Boeing 747-8 လေယာဉ်တစ်စီးကို တွေ့ရစဉ်။
အမေရိကန် သမ္မတ၏ စီးတော်လေယာဉ် Air Force One အသစ်မှာယူရေးအတွက် အမေရိကန် စစ်ဘက် အာဏာပိုင်များနှင့် Boeing ကုမ္ပဏီတို့ကြား အပြီးသတ် ညှိနှိုင်းနေပြီဟု သတင်းရရှိသည်။
လက်ရှိ အသုံးပြုနေသည့် Air Force Oneထက် နည်းပညာပိုင်း ပိုမိုကောင်းမွန်သည့် လေယာဉ်သစ် မှာယူရေး သဘောတူညီမှုကို နိုဝင်ဘာလတွင် အပြီးသတ် ရရှိမည်ဟု အမေရိကန် အစိုးရက မျှော်လင့်နေသည်။ လက်ရှိ Boeing 747-200B လေယာဉ်အစား Boeing 747-8 အမျိုးအစား Air Force One အသစ်ကို ၂၀၂၃ ခုနှစ်တွင် Air Force Oneအဖြစ် အသုံးပြုနိုင်ရန် လျာထားခြင်း ဖြစ်သည်။
မော်ဒယ်လ်သည် Air Force Oneသည် လက်ရှိလေယာဉ်ထက် ပိုကြီးမားပြီး လောင်စာဆီ အသုံးပြုမှု ပိုမိုလျော့နည်းကာ ပျံသန်းမှု ကုန်ကျစရိတ်လည်း ပိုမိုသက်သာမည်ဟု ဆိုသည်။
လက်ရှိ Air Force Oneသည် အထပ်ခြောက်ထပ် ထည့်သွင်းတည်ဆောက်ထားပြီး စတုရန်းပေ ၄၀၀၀ ကျော် ကျယ်ဝန်းကာ နျူကလီးယားဗုံး ပေါက်ကွဲမှုဒဏ်ကိုပင် ခံနိုင်ရည် ရှိစေရန် ဖန်တီးထားရာ အမေရိကန်၏ စစ်အင်အားနှင့် နည်းပညာပိုင်းကို ထင်ဟပ်စေသည့် သင်္ကေတ တစ်ရပ်အဖြစ် မှတ်ယူခြင်း ခံရသည်။ သို့သော်လည်း လက်ရှိ လေယာဉ်သည် သက်တမ်းကြာညောင်းနေပြီး အသစ်တစ်စီး အစားထိုးရန် လိုအပ်နေပြီဟု အမေရိကန် အစိုးရ အရာရှိများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမား လတ်တလော အသုံးပြုနေသည့် Air Force One လေယာဉ်ကို ပုံစံတူ နှစ်စီး တည်ဆောက်ထားပြီး Boeing 747-200B အမျိုးအစား ဖြစ်သည်။ အဆိုပါ လေယာဉ်၏ ပထမဆုံး ခရီးစဉ်ကို ၁၉၉၁ ခုနှစ်တွင် သမ္မတ ဂျော့ဘုရှ် (စီနီယာ)လက်ထက်၌ စတင်ပျံသန်းခဲ့သည်။
အသစ်တည်ဆောက်မည့် Boeing 747-8 လေယာဉ်တွင် ယခင် Air Force One၏ လေထဲတွင် ဆီဖြည့်နိုင်သော နည်းပညာ၊ အပူငွေ့နောက်လိုက် ဒုံးကျည်များကို ရှောင်ကွင်းနိုင်သည့် နည်းပညာများ ပြန်လည် ပါဝင်လာမည် ဖြစ်သည်။
လေယာဉ်၏ ကိုယ်ထည်မှာမူ လက်ရှိထက် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး တောင်ပံအလျားလည်း ပိုမို ရှည်လျားလာမည်ဟု သိရသည်။ အင်ဂျင်များနှင့် လေကြောင်းလမ်းပြ စနစ်များကိုမူ နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုကာ စွမ်းဆောင်ရည်ပိုင်းနှင့် လုံခြုံရေးကဏ္ဍတို့အတွက် အထူးတလည် အဆင့်မြှင့်တင်ထားမည်ဟု သိရသည်။
လက်ရှိ အသုံးပြုနေသည့် Boeing 747-200B လေယာဉ်သည် တစ်နာရီ ပျံသန်းလျှင် ကုန်ကျစရိတ် ဒေါ်လာ ၁၈၀၀၀၀ မျှ ကျသင့်သော်လည်း လေယာဉ်အသစ်ကမူ ယင်းထက် စရိတ်သက်သာဖွယ် ရှိသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍကို အလေးပေး ချဉ်းကပ်ထားပြီး ကာဘွန်ထုတ်လွှတ်မှုနှင့် ဆူညံမှုများလည်း လျော့ပါးသွားမည် ဖြစ်သည်။
ပေ ၂၅၀ ရှည်လျားသည့် လေယာဉ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံး ခရီးသည်တင် လေယာဉ်လည်း ဖြစ်လာမည်ဟု ဆိုသည်။ အဆိုပါ လေယာဉ်သည် သာမန် Boeing 747 တစ်စီးထက် ပေ ၂၀ နီးပါးမျှ ပိုရှည်မည် ဖြစ်သည်။
နည်းပညာ မြင့်မားစွာဖြင့် တည်ဆောက်မည့် လေယာဉ်အတွက် ကုန်ကျစရိတ်မှာလည်း နည်းပါးမည် မဟုတ်ချေ။ ယခုအချိန်မှ ၂၀၁၆ ခုနှစ်ထိ အတောအတွင်း အမေရိကန် လေတပ်သည် Air Force One အသစ် တည်ဆောက်မည့် စီမံကိန်းအတွက် ဒေါ်လာ ၁၀၂ သန်းမျှ အသုံးပြုရဖွယ်ရှိပြီး ၂၀၂၀ နောက်ပိုင်းတွင် နောက်ထပ် ဒေါ်လာ ၃ ဘီလီယံမျှ ထည့်ဝင်သွားရဖွယ် ရှိနေသည်။
တာဝန်ရှိသူများက Air Force One လေယာဉ်သစ်အဖြစ် Boeing 747-8ကို အသုံးပြုသွားမည်ဟု ဇန်နဝါရီလ ကတည်းက ကြေညာခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို လနှင့်ချီ အချိန်ယူ ညှိနှိုင်းနေရခြင်း ဖြစ်သည်။
New York Times သတင်းစာ၏ အဆိုအရ Air Force One အသစ်ကို ၂၀၂၃ ခုနှစ် မတိုင်မီ အသုံးမပြုနိုင်သေးသောကြောင့် ၂၀၁၆ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမေရိကန် သမ္မတသစ် အနေဖြင့် စီးနင်းနိုင်မည် မဟုတ်ချေ။ အဆိုပါ သမ္မတက ဒုတိယသက်တမ်း အနိုင်ရလျှင်မူ Air Force One အသစ်ကို ပထမဆုံး အသုံးပြုခွင့် ရလာမည် ဖြစ်သည်။ သို့မဟုတ်ပါက ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် သမ္မတသစ်ကသာ လေယာဉ်ကို ပွဲဦးထွက် စီးနင်းခွင့် ရဖွယ်ရှိသည်။
Air Force One အသစ်ကိုလည်း လက်ရှိအတိုင်း နှစ်စီးမျှ ပုံစံတူ တည်ဆောက်ဖွယ်ရှိပြီး ၎င်းတို့ကို စတင် အသုံးပြုချိန်တွင် လက်ရှိ အသုံးပြုနေသည့် လေယာဉ်များကို အိုဟိုင်ယိုပြည်နယ်၊ ဒေတန်ရှိ အမေရိကန် လေတပ်စခန်းမှ အမျိုးသား ပြတိုက်တွင် ပြသသွားမည် ဖြစ်သည်။ ထိုပြတိုက်တွင် အမေရိကန် သမ္မတအဆက်ဆက် အသုံးပြုခဲ့သည့် အခြား လေယာဉ် ၉ စီးလည်း ရှိနေသည်။
လက်ရှိ Air Force Oneသည် စတုရန်းပေ ၄၀၀၀ ကျော် ကျယ်ဝန်းပြီး ခရီးသည် ၄၅၂ ဦး လိုက်ပါနိုင်သော်လည်း အသစ်တည်ဆောက်မည့် Air Force Oneမှာ စတုရန်းပေ ၄၈၀၀ နီးပါးမျှ ကျယ်ဝန်းကာ ခရီးသည် ၇၀၀ ထိ ဝင်ဆံ့မည်ဟု ဆိုသည်။ ထို့အပြင် ဆီသိုလှောင်နိုင်စွမ်း၊ ဆက်တိုက် ပျံသန်းနိုင်စွမ်း၊ ဝန်စည်စလွယ် တင်ဆောင်နိုင်စွမ်း အားလုံးတွင်လည်း ပိုမို စွမ်းဆောင်ရည် မြင့်မားလာမည်ဟု သိရှိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။