ပစိဖိတ် သမုဒ္ဒရာတွင် တွေ့ရသော အမေရိကန် တိုက်ခိုက်ရေး သင်္ဘောနှစ်စင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၂၃ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)
အမေရိကန် အစိုးရသည် ဆော်ဒီအာရေဗျသို့ ဒေါ်လာ ၁၁ ဘီလျံ တန်ဖိုးရှိသည့် အဆင့်မြင့် သင်္ဘော လေးစင်း ရောင်းချရန် အတည်ပြုလိုက်ပြီ ဖြစ်သည်ဟု အစိုးရအရာရှိများက အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။
ဆော်ဒီသည် ရေနံကြွယ်ဝသော ပင်လယ်ကွေ့ တစ်လျှောက်တွင် အီရန်တပ်များနှင့် ရင်ဆိုင်နေရသည့် ၎င်း၏ အရှေ့ပိုင်း ရေယာဉ်အုပ်စုကို အဆင့်မြှင့် တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အမေရိကန်ရေတပ်၏ ကမ်းယပ် တိုက်ခိုက်ရေး သင်္ဘောကို အခြေခံ ဆောက်လုပ်ထားသော ယခု သင်္ဘောလေးစင်းသည် အတော်အတန် သေးငယ်သော်လည်း မြန်ဆန်ခြင်း၊ ရေတိမ်တွင် ထိန်းသိမ်း မောင်းနှင်ရ လွယ်ကူခြင်းနှင့် ပစ်ခတ်အား ပြင်းထန်ခြင်းတို့ အတွက် ရည်ရွယ် တည်ဆောက်ထားသည်ဟု သိရသည်။
ဆော်ဒီသို့ ထိုသင်္ဘောလေးစင်း ရောင်းချရေးနှင့်ပတ်သက်၍ အမေရိကန် ကွန်ဂရက်၏ နိုင်ငံခြားရေးရာ ဌာနသို့ တင်ပြထားကာ နောက်ဆုံး ခွင့်ပြုချက်ကို စောင့်နေသည် ဟု လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကာကွယ် ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုရောင်းချမှုသည် ဒေသတွင်းရှိ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ၏ လုံခြုံရေးကို တိုးတက်စေမည် ဖြစ်ကြောင်း၊ ထိုနိုင်ငံသည် အရှေ့အလယ်ပိုင်း၏ နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး တိုးတက်မှုတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် နိုင်ငံဖြစ်ကြောင်း ယင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ဆော်ဒီသို့ ရောင်းချမည့် သင်္ဘော၏ အမည်ကို “ဘက်စုံသုံး တိုက်သင်္ဘော” ဟု အမည်ပေးထားသည်။ ယင်းသင်္ဘောများသည် Sea Sparrow လေယာဉ်ပစ် ဒုံးကျည်နှင့် Harpoon သင်္ဘောပစ် ဒုံးကျည် ဒါဇင်နှင့်ချီ သယ်ဆောင်နိုင်သည်ဟု သိရသည်။
သင်္ဘောတွင် တပ်ဆင်ထားသည့် အဓိက သေနတ်မှာ အီတလီ နိုင်ငံလုပ် ၇၆ မမ OTO ဖြစ်သည်။ သို့သော် သင်္ဘော ရောင်းဝယ်ရေး၏ အဓိက စာချုပ်ကိုမူ အမေရိကန် လက်နက် ထုတ်လုပ်ရေး လုပ်ငန်းကြီး Lock heed Martin ချုပ်ဆိုမည် ဖြစ်သည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။