တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ သစ်များကို ခိုးယူနေဆဲဖြစ်ကြောင်း The Economist က ဖော်ပြ


တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ သစ်များကို ခိုးယူနေဆဲဖြစ်ကြောင်း The economist မဂ္ဂဇင်းက စက်တင်ဘာ ၁၉ ရက် တွင် ဖော်ပြခဲ့သည်။

မြန်မာစစ်သားများသည် စစ်ဒဏ်ခံနေရသော နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ တရားမ၀င်သစ်များ အကြီးအကျယ် ခိုးခုတ်နေသည့် နေရာကို ၀င်ရောက် စီးနင်းခဲ့ပြီး အိမ်နီးချင်း ယူနန်ပြည်နယ်မှ လုပ်ခ အနည်းငယ် သာရသော အလုပ်သမား ၁၀၀၀ ခန့်ကို တွေ့ရှိခဲ့သည်။ အချို့သော တရုတ်များသည် တောတွင်းသို့ ၀င်ရောက်ထွက်ပြေး လွတ်မြောက်သွားကာ အစာရေစာ မရဘဲ ရက်အတန်ကြာ အသက်ရှင်ခဲ့ပြီးနောက် နယ်ခြားကို ဖြတ်ကျော်ကာ ပြန်လည်ထွက်ပြေး သွားခဲ့ကြသည်။

တရုတ်အလုပ်သမားများထဲမှ ကံအဆိုးဆုံး ၁၅၀ ကျော်သည် ဖမ်းဆီးကာ တရားစွဲဆို ခြင်းခံခဲ့ရသည်။ ဇူလိုင်လတွင် ကချင်ပြည်နယ်မှ တရားရုံးတစ်ခုက ဖမ်းဆီးထားသူများထဲမှ အများစုကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည့်အခါ တရုတ်အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့သည်။ မြန်မာအစိုးရက မကြာမီမှာပင် တရုတ်အစိုးရကို တောင်းပန်ကာ တရုတ်နိုင်ငံသားများအား ပြန်လည် လွှဲပြောင်းပေးခဲ့သောကြောင့် တရုတ် အလုပ်သမားများသည် ထောင်ထဲ၌ ခြောက်လသာ နေခဲ့ရသည်။

တရုတ်နိုင်ငံသားများက မြန်မာ့သစ်များကို လောဘတကြီး အလိုရှိကြသောကြောင့် ၂၅နှစ်ကျော ကြာအောင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ သစ်တောများကို အပြောင်ရှင်းနေသော တရုတ် မှောင်ခိုဂိုဏ်းများအတွက် ယခုကဲ့သို့ သံတမန်ရေးရာအရ အကာအကွယ်ရမှုက အားတက်စရာ ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကမူ တရုတ်နှင့် မြန်မာနယ်စပ် နှစ်ဘက်စလုံးကို နှိမ်နင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သစ်ခိုးထုတ်သူများအတွက် မျှော်လင့်ချက်မဲ့စရာ ဖြစ်ခဲ့သည်။

သို့သော် လန်ဒန်မြို့ အခြေစိုက် ရန်ပုံငွေအဖွဲ့ဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ၏ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သော လေ့လာချက်အရ  ယင်း မှောင်ခိုကုန်သွယ်မှုသည် ပြန်လည် ကြီးထွားလာပြီး အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနေပြီဟုပင် ဆိုနိုင်သည်ဟု သိရသည်။ EIA ၏ အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အကြား သစ်တော ဟက်တာ ၁ ဒသမ ၇ သန်း ဆုံးရှုံးခဲ့ပြီး ယင်းတို့ထဲမှ များပြားသော ပမာဏသည် နယ်စပ်ကို ဖြတ်ကျော်လျက် ကချင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ ခိုးထုတ်ခြင်းဖြစ်သည်ဟု သိရသည်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နှစ်စဉ်ပျမ်းမျှ သစ်ပင်ဆုံးရှုံးရမှု ပမာဏသည် အကြမ်းအားဖြင့် နှစ်ဆတက်လာခဲ့ပြီး ဟက်တာ ၁၈၅,၀၀၀ အထိ ရောက်ရှိလာသည်။

မြန်မာနိုင်ငံ ဥပဒေ ပြဋ္ဌာန်းချက်များအရ သစ်နှင့် သစ်တောထွက် ပစ္စည်းများကို ရန်ကုန်မြို့မှ ရေကြောင်းဖြင့်သာ ပြည်ပသို့ တင်ပို့နိုင်ပြီး အိမ်နီးချင်း နိုင်ငံများသို့ ကုန်းလမ်းခရီးဖြင့် မည်သည့်အခါကမှ တရားဝင် တင်ပို့ခွင့် မရှိခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဧပြီလ အတွင်းက နိုင်ငံခြားသို့ သစ်များ ရောင်းချခွင့်ကို လုံးဝပိတ်ပင်ထားခဲ့သေးသည်။ သို့သော် ယင်း စည်းမျဉ်း ဥပဒေများသည် ကချင်ပြည်နယ်၏ ရာခိုင်နှုန်း ၆၀ ခန့်ကို ထိန်းချုပ်ထားသော စစ်တပ်အဖွဲ့ဝင်များ၏ ခြစားမှုကို ကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့သည် တရုတ်နိုင်ငံမှ ၀င်လာသော သစ်ခိုးထုတ်သူများထံသို့ လုံခြုံသည့် လမ်းကြောင်းမှနေ၍ ရောင်းစားခဲ့ကြသည်။ ယင်းစည်းမျဉ်း ဥပဒေများသည် မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ပို၍ပင် သက်ရောက်မှု နည်းပါးသည်။ သူတို့သည် ၎င်းတို့ စစ်ဆင်ရေးများအတွက် ရန်ပုံငွေရှာရန် နည်းလမ်းတစ်ရပ်အဖြစ် သစ်တော ဖုံးလွှမ်းနေသည့် တောင်များ၌ လုပ်ကိုင်ခွင့်ကို တရုတ်ကုမ္ပဏီများထံသို့ ရောင်းစားခဲ့ကြသည်ဟု ဆိုသည်။



 ဇူလိုင် ၂၃ ရက်က ရန်ကုန်မြစ်ကမ်း တစ်နေရာရှိ သစ်လုံးများ စုပုံထားသည့် နေရာတစ်ခုကို တွေ့ရစဉ်(Photo:AFP)

မြန်မာနိုင်ငံက ယင်းသစ်မှောင်ခိုလုပ်ငန်းကို နှိမ်နင်းရန် အားထုတ်မှုများအား မြှင့်တင်လာခဲ့လျှင်ပင် တရုတ်နိုင်ငံမှ ခိုင်မာသော ထောက်ပံ့ကူညီမှု မပါဘဲ တိုးတက်မှု ရရှိနိုင်ရန်  ခက်ခဲနေလိမ့်ဦးမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပရိဘောဂများ အဖြစ်သာမက လှပသော ကြမ်းခင်းများ ပြုလုပ်ရန်အတွက် ဈေးပေါသည့် နိုင်ငံခြားသစ်များ ၀ယ်လိုအားသည် မြင့်တက်လာလျက်ရှိပြီး တရုတ်အစိုးရကလည်း ၎င်းတို့နိုင်ငံတွင်းရှိ သစ်တောများကို ကာကွယ်ရန် အရှိန်မြှင့် လုပ်ဆောင်နေရသည်။

EIA ၏ သုတေသနပြုသူများသည် ယူနန်ပြည်နယ်မှ အာဏာပိုင်များက မြန်မာနိုင်ငံတွင် သစ်တော ထိန်းသိမ်းရေးအတွက် ယခင်က ထောက်ပံ့ ကူညီခဲ့မှုများကို ယခုအခါ အကြီးအကျယ် စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တရုတ် ကုမ္ပဏီများအတွက် မြန်မာနိုင်ငံမှနေ၍ နယ်စပ်ကို ဖြတ်ကျော်ကာ ၀င်ရောက်လာသည့် သစ်လုံးတင် ကားကြီးများကို ယူနန်အာဏာပိုင်များက တားဆီးရန် လုပ်ဆောင်ခြင်း မရှိတော့ပေ။ ယင်းသစ်ကားများမှ နေ၍ သင့်တော်သော အခွန်ငွေများကိုပင် မြိုးမြိုးမြက်မြက် ရရှိနိုင်သေးသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအပေါ် အလွန်အကျွံ မှီခိုနေရခြင်းနှင့် ပတ်သက်သော စိုးရိမ်မှုများသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများက ကာလ ကြာရှည်စွာ အထီးကျန်ခဲ့သည့် နိုင်ငံကို ကမ္ဘာနှင့် ဆက်ဆံရန်အတွက် တံခါးဖွင့်ခဲ့ခြင်း အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။ ယင်း တံခါးဖွင့် လုပ်ငန်းစဉ် စတင်ပြီးနောက်ပိုင်း မြန်မာအစိုးရသည် မြောက်ဘက် အိမ်နီးချင်း တရုတ်နိုင်ငံ၏ အမျက်ဒေါသကို စိန်ခေါ်ရန် အကြောက်အလန့် နည်းပါးလာပုံရသည်။

ယင်းသစ်ကိစ္စအပြင် အခြားကိစ္စများနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာအစိုးရတို့သည် စက်တင်ဘာ ၂၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ သို့သော် ခေါင်းပုံဖြတ်ခံရသည့် နောက်လိုက် အလုပ်သမားများ မဟုတ်ဘဲ ယူနန်ပြည်နယ်၏ အထက်တန်းလွှာများကို ချမ်းသာစေခဲ့သည့် သစ်မှောင်ခိုလုပ်ငန်းကို နှိမ်နင်းရန်အတွက် မြန်မာတို့ အနေဖြင့် တရုတ် အစိုးရကို ဆွဲဆောင်နိုင်ပါမည်လား ဟူသည့် အချက်မှာမူေ၀၀ါးလျက်သာ ရှိနေဆဲဖြစ်သည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။