မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၃)

မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၃)
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅
• NCA နှင့် ထိုသုံးဖွဲ့
ထိုသုံးဖွဲ့ဆိုသည်မှာ MNDAA/TNLA/AA တို့ဖြစ်သည်။ သမတမှာ ကိုကန့်ခေါင်းဆောင်နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ကိုင် တွယ်မည်ဆိုသော်လည်း မည်သို့ကိုင်တွယ်မည်ဆိုသည်ကိုတော့ မသိရသေးပါ။ ကိုးကန့်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ် လင်းကမူ သမတမှ NCA လက်မှတ်ထိုးရန် ကမ်းလှမ်းမှုမရှိ တိုက်ရိုက်ဆွေးနွေးမှုလည်း မရှိဟုဆိုသည်။ ထို့ပြင် ကိုးကန့်ဒေသ တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုင်းရင်းသာဒေသတွင်လည်း မြန်မာစစ်ဖက်၏ ထိုးစစ်များရှိနေသ၍ ကမ်းလှမ်းမှုရှိ လျှင်လည်း SD မှတဆင့်ညှိနှိုင်းပြီး NCA တွင် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်သွားမည်ဟု ဆိုသည်။MNDAA/AA/TNLA ၃ ဖွဲ့၏ ထိပ်သီးခေါင်း ဆောင်များသည် ၂၀၁၅ စက်တင်ဘာ ၉/၁၀ ရက်များတွင် ထိပ်သီးခေါင်းဆောင် များတွေ့ဆုံပြီး ကြေငြာချက်တရပ် ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။ ၎င်းကြေငြာချက်ပါအချက်များအရ ၎င်းတို့အနေ နှင့်၂၀၁၅ ရွေးကောက်ပွဲအား တရားမျှတရန်တိုက်တွန်းပြီး ထိုရွေးကောက်ပွဲမှ ထွက်ပေါ်လာသောအစိုးရသည် တိုင်းရင်းသား အဖွဲ့များနှင့် ဖြစ်ပွားနေသော နိုင်ငံရေး စစ်ရေးပဋိပက္ခအား ပင်လုံကတိကဝတ်များအား အခြေပြု၍ ဖြေရှင်းပေးရန် မျှော်လင့် ကြောင်း၊ ၎င်းတို့ ၃ ဖွဲ့အနေနှင့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြန်အလှန် အသိအမှတ်ပြုပြီး နိုင်ငံရေးနှင့်စစ်ရေးပိုမို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဖွဲ့အနေနှင့် လိုင်ဇာ လော်ခီးလာညီလာခံက ချမှတ်ထားသည့်မူအတိုင်း NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားမည်ဖြစ်ကြောင်း၊ ၎င်း တို့ ၃ ဖွဲ့အနေနှင့် အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းထားသော်လည်း မြန်မာအစိုးရမှ ထိုးစစ်ဆင်နေခြင်းအား ကန့်ကွက်ကြောင်းတို့ ပါရှိသည်။
၎င်း အဖွဲ့၃ဖွဲ့မှာ လက်ရှိ NCA လက်မှတ်ထိုးရာတွင်ပါဝင်ရန် မသေချာသေးသည့်ပြင် ကာချုပ်မှ လက်နက်စွန့်မှ လက်ခံမည် ဆိုထားသော အဖွဲ့များဖြစ်ရာ အချင်းချင်းပို၍ ကျောချင်းကပ်သွားသည်ဟု ဆိုရမည်။ ၎င်းတို့၏ ကြေငြာချက်၏ထူးခြားမှုမှာ အပစ်ရပ်ရေးနှင့် ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ၎င်းတို့အနေနှင့် လက်ရှိအစိုးရသက်တမ်းအား မျှော်လင့်ထားခြင်းမရှိတော့ဘဲ ၂၀၁၅ရွေးကောက်ပွဲမှတက်လာသည့် အစိုးရဆီသို့ ပြောင်းရွှေ့မျှော်လင့်ချက်ထားသည်ကို တွေ့ရသည်။

• NCA နှင့် ဝ အထူးဒေသ ၂

၂၀၁၅ စက်တင်ဘာ ၄ ရက်နေ့တွင် UWSA ဝ အထူးဒေသ ၂ မှ NCA လက်မှတ်ထိုး ရေးနှင့်ပတ်သက်သော ၎င်းတို့သဘောထားအားကြေငြာချက်ထုတ်ပြန်သည်။ ၎င်းကြေငြာချက်ပါအဓိကအချက်များမှာ …
– UWSA အနေနှင့် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးပြီဖြစ်၍ ယခုမှ အပစ်ရပ်ရေးလက်မှတ်ထိုးလျင် နောက်ပြန်ဆုတ်ရာ ရောက်ကြောင်း။
– NCA လက်မှတ်ထိုးရာတွင် အချို့အဖွဲ့များ ချန်လှပ်ထားခြင်းသည် တနိုင်ငံလုံးအပစ်ရပ်ရေးဟု မခေါ်နိုင်ကြောင်း။
– မြောက်ပိုင်းပဋိပက္ခတွင် ဥရောပ အမေရိကန် ဂျတို့မပါဝင်ရန် ယူနန်ပြည်နယ်မှ UWSA အားတောင်းဆိုခဲ့သောကြောင့် UWSA မှ ကတိပေးခဲ့ကြောင်း ပန်ဆန်းအစည်းအဝေးတွင် အနောက်နိုင်ငံများ မြောက်ပိုင်းပဋိပက္ခတွင်ပါဝင်ခြင်းအား လက် မခံခဲ့ကြောင်း NCA လက်မှတ်ထိုးရာတွင် အနောက်နိုင်ငံများနောက်မှ တောက်လျောက်ပါနေပြီး လက်မှတ်ထိုးပြီးလျှင် ရှေ့မှတရားဝင်ပါကြတော့မည်ဖြစ်ရာ NCA တွင် UWSA ပါဝင်လက်မှတ်ထိုးပါက မြောက်ပိုင်းပဋိပက္ခတွင် အနောက်နိုင်ငံများ ပါဝင်စေခြင်းဖြစ်မည်ဖြစ်၍ UWSA အနေနှင့် ယူနန်ပြည်နယ်အား ကတိဖျက်၍ NCA လက်မှတ်ထိုးရန်မဖြစ်နိုင်ကြောင်း။
– NCA ပါအချက်များကိုပြင်ရန် ၂၀၀၈ ခြေဥကိုပြင်ဆင်ရန်လိုအပ်သော်လည်း NCA တွင် ၂၀၀၈ ခြေဥကို ပြင်ရန်ထည့် သွင်းရေးမထားကြောင်း။
– NCA ကိုဆွေးနွေးရာတွင် UWSA မပါဝင်သဖြင့် UWSA ၏တောင်းဆိုချက်များလည်း မပါ၍ ဝပြည်သူများကို ကိုယ်စားမပြု ကြောင်း။
– မြန်မာစစ်တပ်သည် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့များ ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး ရပ်တန့်မှုမရှိခြင်း။
– ဝ အထူးဒေသ ၂ အနေနှင့် ၂၀၁၅ မေလ ၇ ရက်ပန်းဆန်းထိပ်သီးညီလာခံ ကြေငြာချက်ပါအတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ အား တွန်းအားပေးသွားမည်ဖြစ်ကြောင်းတို့ ပါရှိသည်။
UWSA ၏ ထုတ်ပြန်ချက်တွင် ထူးခြားချက်မှာလက်ရှိ NCA လက်မှတ်ထိုးရာတွင် အနောက်နိုင်ငံများပါဝင်ပတ်သက်မှုကို ထောက်ပြထားပြီး တရုတ်နယ်စပ် မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခများတွင် အနောက်နိုင်ငံများပါဝင်ခြင်းကို လက်မခံကြောင်း ဗြောင်အတိအလင်း ဖေါ်ထုတ်ထားခြင်းဖြစ်သည်။ ၎င်းတို့ဖေါ်ပြချက်မှာ လွန်စွာသံတမန် မဆန်လှသော်လည်း ၎င်းတို့သ ဘောထားကို အပွင့်လင်းဆုံးဗြောင်ကျကျ ဖေါ်ထုတ်ထားခြင်းဖြစ်သည်ဟု ဆိုရပေမည်။
NCA လက်မှတ်ထိုးရေးတွင် UWSA ပါဝင်ရေးအတွက် UPWC နှင့် MPC မှ သွားရောက်နားချမည်ဟုဆိုသော်လည်း လွယ်ကူ လှမည်မဟုတ်ပေ။ NDAA မိုင်းလားအဖွဲ့မှာ UWSA ထက်ပို၍ သဘောထားပျော့ပြောင်းနိုင်သော်လည်း ၎င်း၏တည်နေရာ တပ်အင်အားအနေအထားအရ ဝ အဖွဲ့အား လွန်ဆန်နိုင်မည်မဟုတ်ဟု သုံးသပ်ရပါသည်။
• MPC နှင့် NCA
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲတွင် ထဲထဲဝင်ဝင်ပတ်သက်နေသောအဖွဲ့မှာ Myanmar Peace Center ဟုေါ်သည့် MPC ဖြစ်သည်။ MPC သည် အစိုးရဘတ်ဂျက်ဖြင့်ဆောင်ရွက်နေသော အဖွဲ့အစည်းမဟုတ်ချေ။ နော် ဝေ EU နှင့် အနောက်အုပ်စု၏အလှူငွေဖြင့် လည်ပတ်နေသောအဖွဲ့ဖြစ်သည်။ သို့သော် မည့်အလှူရှင်က မည်၍ မည်မျှ ထောက်ပံ့သည်ဆိုသည့် ရှင်းလင်းသည့်ထုတ်ပြန်ချက်မရှိပေ။ နိုင်ငံခြားအလှူရှင်က မိမိစိတ်ကြိုက် လှူဒါန်းသည်။ အလှူရှင် သဘောတူလျှင် လိုအပ်သလို သုံးစွဲ၍ရသည်ဆိုသော်လည်း MPC သည် သာမန် NGO များနှင့်မတူပေ။ တိုင်းရင်း သား အားလုံးနှင့်ဆိုင်သည့်အရေးကိစ္စ တိုင်းပြည်အနာဂါတ်အရေးကိစ္စကို ပါဝင်ဖန်တီးနေသည်ဖြစ်ရာ MPC ၏ အလှူရှင်စာရင်း အား ထုတ်ဖေါ်ခြင်းမရှိသည်မှာ အားလုံးအတွက် အမြင်မရှင်းစရာဖြစ်စေသည်။ MPC အား မည်သူတွေက မည်သည့်အ ကြောင်းနှင့်ပတ်သက်ပြီး ပံ့ပိုးနေသနည်းဟူသော မေးခွန်းပေါ်လာသည်။
ထို့ပြင် လက်တွေ့လုပ်ဆောင်နေမှုအရလည်း MPC သည့် ကြားနေအဖွဲ့အစည်းမဟုတ်ချေ။ ပဋိပက္ခဖြစ်နေသူများကြား နှစ် ဖက်သဘောထားများအား ရယူပြီး စေ့စပ်ညှိနှိုင်းပေးသူနေရာတွင်မရှိဘဲ အစိုးရနှင့်အပြည့်အဝပူးပေါင်း၍ အစိုးရလိုချင်သော ပုံစံကို အကောင်အထည်ဖေါ်ပေးနေသည့် အလုပ်အဖွဲ့ဖြစ်နေသည်။ သို့ဖြစ်ရာ တဖက်တိုင်းရင်းသားအဖွဲ့များမှ ကြားနေညှိ နှိုင်းသူအဖြစ် လေးစားခံရမှု မရရှိပေ။ ထို့ပြင် လက်တွေ့တွင်လည်း MPC အနေနှင့် NCA လက်မှတ်ထိုးရေးအား ဖိအားပေး ဆောင်ရွက်နေပေရာ တိုင်းရင်းသားအဖွဲ့များအနေနှင့် MPC ၏အခန်းကဏ္ဏအား မေးခွန်းထုတ်စရာဖြစ်လာတော့သည်။
အမှန်ဆိုလျှင် ဤပြသနာမှာ၏အဓိကသူများမှာ အလှူရှင်များဖြစ်သော နော်ဝေနှင့် အနောက်အုပ်စု၏ သဘောထားပေါ် တွင်မှီတည်သည်။ နော်ဝေနှင့်အနောက်အုပ်စုအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်းအစိုးရဖက်မှရပ်တည်ဆောင်ရွက်ခြင်း စေ့စပ်ညှိနှိုင်းသူအခန်းမှမပါဝင်ခဲ့ခြင်းသည် NCA အတွက် အခြေခံအလွဲဟု ဆိုရပေမည်။
ဘာတေးလင်နာသုံးသပ်ချက်အရ နော်ဝေအနေနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုအမွေအဖြစ် ကမ္ဘာတလွှားငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကြား ပါဝင်ပတ်သက်နေသော်လည်း အောင်မြင်မှု မယ်မယ်ရရ မရှိဟုဆိုသည်။ သီရိလင်္ကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နော်ဝေ၏ပါဝင်ပတ်သက်မှုမှာ သွေးစွန်းသောနိဂုံးဖြင့် အဆုံးသတ်ခဲ့သည်။ နောက် ၂ နှစ်ခန့်ကြာ၍ မြန်မာပြည်တွင် ဤသို့သော ရလဒ်ပေါ်ခဲ့ပါက သူအနေနှင့် အံ့သြလိမ့်မည်မဟုတ်ဟု ဘာတေးလင့်နာကဆိုပါသည်။
နော်ဝေနှင့်အနောက်အုပ်စု၏ မြန်မာ့ငြိမ်းချမ်းရေးအတွက် အစိုးရနှင့်ပူးပေါင်းပြီး အကောင်အထည်ဖေါ်နေခြင်းသည် မြန်မာ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများရယူရန်အတွက်ဟု သုံးသပ်ကြသည်။ ယခင်မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်သည် ယခုအခါ တယ်လီနော၏ အရာရှိကြီးဖြစ်နေသည်မှာ အံ့သြစရာမရှိဟုဆိုရမည်။
ဘာတေးလင်နာသုံးသပ်သကဲ့သို့ပင် နော်ဝေနှင့်သူလူများသည် မြန်မာပြည် ပကတိလက်တွေ့မြေပြင်အခြေအနေများကို မ ဆုပ်ကိုင်မိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်း ကြားနေစေ့စပ်ညှိနှိုင်းသူ နေရာမှမနေဘဲ အစိုးရ နှင့်ပူးပေါင်း၍ အစိုးရပေါ်လစီအားဖိအားပေး အကောင်အထည်ဖေါ်ခြင်းသည် NCA အတွက် မှားယွင်းသော အစချီချက် တခုဖြစ်လာစေခဲ့သည်ဟု ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြဿနာဖြေရှင်းရေးသည် ပြည်တွင်းရေး ပြဿနာထက်ကျော်လွန်၍ ဒေသတွင်းအင်အားကြီးနိုင်ငံများ၏ အင်အားပြိုင်ဆိုင်မှု အလယ်သို့ကျရောက်သွားစေ၍ ဖြစ် သည်။

• အာရှလမ်းမနှင့် NCA

မကြာမီက ဖွင့်လှစ်လိုက်သော မြဝတီ ကော့ကရိတ်မှ အစပြုသည့် အာရှမလမ်းသစ်ကြီး၏ အကျိုးစီးပွားသည် NCA နှင့် ပတ်သက်နေသည်ဟု အကဲခတ်များကသုံးသပ်ကြသည်။
အမှန်ဆိုလျှင် အနောက်နိုင်ငံများအနေနှင့်မြန်မာနိုင်ငံတွင် ချက်ခြင်းဝင်ရောက်ရန်မှာ အတားဆီးများရှိနေဆဲဖြစ်သည်။ ပြည်စုံလုံလောက်မှုမရှိသည့် အခြေခံအဆောက်အအုံ ငွေကြေးစနစ်မှသည် ဖြေရှင်းရရန် ပြဿနာများစွာရှိသေးသည်။ သို့ သော် ထိုင်းနိုင်ငံတွင် အနောက်၏ ရင်းနှီးမြှုပ်နှံမှု ရောက်ရှိနှင့်ပြီးဖြစ်ရာ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှ သူတို့၏ ထုတ် ကုန်များအား အလုံးအရင်းနှင့်တိုးမြှင့်ရန်အတွက် ထိုင်းမြန်မာနယ်စပ် ငြိမ်းချမ်းရေးမှာ မရှိမဖြစ်လိုအပ်လာတော့သည်။
သို့ဖြစ်ရာ ထိုင်းမြန်မာ အာရှလမ်းမကြီး လုံခြုံရေး တည်ငြိမ်ရေးအတွက် KNU နှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင်အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးရေးသည် အရေးပါလာသည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံနယ်စပ်တလျောက်ရှိ KNU အပါ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ အနောက်နှင့်ဂျပန်၏အကူအညီများ မက်လုံးများ ပံ့ပိုးမှုများနှင့်အတူ NCA အမြန်လက်မှတ်ထိုးရေးလည်း ပါဝင်လာသည်ဟု သုံးသပ်ကြသည်။
သို့ဖြစ်ရာ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးတိုးမြင့်လာမှုသည် တရုတ်မြန်မာနယ်စပ်ကုန်သွယ်မှုနှင့် ပြိုင်ဆိုင်မှုပြင်းထန်လာဘွယ်ရာရှိသည်။ နဝတခေတ် အနောက်တိုင်း၏ စီပွားရေးပိတ်ဆို့မှုအား မြန်မာစစ်ခေါင်းဆောင်တို့က တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဖွင့်လှစ်ပြီး မြန်မာပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းထားနိုင်ခဲ့သည်။ ယခုမူ ထိုင်းမြန်မာနယ်စပ် ကုန် သွယ်ရေးမြှင့်တင်ပြီး တရုတ်အား ကုန်သွယ်မှုဆိုင်ရာတဖက်သတ်အားကိုးမှုကို လျော့ချနိုင်လိမ့်မည်ဟု မျှော်မှန်းထားပုံရ သည်ဟု သုံးသပ်ရသည်။

ဆက်လက်ဖေါ်ပြပါမည်

http://moemaka.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။