အိုင်အက်စ်တို့ထံ ရေဒီယို သတ္တိကြွ ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရန် လက်နက်မှောင်ခိုသမားများ ကြိုးစားနေ



နျူကလီးယား မှောင်ခိုသမားများ အနေဖြင့် ရေဒီယို သတ္တိကြွ ဓာတ်ပစ္စည်းများကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများထံ တင်ပို့ရောင်းချရန် ကြိုးစားနေကြောင်း သိရှိရသည်။

အေပီသတင်းဌာန၏ ထောက်လှမ်းမှုအရ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း အရှေ့ဥရောပ နိုင်ငံများမှ လက်နက် မှောင်ခိုသမားများက ရေဒီယို သတ္တိကြွ ပစ္စည်းများကို အရှေ့အလယ်ပိုင်းသို့ တင်ပို့ရန် ကြိုးစားမှု လေးကြိမ်ကို သက်ဆိုင်ရာ နိုင်ငံ အစိုးရများနှင့် အမေရိကန် ထောက်လှမ်းရေးဌာန အက်ဖ်ဘီအိုင်တို့က ပူးပေါင်း တားဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံမှ စတင်မြစ်ဖျားခံသည်ဟု ယူဆရသော အဆိုပါ ရေဒီယို သတ္တိကြွ ပစ္စည်းများကို အရှေ့အလယ်ပိုင်း ဒေသရှိ အစွန်းရောက်ဝါဒီ စစ်သွေးကြွများက ဈေးကောင်းပေး ဝယ်ယူရန် လိုလားလေ့ ရှိသည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အိုင်အက်စ်တို့သည် ဓနအင်အား အတောင့်တင်းဆုံး ဂျီဟတ် အကြမ်းဖက် အဖွဲ့တစ်ခုဖြစ်ရာ လက်နက်မှောင်ခို သမားများက ၎င်းတို့ထံသို့ ရေဒီယို သတ္တိကြွ ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရန် အလေးအနက် စိတ်ဝင်စားနေကြောင်း အေပီက ဆိုသည်။

ဆိုဗီယက် ယူနီယံ ခေတ်ကတည်းက ကေဂျီဘီ ထောက်လှမ်းရေး ဌာနနှင့် ဆက်နွှယ်မှုရှိသော ရာဇဝတ် ဂိုဏ်းဂဏများသည် မှောင်ခိုဈေးကွက်နှင့် ချိတ်ဆက်ကာ နျူကလီးယားနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် ရောင်းချရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ ယခုအခါ မော်လ်ဒိုဗာကဲ့သို့ နိုင်ငံငယ်များရှိ မှောင်ခို ဈေးကွက်များမှတစ်ဆင့် အဆိုပါ ပစ္စည်းများကို လက်လွှဲ ရောင်းဝယ်နေကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းသို့ ရေဒီယို သတ္တိကြွ ပစ္စည်းများ မှောင်ခို တင်ပို့မည့် အစီအစဉ်ကို အောင်အောင်မြင်မြင် ကြားဖြတ် ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခဲ့သည့်တိုင် နျူကလီးယား မှောင်ခိုဂိုဏ်းများ၏ ခြေလှမ်းသွက်နေမှုကို လုံခြုံရေး အာဏာပိုင်များက စိုးရိမ်နေကြောင်းလည်း အေပီက ဆိုသည်။

မော်လ်ဒိုဗာ အစိုးရ တရားရေး ဝန်ကြီးဌာနသည် အဆိုပါ ကဏ္ဍအတွက် သီးခြား စုံစမ်းမှုများ ပြုလုပ်လျက် ရှိနေပြီး မှောင်ခိုဈေးကွက်ရှိ ပစ္စည်းများ၏ မူလရင်းမြစ်သည် ရုရှားမှ ဖြစ်နိုင်ကြောင်း ယုံကြည်လျက် ရှိသည်။ “နောက်ထပ် အလားတူ အမှုတွေ ပေါ်လာဦးမယ်လို့ မျှော်လင့်ထားပါတယ်”ဟု မော်လ်ဒိုဗာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ ကွန်စတန်တင် မာလစ်က ပြောကြားခဲ့သည်။ “အဖမ်းမခံရရင် အမြတ်အစွန်း အများကြီး ရနိုင်တယ်ဆိုတာ သိနေသ၍ မှောင်ခိုသမားတွေက ဆက်လုပ်နေဦးမှာပဲလေ”ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဖမ်းဆီးရမိသည့် ရေဒီယို သတ္တိကြွ ပစ္စည်းများတွင် ဗုံးပြုလုပ်နိုင်လောက်သည့် အဆင့်မျိုး ပါဝင်မှု ရှိကြောင်းလည်း သတင်းများက ဆိုသည်။ အရှေ့အလယ်ပိုင်း ဒေသရှိ သတင်းရင်းမြစ်များ၏ အဆိုအရလည်း အိုင်အက်စ်တို့ အနေဖြင့် နျူကလီးယားဗုံး ထုတ်လုပ်နိုင်ရန် အလေးအနက် ဆန္ဒရှိနေပြီး ရေဒီယို သတ္တိကြွ ပစ္စည်းများကို စုဆောင်း ဝယ်ယူနိုင်ရန် မှောင်ခို လမ်းကြောင်းများကို ကြိုးစား ချိတ်ဆက်နေကြောင်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။