တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး စစ်တွေမြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးစတင်

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၇


ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးသာလူချေ သည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၌ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် အရွေးခံရန် စစ်တွေမြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၂၆ ရက်နေ့က စတင်လိုက်သည်ဟု သိရသည်။

“ကျွန်တော့်ရဲ့မဲဆွယ်စည်းရုံးရေးကို အောင်မင်္ဂလာ နိမိတ်အနေနဲ့ စစ်တွေမြို့နယ် အောင်တိုင်ရွာက စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ခဲ့ပြီးတော့ စစ်တွေမြို့ပေါ်မှာ ဆိုရင် ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စတင်လိုက်ပါတယ်”ဟု မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး အဖြစ် ရွေးချယ်ခံရသော ဦးသာလူချေသည် ၂၀၁၅ ခုနှစ် ပါတီတွင်း ရွေးချယ်မှုတွင် ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။

တစ်သီးပုဂ္ဂလ အနေဖြင့် ၀င်ရောက်အရွေးခံရခြင်းမှာ အနေအထား အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ကြောင်း၊ နယ်မြေခံ မဲဆန္ဒရှင်များက အရွေးခံရန် တိုက်တွန်းတောင်းဆိုခြင်းတို့ကြောင့် ယခုကဲ့သို့ ၀င်ရောက်အရွေးခံရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မဲဆွယ်စည်းရုံးရေးဆင်းရာတွင် ထောက်ခံမှုများမှာ အားရကျေနပ်ဖွယ် ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
“ကျွန်တော် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးအနေနဲ့ တာဝန် ထမ်းဆောင်နေစဉ် မောင်တောမြို့နယ်မှာ ရှိတဲ့ ရခိုင်ကျေးရွာ ၃၆ ရွာက လယ်သမားတွေအတွက် ကျွဲ၊ နွားနဲ့ ဓါတ်မြေသြဇာတွေ ထောက်ပံ့ ပေးခဲ့တဲ့အပြင် မော်လဗီတွေရဲ့လက်ထဲရောက်နေတဲ့ ရခိုင်လယ်ယာတွေ ရခိုင်တွေ လက်ထဲပြန်ရောက်လာအောင် တစ်ရွာဝင် တစ်ရွာထွက် ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦးသာလူချေက ပြောသည်။
လွှတ်တော်အစည်းအဝေးကာလအတွင်း ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲတွင် အထူးနိမ့်ကျနေသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို တိုးတက် လုပ်ဆောင်နိုင်ရန် အဆို တင်သွင်းခဲ့သည်ဟု သူက ပြောဆိုသည်။

( ဦးသာလူချေ မဲဆွယ်စည်းရုံးရေး ခရီး ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ- နိရဉ္စရာ)

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။