မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်တွင် အမျိုးသား တဦး ကို သတ်ဖြတ်ကာ ခရီးဆောင် သေတ္တာ အတွင်း ထည့်၍ စွန့်ပစ်ခဲ့သည့် လူသတ်အလောင်းဖျောက်မှုတွင် အသတ်ခံရသူ၏ အမည်နှင့် နေရပ်ကို စုံစမ်းဖော်ထုတ်နိုင်ပြီဖြစ်သော်လည်း လူသတ်တရားခံကိုမူ ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ လူသတ်မှုတွင် အသတ်ခံရသူသည် မဟာအောင်မြေမြို့နယ်နေသူ ဦးအောင်စိုး ခေါ် အေးမင်းစိုး ဖြစ်ပြီး ဆိုင်ကယ် ကယ်ရီ မောင်းသူ တဦးဖြစ်ပြီး ၎င်းနှင့်အတူ ပါသွားသည့် လက်ကိုင်ဖုန်း ၂ လုံး၊ ငွေ ၅၀၀၀၀ ကျပ်ပါ ပိုက်ဆံအိတ်တလုံးနှင့် စီးနင်းသွားသည့် ဆိုင်ကယ် မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်း က ရန်ကင်းတောင်အတက်လမ်း ၊ လမ်းဘေးတွင် စွန့်ပစ်ထားသည့် ခရီးဆောင်အိတ် တလုံးကို တွေ့ရှိခဲ့ရာ အလျား ၂ ပေ အနံ ၁ ပေခွဲ ရှိသည့် ခရီးဆောင်အိတ် အတွင်း တွင် အသက် ၄၀ ခန့် အမျိုးသားတဦး ကို ရိုက်နှက် နှိပ်စက် သတ်ဖြတ်၍ ထည့်ထားခြင်းဖြစ်သည်။
“သူ့ဖုန်းလည်းပျောက်ဆုံးနေတော့ ဖုန်းနံပါတ်ကို ဆက်စပ်ပြီး လိုက်လံစုံစမ်းနေတယ်။ အခုဖြစ်စဉ်က ဒဏ်ရာတွေ နဲ့တွေ့ တယ်။ ရန်ငြိုး ကြောင့်ဖြစ်သလား အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေသလို လင်မယား ကြားမှာ ဝင်ပါမိလို့ လူမှုရေးကိစ္စနဲ့ သတ်ဖြတ် ခံရသလား ဆိုတာလည်း ကျနော်တို့စုံစမ်းတုန်းပါ။ ကောလာဟလတွေကတော့ ထွက်နေတာပဲ။ ဘာကြောင့်အသတ်ခံရ သလဲ ဆိုတော့ လောလောဆယ်မှာပြောရခက်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောကြားသည်။
ယခင်က ရန်ကင်းတောင် အနီးတွင် လူသတ်မှုမဖြစ်ပွားခဲ့ဖူးဘဲ ယခုဖြစ်စဉ်မှာ ပထမဆုံးဖြစ်ကြောင်း၊ သေဆုံးသူနှင့် ပတ်သက် ဆက်စပ်နေသည့် သံသယရှိသူများကို စုံစမ်းရှာဖွေနေဆဲဖြစ်သဖြင့် သံသယ တရားခံများ၏ နာမည်များကို ထုတ်ဖော်ပြောဆိုရန် ခက်ခဲနေဆဲဖြစ်ပြီး လက်ရှိတွင် ပုသိမ်ကြီးမြို့နယ် ရဲစခန်း က လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
အသတ်ခံရသူ အမျိုးသားကို ခရီးဆောင်အိတ် ခွေခေါက်၍ ထည့် ထား ကြောင်း၊ သေဆုံးသူ ၏ ဦးခေါင်းဝဲဘက် ချိုစောင်း တွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတချက်၊ ထိပ်တည့်တည့်ဖူးယောင် ဒဏ်ရာတချက် နှင့် နှုတ်ခမ်း တွင် ဖူးယောင် ဒဏ်ရာ တချက် တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ်တွင် ငါးရုပ် ဘုရင်ရုပ်၊ကနုတ်ပန်း အိမ်မြှောင် ရုပ် ၊ ဝဲဘက် လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်၊ ခြေသလုံး တွင် အင်း ကွက်ပုံ သဏ္ဏာန် ဆေးမင်ကြောင်များထိုးထားကြောင်း သိရှိရသည်။
မန္တလေးမြို့တွင် လုယက်မှု၊ လူသတ်မှုနှင့် မှုခင်းများစွာ ဖြစ်ပွားလျက်ရှိပြီး ဒေသခံအများစုမှာ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများရှိနေကြာင်း သိရှိရသည်။
http://burma.irrawaddy.org/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။