ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက်

ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇေကမ္ဘာဝင်းအတွင်း ပိုင်ရှင်မဲ့ ရပ်နားထားတဲ့ ကွန်တိန်နာယာဉ်တစ်စီးပေါ်ကနေ စိတ်ကြွဆေးပြားများ ၂၆၇ သိန်း ဖမ်းဆီးရမိခဲ့ပြီး၊ တစ်လအတွင်း နေရာ ၆ ခုကနေ မူးယစ်ဆေးဝါးပေါင်း ၃၄ သန်းကျော်ကို တွေ့ရှိခဲ့ပြီးနောက်မှာ အဆိုပါ အမှုနဲ့ ဆက်စပ်ပြီး ကျူးလွန်သူ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးရာမှာ နောက်ထပ် အနည်းဆုံး ၂၀ ဦးထက် မနည်း ပါဝင်ပတ်သက်သူများမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြထားပါတယ်။
စံချိန်တင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုမှာ အဓိက ပါဝင်တဲ့လို့ ဆိုတဲ့ Kaladan Delta Development Co.,Ltd ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖမ်းမိခဲ့တဲ့နောက်မှာ အခုလို ထွက်ပြေးတိမ်ရှောင်နေသူ ၂၆ ဦး ရှိနေကြောင်း ဖြစ်တယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် မရမ်းကုန်းမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်တဲ့ Kaladan Delta Development နဲ့ မြောက်ဒဂုံမြို့နယ်အတွင်းက Arakan Bay ဆောက်လုပ်ရေးကုမ္ပဏီများရဲ့ ပိုင်ရှင်များနဲ့ လုပ်ငန်းလုပ်ဆောင်သူများမှာ စံချိန်တင်မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနဲ့လည်း ဆက်စပ်နေကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီးနှိမ်နင်းရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ဒီအမှုတွေရဲ့ ကွင်းဆက်တွေအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က နေရာ ၄ ခုကို ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပြီး စစ်တွေ အောင်မင်္ဂလာအဝေးပြေးကားဂိတ်က ဂိတ်မှူးတစ်ဦးကို ဆက်စပ်သူအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
Ref: RIA

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။