MRTVတွင် ပြသလျက်ရှိသည့် ‘ဟိုးတုန်းက ကက်ဆက်ဇာတ်လမ်းများ’ အစီအစဉ်အတွက် တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သည့် ကက်ဆက်ဇာတ်လမ်း ၅၀ ကို ထပ်မံရိုက်ကူးမည်


‘ဟိုးတုန်းက ကက်ဆက်ဇာတ်လမ်းများ’ အစီအစဉ် ရိုက်ကူးနေမှုကို တွေ့ရစဉ်

 MRTV Entertainment Channel တွင် ထုတ်လွှင့် ပြသလျက်ရှိသည့် ‘ဟိုးတုန်းက ကက်ဆက် ဇာတ်လမ်းများ’ အစီအစဉ်အတွက် တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သည့် ကက်ဆက် ဇာတ်လမ်း ၅၀ ကို ထပ်မံ ရိုက်ကူးသွားမည်ဟု ယင်းအစီအစဉ်ကို စီစဉ် ရိုက်ကူးတင်ဆက်သည့် Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ သိရသည်။

အဆိုပါ ‘ဟိုးတုန်းက ကက်ဆက် ဇာတ်လမ်းများ’ အစီအစဉ်သည် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြား လူကြိုက်များခဲ့သည့် ကက်ဆက် ဇာတ်လမ်းများအား မူရင်း အသံများနှင့်အတူ ဇာတ်လမ်းများအဖြစ် ပြန်လည် ရိုက်ကူးထားသည့် အစီအစဉ်ဖြစ်သည်။

‘‘အစ်မတို့ Laurel Art Academy အနုပညာ သင်တန်းကျောင်းက စီစဉ်ရိုက်ကူးပြီး လက်ရှိ မြန်မာ့အသံမှာ ထုတ်လွှင့် ပြသနေတဲ့ ရေဒီယိုဇာတ်လမ်းများ အစီအစဉ်က လူကြိုက်များပြီး အောင်မြင်တဲ့ အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေဆီကလည်း အကြံပေးမှုတွေ အများအပြား ရရှိခဲ့ပါတယ်။ ဒါကြောင့် နာမည်ကျော်ပြီး လူကြိုက်များခဲ့တဲ့ ကက်ဆက်ဇာတ်လမ်းတွေကိုပါ ပြန်လည်ရိုက်ကူးဖို့ အကြံပေးမှုတွေ ရှိတာကြောင့် စီစဉ်ရိုက်ကူးခဲ့တာပါ။  အခု ကက်ဆက် ဇာတ်လမ်းတွေကိုလည်း ပထမပိုင်းအဖြစ် ဇာတ်လမ်း ၁၀ ပုဒ်ကို ရိုက်ကူးခဲ့ပြီး MRTV ကနေ ဇွန်လကတည်းက ထုတ်လွှင့် ပြသခဲ့ပါတယ်။ ပရိသတ် အားပေးမှုလည်း ရရှိခဲ့တာကြောင့် နောက်ထပ် ကက်ဆက် ဇာတ်လမ်းတွေကို ဆက်ပြီး ရိုက်ကူးခွင့် ရခဲ့ပါတယ်။ တစ်ခါတုန်းက လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းတွေ အများကြီးထဲကမှ ဇာတ်လမ်းအပုဒ်ရေ ၅၀ ကို ဆက်လက် ရိုက်ကူးသွားဖို့ စီစဉ်နေပါတယ်။ အဲဒီ ဇာတ်လမ်း ၅၀ ထဲကမှ ဒရမ်မာ၊ ဟာသ စသည်ဖြင့် ဇာတ် လမ်း အမျိုးအစား ကွဲတာလေးတွေကို ၁၀ ကား တစ်ပိုင်းစီထပ်ပြီး ရိုက်ကူး တင်ဆက်သွားမှာပါ။ တချို့ ကက်ဆက် ဇာတ်လမ်းတွေကျတော့ အရမ်းကောင်းပေမယ့်လို့ သူ့ရဲ့ အသံတွေအတိုင်း ဘယ်လိုမှလိုက်ပြီး ရိုက် မပြနိုင်တဲ့အတွက် ချန်ခဲ့ရတာတွေလည်း ရှိပါတယ်။ တစ်ခါတုန်းက နာမည်ကျော် အနုပညာရှင်တွေရဲ့ အသံ သရုပ်ဆောင်မှုနဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကို ပေါင်းစပ်ကြည့်ရှုရမယ့် ဒီအစီအစဉ်အ တွက် အစစအရာရာမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတင်ဆက်ထားပါတယ်”ဟု Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ ကျောင်းတည်ထောင်သူနှင့် အောင်မြင်ကျော်ကြားခဲ့သော ကက်ဆက် ဇာတ်လမ်းများ အစီအစဉ်တို့ကို ရိုက်ကူးသူ ဒါရိုက်တာ သီတာလင်း (Laurel) က ပြောကြားသည်။

တစ်ချိန်က နာမည်ကျော် ကက်ဆက် ဇာတ်လမ်းများအနက် ဘီအီးဒီအောင်သိုက်နှင့် ဂီတစာဆို မောင်ကြေးမုံ တို့ထံမှ ကက်ဆက် ဇာတ်လမ်းများကို ၀ယ်ယူကာ ရိုက်ကူး ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းများ ရိုက်ကူးရာတွင်လည်း မူရင်း အနုပညာရှင်များ၏ အသံများနှင့်အတူ Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် အနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထား သည်။

လက်ရှိတွင်  ဘီအီးဒီအောင်သိုက်၏ နာမည်ကျော် ကက်ဆက် ဇာတ်လမ်းဖြစ်သည့် ‘မြညို ချစ်သော ကိုရင်သြ’ ဇာတ်လမ်းကို ထုတ်လွှင့် ပြသလျက် ရှိသည်ဟု သိရသည်။ ယင်း ဇာတ်လမ်းများတွင် အသံဖြင့် ပါဝင်သရုပ် ဆောင်ကြသူများတွင် ကောလိပ်ဂျင်နေ၀င်း၊ ဘီအီးဒီ အောင်သိုက်၊ ဆွေဇင်ထိုက်၊ မေဆွိ နှင့် ဓနုဖြူ ကြည်ကြည်သိန်းတို့ ပါဝင်သည်ဟု သိရသည်။

အဆိုပါ ကက်ဆက် ဇာတ်လမ်းတွဲများ အစီအစဉ်ကို MRTV Entertainment Channel တွင် အပတ်စဉ် စနေနေ့များ၏ နံနက် ၁ နာရီ၊ နံနက် ၇ နာရီ၊ မွန်းလွဲ ၁ နာရီနှင့် ညနေ ၇ နာရီ စသည်ဖြင့် တစ်ရက်လျှင် လေးကြိမ် ထုတ်လွှင့် ပြသလျက်ရှိသည်ဟု သိရသည်။                                  

Writer:
စုမှူးနိုင်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။