ရန်ကုန် စက်တင်ဘာ ၂၁။ ။ ပိုမိုဆိုးရွားလာသည့် မဲစာရင်းမှားယွင်းမှု၊ မဲစာရင်းတွင် အမည်ပါဝင်မှု မရှိခြင်းတို့က ၂၀၁၅ ရွေးကောက်ပွဲမှ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရလာဒ်ကို ထိခိုက်နိုင်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲဟု ဆိုသည့် အပေါ် အတိုက်အခံပါတီက သံသယ ရှိကြောင်း NLD ပြောခွင့်ရသူ ဦးဝင်းထိန်ကပြောသည်။
" NLD က ပြုစုထားသည့် စာရင်းများအရ လူ ၁၀၀ တွင် ၆၀မှ ၇၀ က NLD ကို မဲပေးမည်ကို တွေ့ရှိထားရကြောင်း အဲဒီထဲမှာမှ ပျက်ကွက်ပြီဆိုရင် ကျွန်တော်တို့ မဲတွေ ဆုံးရှုံးမှာ၊ ထိမှာ ကျွန်တော်တို့ထိမှာ မဲပေးခွင့်မရဘူး၊ ပယ်မဲတွေ ဖြစ်မယ်ဆိုရင် အဲဒါတွေက ကျွန်တော်တို့ထိမှာ" ဟု ဦးဝင်းထိန်ကဆိုသည်။
စက်တင်ဘာ ၂၁ရက်၊ နေ့လည် ၁နာရီ စမ်းချောင်းမြို့နယ်၊ ပန်းခြံလမ်းရှိ၊ NLD ဗဟိုအောင်နိုင်ရေးရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။
ပယ်မဲများ မည်သို့သော ပုဂ္ဂိုလ်များ ပေးအပ်မည့် မဲများအပြင် ရွေးကောက်ပွဲရက် လုံခြုံရေး ရယူနိုင်မည့် အခြေအနေများက NLD ၏ အောင်နိုင်ရေးကိုလည်း ထိခိုက်နိုင်သဖြင့် ယင်းကိစ္စရပ်များ မဖြစ်ပေါ်စေရေး ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ဦးဝင်းထိန်ကပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ တွင်လည်း NLDမှ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၀ကျော်ကို ကော်မရှင်မှ ပယ်ချခဲ့သည့် ဥပမာများ ရှိသဖြင့်၊ ယင်းနှင့် ဆက်စပ်သည့် အရာများဖြစ်သည့်၊ ငွေစာရင်း၊ မဲရုံရေးရာအပြင် ရွေးကောက်ပွဲနှင့်ပက်သက်သည့် သိရှိထားသင့်သည့် အချက်များကို သင်တန်းပေး ထားသည်ဟုဆိုသည်။
"အမှန်ကန်ဆုံးဆိုပြီး ထုတ်တဲ့မဲစာရင်းက အမှားအများဆုံးနဲ့၊ ဒုက္ခအပေးဆုံး၊ ပြည်သူပြည်သားအားလုံးကို တော်တော်ကို လုပ်ရကိုင်ရ ရှုပ်ထွေးပြီးတော့ တော်တော့်ကို နားမလည်နိုင်လောက်အောင်၊ ဖြစ်တဲ့မဲစာရင်းပါ" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် မဲစာရင်းအပေါ် NLD နာယက ဦးတင်ဦးက ဝေဖန်ပြောဆိုလိုက်သည်။
တစ်နိုင်ငံလုံးတွင် မဲဆန္ဒပေးခွင့်ရှိသူပေါင်း ၃၂သန်းကျော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရရှိထားသော်လည်း ယင်းစာရင်းများသည် အမှားများစွာအပြင် မဲစာရင်းတွင် မပါဝင်သူများစွာ ရှိနေခြင်း၊ မဲစာရင်းတွင် မပါဝင်ပါက မဲပေးခွင့် မရရှိခြင်းတို့ကြောင့် ကော်မရှင်ကို ပါတီများ၊ အရပ်ဖက်အဖွဲ့များအပြင် ပြည်သူများအားလုံးက ဝေဖန်နေကြသည်။
"အခြေခံ မဲစာရင်းမှာကတည်းက ဒဂုံမြို့နယ်ထဲက သေဆုံးပြီးသူ ၄၀၀ ကျော်ပါနေတာ။ ထုတ်ဖို့ လျောက်ပြီး သွားပြီ။ ဒါပေမယ့် အခုချိန်ထိပါနေတုန်းပဲ၊ ဗိုလ်တစ်ထောင်က အခုကွန်တိန်နာကွင်း နေရာမှအရင်က ၂၀၀ လောက်ရှိတယ်။ အခုကွင်းလုပ်လိုက်လို့ ဒီလူတွေပြောင်းကုန်ပြီ သူတို့တွေထုတ်ဖို့ သတ်မှတ် ပုံစံတွေနဲ့ ကန့်ကွက်တယ် ဒါပေမယ့်သူတို့ပါနေတုန်း" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကလည်း မဲစာရင်း မှန်ကန်ရေးအတွက် ၃၀ရာခိုင်နှုန်းသာ အာမခံ နိုင်ကြောင်း စက်တင်ဘာ ၁၁ရက်တွင် ပြောဆိုထားသည်။
တစ်နိုင်ငံလုံးရှိ မဲစာရင်းများကိုလည်း စက်တင်ဘာ ၁၄ရက်မှ ၂၇ရက်ထိ တတိယအကြိမ် ထုတ်ပြန်ပေးထားပြီး မဲစာရင်းတွင် ပါဝင်မှုမရှိပါက သွားရောက် လျောက်ထားရန်နှင့် အချက်အလက် မှားယွင်းမှုရှိပါကလည်း ပြင်ဆင်ကြရန် နှိုးဆော်ထားည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပရန် ၄၇ ရက်သာ လိုတော့သည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။