“ကားပါမစ်နဲ့ မတရားသင်းဥပဒေ” တို့၏အောင်ပွဲ သို့မဟုတ် NCA စာချုပ်

တူမောင်ညို – “ကားပါမစ်နဲ့ မတရားသင်းဥပဒေ” တို့၏ အောင်ပွဲ သို့မဟုတ် (NCA) စာချုပ်

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၅


“မျိုးစောင့်ဥပဒေ” အောင်ပွဲခံပြီးတဲ့နောက် အောက်တိုဘာလ ၁၅ ရက်နေ့မှာ “ကားပါမစ်နဲ့ မတရားသင်းဥပဒေ” တို့ကလည်း အားမကျမခံ အောင်ပွဲခံပေဦးတော့မယ်။ “ကားပါမစ်များ” နဲ့ စတင်ခဲ့သော စစ်တပိုင်းအစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ဟာ “မတရားသင်း ပယ်ဖျက်ပေးမယ်”ဆိုတဲ့ မက်လုံးနဲ့ ကျုံးသွင်းပွဲ ကျင်းပတော့မယ်။

(NCA) စာချုပ်မှာ ပါဝင်လက်မှတ်ထိုးမယ့် အဖွဲ့တွေကို လက်မှတ်မထိုးမီ ၁ ရက်သို့မဟုတ် ၃ ရက် ကြိုတင်ပြီး “မတရားသင်း ကနေပယ်ဖျက်ပေးမယ်” လို့ ဦးအောင်မင်းက ပြောထားပြီးဖြစ်ပါတယ်။ “ဥပဒေ” ဆိုတာ စစ်တပိုင်းအစိုးရအဖို့ မြှူဆွယ်စရာ၊ အပေးအယူ လုပ်စရာ ကရိယာမျှသာဖြစ်ပါတယ်။ ကားပါမစ်နဲ့ ဥပဒေဆိုတာ စစ်တပိုင်းအစိုးရအဖို့ အနှစ်သာရအရ ဘာမျှမခြားနားပါ။

မတရားသင်းပယ်ဖျက်ပေးလိုက်တဲ့အခါ ဘာတွေဖြစ်လာမလဲ။ မျောက်သစ်ကိုင်းလွတ်တဲ့ အနေအထားမျိုးသာဖြစ်လိမ့်မယ် လို့ အားနာပါးနာပြောရပါလိမ့်မယ်။

ပထမအချက်က မတရားသင်းကနေပယ်ဖျက်ပေးတဲ့အတွက် တရားသင်းဖြစ်လာပါလိမ့်မယ်။ ဒီလိုဖြစ်လာတာဟာ တချိန်က ဘဝတူ မတရားသင်းအဖွဲ့အစည်းတွေနဲ့ စည်းတဖက်ခြားသွားစေပါတယ်။ တရားသင်းဖြစ်လာ တဲ့အတွက် မတရားသင်းတွေနဲ့ ဆက်သွယ်/ဆက်ဆံလို့မရဆိုတဲ့ တားမြစ်ကန့်သတ်ချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ တရားသင်းတစ်ခုဟာ မတရားသင်း တစ်ခုနဲ့ ဆက်သွယ်ဆက်ဆံတယ်ဆိုရင် တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်ပါတယ်။ ဒါကြောင့်“တရားသင်း” ဖြစ် လာတဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေဟာ မတရားသင်းတွေနဲ့ ဆက်ဆံဆက်သွယ်လို့မရနိုင်တော့ပါဘူး။

ဒုတိယအချက်က မတရားသင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့အဖွဲ့အစည်းတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေ ဘယ်အတိုင်း အတာ အထိလုပ်ဆောင်နိုင်သလဲဆိုတဲ့အချက်ဖြစ်ပါတယ်။

“၂၀၀၈အခြေခံဥပဒေ၊ နိုင်ငံရေပါတီများမှတ်ပုံတင်ခြင်းဥပဒေ” တွေနဲ့အညီ ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင်မှတ်ပုံတင် ထားတဲ့ နိုင်ငံရေးပါတီတွေလို စည်းရုံးလှုပ်ရှားခွင့်တွေ ရရှိနိုင်ပါ့မလား။ ဘယ်လိုမှမရနိုင်ဘူးလို့ မြင်ပါတယ်။ ဒီလိုရရှိနိုင်ဖို့ ဆိုရင် အခြေခံအားဖြင့်အချက် ၂ ချက်လိုအပ်ပါတယ်။ ပထမတစ်ချက်က လက်နက်ချရမယ်။ ဒုတိယအချက်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမယ်။ ကော်မရှင်ကခွင့်ပြုမှ၊ မှတ်ပုံတင်ခွင့်ပေးမှ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်နက်မချဘဲ၊ နိုင်ငံရေပါတီအဖြစ် မှတ်ပုံတင်လို့မရနိုင် ပါဘူး။ နိုင်ငံရေးပါတီအဖြစ် ရပ်တည်လှုပ်ရှားမယ်ဆိုရင် လက်နက်ချရမယ်။ လက်နက်ဆက်လက်ကိုင်ထားမယ်ဆိုရင် နိုင်ငံ ရေးလှုပ်ရှားခွင့်ပေးမှာ မဟုတ်ပါဘူး။

ဒါကြောင့် (NCA) စာချုပ်မှာ လက်မှတ်ထိုးမယ့် အဖွဲ့ ၈ ဖွဲ့ကို မတရားသင်းကနေ ပယ်ဖျက်ပေးလိုက်တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ချပေးထားတဲ့ တရားဝင်နိုင်ငံရေးပါတီတွေလို လှုပ်ရှားခွင့်ရမှာ မဟုတ်ဘူးဆိုတာ သိပ်သေချာပါ တယ်။

မှတ်ပုံတင်ထားတဲ့ တရားဝင်ပါတီတွေရဲ့အခွင့်အရေးဆိုတာကလည်း ရွေးကောက်ပွဲကော်မရှင်က ပါတီဝင်စာရင်းတောင်း လာရင်၊ ပါတီငွေစာရင်းစစ်မယ်ဆိုရင် အချိန်မရွေးခွင့်ပြုရတဲ့ ဘဝနေအထားဖြစ်ပါတယ်။ အတိုက်အခံပါတီတွေဆိုတာဟာ အစဉ်အမြဲ အာဏာရအုပ်စုရဲ့ဖိနှိပ်သမျှ၊ တိုက်သမျှကို ငုံ့ခံနေကြတဲ့ ဘုရားစူးအတိုက်အခံပါတီတွေသာဖြစ်ပါတယ်။ မဲစာ ရင်းမှားတွေ တမင်တကာထုတ်ပြန်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပီပီပြင်ပြင် ထိထိရောက်ရောက် ကန့်ကွက်အရေး မဆိုဝံ့ဘဲ၊ ငုံ့ခံနေကြတဲ့နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။

ဒါကြောင့် မတရားသင်းပယ်ဖျက်ပေးတယ်ဆိုတာ စစ်တပိုင်းအစိုးရက သူတို့ဂွင်ထဲသွင်းပြီး၊ ခွေထားလိုက်တဲ့သဘောသာဖြစ် ပါတယ်။ဒီအနေအထားကရှေ့လည်းပီပီပြင်ပြင် တိုးမရသလို နောက်လည်းဆုတ်မရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် မျောက်သစ် ကိုင်းလွတ်တဲ့အနေအထားလို့ ပြောရတာပါ။

ဒါ့အပြင် မတရားသင်းပယ်ဖျက်ပေးတယ်လို့ ဘယ်လိုပဲဆိုနေစေကာမူ မတရားသင်းအဖြစ် အချိန်မရွေး ပြန်လည်ကြေညာ နိုင် တဲ့ အခွင့်အရေးကတော့ စစ်တပိုင်းအစိုးရလက်ထဲမှာ ရှိမြဲရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့် လက်မှတ်ရေးထိုးတဲ့အတွက် မတရားသင်း ပယ်ဖျက်ပေးတယ်ဆိုတာဟာ ပေးကားပေး၏ မရဆိုတာပါပဲ။ မရတဲ့အပြင် ကိုယ့်ဘဝတူတွေနဲ့ စည်းခြားခံရတာ တောင်ကိုယ့်ဘက် က အဆစ်ပါသွား ပါသေးတယ်။

ဒါကြောင့် (NCA) စာချုပ်မှာ လောလောဆယ်လက်မှတ်မထိုးနိုင်သေးဘူးလို့ဆိုနေတဲ့၊ “အားလုံးပါဝင်ရေးမူ” ကို ကိုင်စွဲထား တဲ့ တချိန်ကကိုယ့်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ ဘဝတူတိုင်းရင်းသားအဖွဲ့အစည်းတွေကို အစိုးရစစ်တပ်ကတိုက်ခိုက်လာပြီဆိုရင် ဘယ်လို တုန့်ပြန်ကြမလဲ။ အခုလောလောဆယ်လက်တွေ့မှာပဲ (KIO) နဲ့ ( SSPP/SSA) ကို အစိုးရစစ်တပ်က ထိုးစစ်ဆင်နေတာကို ဘယ်အဖွဲ့ အစည်း ဘယ်ပါတီ ကကန့်ကွက်သလဲ/ထိုးစစ်ဆင်နေတာတွေရပ်ပါလို့ ဘယ်သူပြောသလဲ။ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ (SNLD) ပါတီကပဲ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်တာပဲတွေ့ရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ အခြေအနေကို လျစ်လျူရှုပြီး တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လို့ ပြော ဆိုနေတာ၊ သုံးစွဲခေါ်ဝေါ်နေကြတာဟာ အင်မတန်အရှက်ကင်းမဲ့တဲ့ လုပ်ရပ်သာဖြစ်ပါတယ်။ စစ်တပိုင်းအစိုးရရဲ့ မဲဆွယ်ပွဲမှာပါဝင် အသုံး တော်ခံနေကြရတာထက် ဘာမှမပိုပါဘူး။

ဒီလို တပြည်လုံးမလွှမ်းခြုံနိုင်တဲ့၊ ဂုဏ်နဲ့ဒြပ်မကိုက်မညီတဲ့၊ တစ်ကွက်စား၊ တစ်နပ်စား (NCA) စာချုပ်မှာ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေဟာ ပါဝင်ပြီး အသိအသက်သေအဖြစ် လက်မှတ်ထိုး ဝံ့မှာ မဟုတ်ပါဘူး။ (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးက သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူးလို့ အပြတ်သားဆုံးပြောခဲ့ပါတယ်။ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်ကနေ တဆင့် ထုတ်ဖော်ပြောကြားထားပြီးပါပြီ။ အိမ်နီးချင်းနဲ့ နိုင်ငံတကာက လူကြီးလူကောင်းများအနေနဲ့လည်း သူတို့ဉာဏ် ပညာ၊ သူတို့ဖြတ်သန်းမှုအတွေအကြုံတွေနဲ့ ချင့်ချိန် တွက်ဆနိုင်ကြမှာပါ။

မည်သို့ပင်ဆိုစေကာမူ “ကားပါမစ်နဲ့ မတရားသင်းဥပဒေ” တို့ဟာ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အဖွဲ့ ၈ ဖွဲ့အား (NCA) စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးစေမှာဖြစ်ပါကြောင်း။

____မိုးမခ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။