မြောက်ဦးမှ ရေဘေးသင့် မိသားစု ၁၁ စု နေစရာမရှိ၍ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ထိ ခိုလုံနေရ

ရန်ကုန်၊ အောက်တိုဘာ ၁


(ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြရသည့် မိသားစုအချို့/ ဓာတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကြက်ရှည်ကျွန်းရွာမှ မိသားစု ၁၁ စုသည် နေစရာ အိမ်မရှိသေးသဖြင့် ယနေ့အချိန်ထိ မြောက်ဦးမြို့ ဇိနမာရ်အာင်ကျောင်း (ဆွမ်းစားကျောင်း)တွင် တည်းခို နေထိုင် နေကြရတုန်း ဖြစ်သည်ဟု ယင်းမိသားစုအထဲမှ တစ်ဦးဖြစ်သူ ဒေါ်မမြအေး (၂၆) နှစ်က ပြောသည်။

“ ရေဘေးတုန်းက အိမ်ပြိုသွားပါတယ်။ ပိုက်ဆံ မရှိပါ။ အခက်အခဲရှိတဲ့ အတွက် အိမ်မဆောက်နိုင်တာကြောင့် ဘုန်းကြီးကျောင်းမှာ နေနေရပါတယ်။ ရက်လုပ် ရက်စား (တစ်နေ့လုပ်မှ တစ်နေ့စား)ရတဲ့ အတွက်ကြောင့် အိမ်မဆောက်နိုင်ဘဲ ဖြစ်နေပါတယ်” ဟု ကလေးတစ်ဦး၏ မိခင် ဒေါ်မမြအေးက နိရဉ္စရာနှင့် တွေ့ဆုံစဉ် ပြောသည်။

ဘုန်းကြီးကျောင်းတွင် နေထိုင်နေရသည်မှာလည်း အားနာ စရာကောင်းနေပြီ ဖြစ်ကြောင်း၊ ဖြစ်သလို အိမ်ဆောက်လုပ်၍ နေထိုင်ရန် စီစဉ်သော်လည်း ၀ါးဈေး- ဓနိဈေးက ကြီးနေ၍ တဲသာသာ အိမ်ကိုတောင်မှ မဆောက်နိုင်ဘဲ ဖြစ်နေကြောင်း၊ ရက်လုပ်ရက်စားဘ၀ဖြင့် ရရင်စား ရရင်စား ဖြစ်နေ၍ ယင်းနေအိမ်များကို တည်ဆောက်ရန် မလွယ် ကူကြောင်း၊ ပြင်ပမှ အကူအညီများ ရမည် ဆိုပါလျှင် ကောင်း မည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရွာတွင် ယာယီ တဲအိမ်များ ကို နေထိုင် ရန် ပြုပြင်နေကြောင်းဖြင့် ဒေါ်မမြအေးက ပြောဆိုသည်။

“ အကူအညီ ရရင်ကောင်းပါမယ်။ အခုက ဆန်ဆီဆား စတဲ့ ပစ္စည်းတွေတော့ ရပါတယ်။ နိုင်ငံတော်က အိမ်ဆောက်ပေးမယ်လို့လည်း ပြောပါတယ်။ အခုထက်ထိ လုံးဝ မရသေးပါဘူး။ ဓာတ်ပုံတွေရိုက်ပြီး အထက်ကို တင်ပြထားတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဘုန်းကြီးကျောင်းတွင် နေထိုင်ရသဖြင့် ကလေးငယ်များလည်း ပုံမှန် ကျောင်းတက်ရန် အခက်အခဲရှိနေကြသည်ဟု ဆိုသည်။

ကြက်ရှည်ကျွန်းတွင် အိမ်ခြေ ၆၂ ဆောင်ရှိကြောင်း၊ ၎င်းကျေးရွာရှိ ဥက္ကဋ္ဌ မောင်လှမြင့် ထံမှ အိမ်ထောင်စု တစ်ခုကို ကျပ် ၅၀၀၀၀ ရရှိပြီး နောက်ထပ် ငွေကြေး အကူအညီများ ရရှိခြင်း မရှိသေးကြောင်း အသက် ၇၀ အရွယ် အမျိုးသမီးကြီး တစ်ဦးက ၀င်ရောက် ပြောဆိုသည်။

အကူအညီပေးလိုသူများသည် မမြအေး (ဖုန်း- ၀၉၂၅၀၃၃၀၈၁၆) သို့လည်းကောင်း၊ ဇိနမာရ်အောင်ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဍ ( ဖုန်း- ၀၉၄၉၆၇၄၀၈၁) သို့လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြပါသည်။


_______Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။