လစ်ဗျားအစိုးရဟု ၎င်း တို့ဘာသာ သတ်မှတ်ထားသော ထရီပိုလီမြို့ အခြေစိုက်အဖွဲ့မှ စစ်ဘက်တပ်မှူး အများအပြား လိုက်ပါလာသည့် ရဟတ်ယာဉ် အခြားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ချခဲ့၍ ယင်းအစိုးရအဖွဲ့ တပ်မှူးအများအပြား သေဆုံးခဲ့ပြီး ပြိုင်ဘက်လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
လစ်ဗျားနိုင်ငံသည် ယင်းထရီပိုလီအစိုးရနှင့် နိုင်ငံအရှေ့ပိုင်းမှ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရအဖွဲ့ကြား ပဋိပက္ခတွင် ကြားညပ်နေသည်။
ယင်းအစိုးရနှစ်ဖွဲ့ကြား ညီညွတ်ရေးအစိုးရဖွဲ့ရေး ကုလသမဂ္ဂက ကြိုးပမ်းနေစဉ် ယခု ရဟတ်ယာဉ်ပစ်ချမှု ဖြစ်ပွားခြင်း ဖြစ်သည်။
ထရီပိုလီမြို့တော်သို့ ပြန်လာသော ရဟတ်ယာဉ်သည် လေယာဉ်ပစ်လက်နက်ဖြင့် ပစ်ချခံရပြီး အယ်လ်မာယာမြို့အနီး ပင်လယ်ထဲသို့ ပျက်ကျခဲ့သည်ဟု ထရီပိုလီအစိုးရ အရာရှိချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၁၉ ဦးအနက် ၁၃ ဦး၏ အလောင်း ဆယ်ယူရရှိထားပြီး ယင်းတွင် ထရီပိုလီစစ်ဦးစီးချုပ်အဖွဲ့မှ ဗိုလ်မှူးကြီးသုံးဦး ပါဝင်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားပြီးနောက် ထရီပိုလီမြို့အနောက်ပိုင်း ဇာဝီယာမြို့ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ၀ါရှာဖာနာမြို့ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ဇာဝီယာအဖွဲ့က ထရီပိုလီ အစိုးရကို ထောက်ခံပြီး ၀ါရှာဖာ နာလက်နက်ကိုင်များက ရဟတ်ယာဉ်ကို ပစ်ချခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
သို့သော် မည်သည့်အဖွဲ့ကမျှ ရဟတ်ယာဉ်ပစ်ချမှုကို ၎င်းတို့ လက်ချက်ဟု ၀န်ခံမထားပေ။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။