အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် သီတဂူဆရာတော်က မိန့်ကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြန်မာနိုင်ငံရှိ အခြားဘာသာ တရားများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံခန်းမ၌ ပြုလုပ်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် သီတဂူ ဆရာတော်က မိန့်ကြားသည်။
“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေလေးရပ် ဘယ်လိုပဲ ပြဋ္ဌာန်းလိုက်စေကာမူ နောက် ဒါ့ထက်တိုးပြီး ဥပဒေတွေ လာပစေဦး တပည့်တော်တို့ ဘုရားသားတော် သံဃာတော်တွေက နံပါတ်တစ် မြန်မာ့မြေပေါ်မှာ ရှိနေကြတဲ့ အခြားဘာသာ တရားတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး နေထိုင်သွားမည်ဖြစ်ကြောင်း တပည့်တော် ဒီနေရာကနေပြီးတော့ သံဃာတော်များကိုလည်း လျှောက်ပါတယ်။ ပရိသတ်များကိုလည်း ပြောပါတယ်။ အခြားဘာသာများကိုလည်း ကြေညာပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ဘာသာအချင်းချင်း တစ်ဘာသာမှ တစ်ဘာသာသို့ ၀င်ရောက်စွက်ဖက်ခြင်း မပြုပဲ ပဋိပက္ခ ဖြစ်ပွားမူများကို ရှောင်ရှားနိုင်မည့် မူငါးချက်ကိုလည်း သီတဂူ ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“နံပါတ်တစ်ကတော့ တပည့်တော်တို့က အချင်းချင်း အပြန်ပြန် အလှန်လှန် နားလည်မှုကို တည်ဆောက်ပြီး နေသွားကြပါစို့။ နံပါတ်နှစ် ဘာသာရေး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် ရိုသေလေးစားစွာ ဆက်ဆံပြီးတော့ သွားကြပါ။ နံပါတ်သုံးက ဘာသာရေး အဖွဲ့အစည်း တစ်ခုက အခြားဘာသာရေး အဖွဲ့အစည်း တစ်ခုကို အထဲကို ၀င်ရောက်စွက်ဖက်ခြင်း မပြုဘဲနဲ့ ငြိမ်းချမ်းစွာ နေထိုင်သွားကြပါ။ နံပါတ်လေး အချက်က ဆူပူသောင်းကျန်းခြင်းတို့ကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ လက်တွဲပြီး အတူနေထိုင်သွားကြပါ။ နောက်ဆုံးက ကြီးကျယ်မြင့်မြတ်သော သည်းခံခြင်းတရားကို လက်ကိုင်ထား၍ မည်သည့်ဘာသာရေး အဖွဲ့အစည်းနှင့်မဆို ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူနေထိုင်သွားကြပါဆို့ ငြိမ်းချမ်းခြင်း မူငါးချက်ကို ဘုရားတပည့်တော် ကြေညာပါတယ်။ ဒီမူငါးချက်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီအတိုင်းပဲ ကျင့်သုံးသွားမှာပါ။ နားလည်မူရအောင်ယူမယ် တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေမယ်။ တစ်ဘာသာက တစ်ဘာသာကို ၀င်ရောက်စွက်ဖက်ခြင်း မပြုဘူး။ ပဋိပက္ခ ဖြစ်တာကို ကြိုးစားပြီး ရှောင်မယ်။ ကြီးမားဆုံး သည်းခံခြင်းနဲ့ ဒီမြေပေါ်မှာရှိတဲ့ ဘယ်ဘာသာဝင်မဆို အားလုံးငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြပါလို့ ပြောကြားလိုပါတယ်” ဟု သီတဂူ ဆရာတော်က မိန့်ကြားသည်။
အခမ်းအနားတွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်၊ သီတဂူ ဆရာတော်၊ ၀ါးကင်းကုန်း ဆရာတော်နှင့် အခြား ဆရာတော်များက မိန့်ခွန်းပြောကြားခဲ့ပြီး ဒေါက်တာအရှင် ဓမ္မပီယက မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အနှံ့ရှိ သံဃာတော်များနှင့် လူနှစ်သောင်းဝန်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Writer:
ဆန်းထူးအောင်၊ ကြည်နိုင်၊ ပြည့်ဖြိုးအောင်
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။