ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၃၁ ရက် နံနက်အစောပိုင်းက ဈေးနေရာ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ ကလေးငယ်များ အပါအဝင် လူ ၁၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မနီလာမြို့တော် တောင်ဘက် မိုင် ၅၄၀ မျှ အကွာရှိ အဓိကဆိပ်ကမ်းမြို့ကြီး တစ်ခုဖြစ်သည့် ဇမ်ဘိုအန်ဂါတွင် ဖြစ်ပွားသည့် မီးလောင်မှုတွင် ကလေးငယ် ၆ ဦး သေဆုံးကြောင်း၊ အရောင်းဆိုင်များမှ လူ ၁၆ ဦး
ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိ အန်ဂျီလီတို ကက်စ်မိုင်ရိုက ပြောကြားခဲ့သည်။
၎င်းက အနိမ့်သွယ်တန်းထားသည့် ဓာတ်ကြိုးများမှ ရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဆိုသည်။ ဝိုင်ယာရှော့မှ မီးပွားများသည် ထီးကြီးများ မိုးထားသည့် အရောင်းဆိုင်များပေါ် ကျရောက်ပြီး
ဘေထုပ်တန်းသို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။
ရဲစုံထောက် ရာဖာရဲလ် ဆယ်လ်စီဒိုက သေဆုံးသူများသည် ဆိုင်ခန်းများအတွင်း ညအိပ်စောင့်သည့် အရောင်းဆိုင် လုပ်သားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “မျက်မြင်တစ်ယောက်က မီးပွားတွေ ထီးပေါ်ကျတာကို တွေ့လိုက်တယ် ပြောပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အများစုက အိပ်နေကြတာ။ မီးက မြန်မြန်ဆန်ဆန် ကူးစက်သွားတော့ အသေအပျောက် များသွားပါတယ်”ဟု ဆယ်လ်စီဒိုက
မှတ်ချက်ပေးခဲ့သည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို အနီးရှိ မွတ်ဆလင် ဗလီတစ်ခုသို့ သယ်ယူသွားပြီး သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ မီးသတ်တပ်ဖွဲ့က မီးကို နာရီအတန်ကြာ အချိန်ယူ ငြှိမ်းသတ်ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာခဲ့သည်။
ဖိလစ်ပိုင်တွင် ၁၉၉၆ ခုနှစ်က ညကလပ်တစ်ခု မီးလောင်မှုတွင် စာသင်နှစ်အပြီး ပါတီပွဲ ကျင်းပနေသည့် ကျောင်းသူကျောင်းသား အများစု အပါအဝင် လူပေါင်း ၁၆၂ ဦး သေဆုံးခဲ့ရာ နိုင်ငံသမိုင်းတွင် အဆိုးဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။