေချထားခြင်းကို စီမံခန့်ခွဲရသည်။ ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဌာနသည် ပြည်ထဲရေး ၀န်ကြီးဌာန၏ ဦးစီးဌာနခွဲဖြစ်ကာ ဒေသများမှ ပေါ်ထွက်လာသော ဒေသန္တရ အမိန့်များ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို ဆန်းစစ်ရန် တာဝန်ရှိသည်။ အမျိုးသားဥပဒေကို မချိုးဖောက်စေရန် ဖြစ်သည်။ ချိုးဖောက်ခဲ့လျှင် သမ္မတအမိန့်နှင့် ပယ်ဖျက်နိုင်သည်။ ဒေသအမှုဆောင်များက တရားရုံးချုပ်သို့ အယူခံဝင်နိုင်သည်။ လက်တွေ့တွင် ဒေသဆိုင်ရာအခွန် ကောက်ခံမှု ကိစ္စတွင်သာ ပယ်ဖျက်ခြင်းများ ရှိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၀၂ ခုမှ စကာ ဒေသလုပ်ထုံးလုပ်နည်း ၂၀၀၀ ခန့် ပယ်ဖျက်ခဲ့သည်။ ၂၀၁၁ ခုတွင် ၃၅၁ ခုရှိသည်။ သဘောတရားအရ ဆိုလျှင် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် ခရိုင်များကို လမ်းညွှန်ကွပ်ကဲရန်အတွက် ဗဟိုအစိုးရ၏ လက်တံများဟု ဆိုနိုင်သည်။ လက်တွေ့တွင် ဤအခန်းကဏ္ဍကို ထမ်းဆောင်ရန် ငွေကြေးအာဏာ စည်းမျဉ်းအာဏာ မရှိ၊ အရေးယူ ထုတ်ပယ်ခွင့် အာဏာ မရှိ။
ခရိုင်ခေါင်းဆောင်များသည် ပြည်နယ်အစိုးရအား ဖြေကြားရန် မလိုသော ပြည်နယ်အုပ်ချု့်ရေးမှူးနှင့် ကင်းလွတ်သော ဘုရင်ငယ်များ ဖြစ်လာခဲ့ကြလေသည်။ ဂါမာဝန်ဖောဇီသည် ခရိုင်ခေါင်းဆောင်၊ ထို့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာသည်။ ၂၀၀၄ ခုတွင် သမ္မတ ယူဒိုယူနို လက်ထက် ပြည်ထဲရေး ၀န်ကြီး ဖြစ်သည်။ သူက လက်ရှိစနစ်သည် ဆူဟာတိုကာလအတွင်းမှာထက် ပိုမိုဆိုးဝါးသော ဒေသန္တရ ခေါင်းဆောင်များကို မွေးထုတ်ပေးနေသည်ဟု လူသိရှင်ကြားပြောခဲ့သည်။ ခေတ်ဟောင်းကလတွင် ရာထူးတာဝန်ခန့်အပ်သည်နှင့် ခေါင်းဆောင်မှု သင်တန်းများ တက်ရောက်ရသည်။ လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှု အဆင့်ကို ဖြတ်သန်းရသည်။
“အခုမှာတော့ ပေါ်ပြူလာဖြစ်တဲ့သူတစ်ဦးဟာ ဘဏ္ဍာရေး စီမံခန့်ခွဲရေး၊ ဗျူရိုကရေစီ၊ ဥပဒေ စတာတွေ အကြောင်း တစ်စုံတစ်ရာ မသိဘဲ ရွေးကောက်ပွဲ ၀င်နိုင်တယ်၊ ၀င်မယ် နိုင်မယ်” ဟု ပြောသည်။
ဒေသန္တရ အစိုးများနှင့် ပတ်သက်၍ ဂျာကာတွင် အားနည်းချက်များ ရှိသည်မှာ အမှန်ဖြစ်သည်။ အင်ဒိုနီးရှား ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်မှ အားနည်းချက်များသည် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ခေါင်းဆောင်မှု ပြဿနာ၊ နိုင်ငံရေးစိတ်ဆန္ဒတို့နှင့် အနည်းအများ ဆက်နွှယ် ပတ်သက်နေသည်မှာ အမှန်တကယ် သဘာဝကျပေသည်။
မောင်ခိုင်အောင်
Ref: (1) Indonesia, Defying The State ICG Report, 30 Aug 2012
(2) Indonesia; The Downside of Decentralization (by) Joshua Kurlantzick.
စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဦးဦးလှစောသည် ဖယ်ဒရယ်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တဦးလည်း ဖြစ်သည်။
ဖယ်ဒရယ်ဂျာနယ် ဧပြီ၊ ၂၀၁၃ မှ ဆောင်းပါးအား AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။
____Ko Ko Aung's Facebook Page မှ ကူးယူဖော်ပြသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။