လိပ်ကျွန်းလူသတ်မှု ယခုနှစ် မကုန်မီ အမိန့်ချနိုင်ဖွယ်ရှိပြီး စွပ်စွဲခံမြန်မာနှစ်ဦး အမှုမှ ကွင်းလုံးကျွတ် လွတ်မည်ဟု ယုံကြည်ကြောင်း အမှုစုံစမ်း စစ်ဆေးရေး တာဝန်ခံ ပြောကြား


လိပ်ကျွန်း အမှုစုံစမ်းစစ်ဆေးရေး တာဝန်ခံ ဦးထူးချစ်က လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အခြေအနေများကို ရှင်းလင်းနေစဉ်

လိပ်ကျွန်း လူသတ်မှုကို ယခုနှစ်မကုန်မီ အမိန့်ချမှတ် နိုင်ဖွယ်ရှိပြီး စွပ်စွဲခံမြန်မာနှစ်ဦး အမှုမှကွင်းလုံး ကျွတ်လွတ်မည်ဟု ယုံကြည်ကြောင်း အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၌ Orchid Hotel ပြုလုပ်သည့် “လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအခြေအနေ” သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာသံရုံးမှ ဖွဲ့စည်းပေးထားသည့် လိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဦးထူးချစ်က ပြောကြားသည်။

ရုံးချိန်းပေါင်း အကြိမ် ၂၀ ထက်မနည်း ခေါ်ယူခဲ့ပြီးနောက် လိပ်ကျွန်းလူသတ်မှု၏ နောက်ဆုံးရုံးချိန်ကို လာမည့် အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်တွင် ခေါ်ယူသွားမည်ဖြစ်ပြီး အဆိုပါရုံးချိန်းတွင် စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးဖြစ်သည့် ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထပ်မံစစ်ဆေး မေးမြန်းမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီတစ်နှစ်အတွင်းမှာ ကြား၊ သိ၊ မြင်ဆိုတဲ့ သက်သေတွေ၊ ဒီအန်အေနဲ့ရော လုံလုံလောက်လောက် ချေပခဲ့ပြီးပါပြီ။ ဒီအမှုဖြစ်စဉ်မှာ မျက်မြင်သက်သေလည်း မရှိခဲ့ဘူး။ ဒီကလေးနှစ်ဦး ကျူးလွန်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားလည်း မရှိဘူး။ လူသတ်လက်နက်ပေါ်မှာ တွေ့ရတဲ့ ဒီအန်အေက ကလေးနှစ်ယောက်ဟာ မဟုတ်ဘူးဆိုတဲ့ ထွက်ဆိုချက်က သူတို့အတွက် အများကြီး အကျိုးရှိခဲ့တယ်။ ကလေးနှစ်ယောက်ဟာ ဒီအမှုနဲ့ လုံးဝမပတ်သတ်ပါဘူး။ စွပ်စွဲခံရသူတွေ ဖြစ်တဲ့အတွက်  ကွင်းလုံးကျွတ် လွတ်မယ်လို့ ယုံကြည်ပါတယ်၊ ဒါပေမဲ့ ထိုင်းအစိုးရက သူတို့ရဲ့ တရားစီရင်ရေးကို ဘယ်လိုဂုဏ်သိက္ခာ ပြန်ဆယ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်” ဟု လိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ (၃) မှ တာဝန်ခံ ဦးထူးချစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရုံးချိန်းများအတွင်း စွပ်စွဲခံမြန်မာလုပ်သား နှစ်ဦးဘက်က သက်သေ ၃၃ ဦးကို တရားရုံးသို့ တင်သွင်းခဲ့သော်လည်း ၁၅ ဦးခန့်သာ စစ်ဆေးခွင့် ရခဲ့ကြောင်း သိရသည်။

“ဒါက သာမန်ရာဇ၀တ်မှုတစ်ခု မဟုတ်ပါဘူး။ အမျိုးသားရေးနဲ့ အများကြီး သက်ဆိုင်နေတယ်။ ထိုင်းနိုင်ငံမှာ တစ်ခုခုဖြစ်တိုင်း မြန်မာအလုပ်သမားတွေဟာ Negative Image ရှိတယ်။ ဒါဟာ မတရားသဖြင့် အစွပ်စွဲခံရတာပါ။ ဒီအမှုကနေ နောက်ကျရင် မြန်မာအလုပ်သမားတွေကို မတရားစွပ်စွဲလို့ မရဘူးဆိုတာ ထိုင်းလူမျိုးတွေကြားမှာ ပျံ့နှံသွားမယ်လို့ ယုံကြည်တယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၂၂  ရက်ရုံးချိန်းတွင် ဒီအန် အေကို ပြန်လည်စစ်ဆေးရာ၌ လူသတ်လက်နက်ဖြစ်သည့် ပေါက်တူးရိုးတွင် ဒီအန်အေ နှစ်မျိုးတွေ့ရပြီး အဆိုပါ ဒီအန်အေမှာ အသတ်ခံရသူ ဒေးဗစ်နှင့် ဟန်နာတို့၏ ဒီအန်အေနှင့် တူညီမှုရှိကာ စွပ်စွဲခံရသူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့၏ ဒီအန်အေနှင့် အဆင့် ငါးဆင့်သာ တူညီသယောင်ရှိကြောင်း ထိုင်းမှုခင်း ဆေးသိပ္ပံမှ ဆရာဝန်က ထွက်ဆိုသည်။

ထို့ပြင် ဒီအန်အေ စစ်ဆေးရာတွင် အဆင့် ၂၃ ဆင့်စစ်ဆေးရပြီး ၁၀ ဆင့်ကျော်မှသာ ဒီအန်အေ တူညီသည်ဟု ပြောဆိုနိုင်ကြောင်း၊ အနည်းဆုံး ၁၀ ရက် စစ်ဆေးမှသာ အဖြေမှန်ရကြောင်း သို့ရာတွင် ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် မြန်မာနှစ်ဦး ဒီအန်အေ စစ်ဆေးရာတွင် အဆင့်ခုနစ်ဆင့်သာ စစ်ဆေးခဲ့ပြီး ငါးချက်သာ တူညီခဲ့ရာ ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် အရေးကြီး အမှုအတွက် ဒီအန်အေစစ်ဆေးမှုတွင် သတ်မှတ်ထားသည့် စည်းကမ်းချက် များကိုလည်း မလိုက်နာခဲ့ကြောင်း၊ ဒီအန်အေ စစ်ဆေးမှုသည် ပြည့်စုံမှု မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) တွင် အင်္ဂလန်နိုင်ငံသား ဒေးဗစ်မီလာနှင့် ဟန်နာဝှစ်သာရစ်တို့၏ အလောင်းကို တွေ့ရှိခဲ့ရပြီး ယင်းအမှုနှင့် ပတ်သက်၍ လိပ်ကျွန်းရှိ မြန်မာ အလုပ်သမား အများအပြားကို ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့သည်။ စစ်ဆေးမှုတွင် သေဆုံးသူ ဟန်နာ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒီအန်အေသည် မြန်မာအလုပ်သမား နှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့၏ ဒီအန်အေနှင့် ကိုက်ညီမှု ရှိသည်ဟု ဆိုကာ ကော့စမွီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး သေဒဏ်အထိ ကျခံနိုင်သည့် လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှု စသည့် အမှုခုနစ်မှုဖြင့်  ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်း ဖြစ်သည်။


Writer:
နန်းစုနှင်းထွေး၊ စောရည်နန္ဒာ

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။