ရန်ကုန်၊ အောက်တိုဘာ ၂၀

ဂျပန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား ရခိုင်အမျိုးသားများသည် အောက်တိုဘာလ ၁၈ ရက်နေ့က ကြိုတင်မဲပေး ခဲ့ကြရာ ရခိုင်အမျိုးသားပါတီကိုမဲပေးခဲ့ကြသည်ဟု သိရသည်။
“ဂျပန်နိုင်ငံမှာ ကြိုတင်မဲပေးခဲ့ကြတဲ့ ရခိုင်အမျိုးသား ၄ ဦးလုံးဟာ ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စစ်တွေမှာဝင်ရောက်အရွေးခံကြမယ့် အမျိုးသားလွှတ်တော်အတွက်ဆိုရင် ဦးဝေစိန်အောင်၊ ပြည်သူ့လွှတ်တော်အတွက် ဦးမောင်သိန်းခိုင် နဲ့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ နယ်မြေက ဦးအေးသိန်း တို့ကို ပေးခဲ့ပါတယ်”ဟု ဦးကျော်သန်းလှိုင်က နိရဉ္စရာ သတင်းဌာန သို့ ပြောသည်။
ဂျပန်နိုင်ငံတွင် ကြိုတင်မဲပေးခဲ့ကြသော ရခိုင်အမျိုးသားများမှာ စစ်တွေက နှစ်ဦး၊ မြေပုံကတစ်ဦးနှင့် ရမ်းဗြဲက တစ်ဦးဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်နေကြသော ရခိုင်အမျိုးသားဦးရေ ၁၀၀ ကျော်ရှိသည့်အနက် ၄ ဦးသာ ကြိုတင်မဲပေးခွင့် ရရှိခဲ့ကြသည်ဟု သိရသည်။
“ဂျပန်ကိုရောက်နေကြတဲ့ မြန်မာအများစုက လက်ရှိအစိုးရကို ယုံကြည်မှုမရှိကြတဲ့အတွက် အနည်းစုကပဲ မဲပေးခွင့် ပုံစံ ၁၅ လျှောက်ထားကြပါတယ်။ လျှောက်ထားခဲ့ကြတဲ့ သူတွေထဲမှာ တစ်ချို့လည်း မဲပေးခွင့် မရကြပါဘူး။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသား ၁၀၀ ကျော်ရှိပေမယ့် ၄ ယောက်ကပဲ ကြိုတင်မဲပေး ခဲ့ကြပါတယ်” ဟု ဦးကျော်သန်းလှိုင်က ပြောသည်။
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၁၄၀၀၀ ကျော်ရှိသော်လည်း ၁၀၇၈ ဦးသာ မဲပေးခွင့်ရရှိခဲ့ကြသည်ဟု သိရသည်။
အလားတူ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ရခိုင်လူငယ်များကလည်း ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များကိုသာ မဲပေးခဲ့ကြသည့် အပြင် တူညီ တီရှပ် အင်္ကျီများ ဆင်တူဝတ်ဆင်၍ ANP ကိုမဲပေးကြရန် လူပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။