တပြည်လုံးအပစ်ရပ်စာချုပ်ကို ၂၁ ဖွဲ့အနက် ၇ ဖွဲ့က လက်မှတ်ထိုးမည်

11885206_529443473889087_8608224388488928414_n

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုက အားလုံးပါဝင်မှသာ အတူတကွလက်မှတ်ထိုးကြဖို့ ရပ်တည်ကြပြီး ၇ ဖွဲ့ ကတော့ သီးခြားလက်မှတ်ရေးထိုးဖို့ ရပ်တည်ခဲ့ကြပါတယ်။

ချင်းမိုင်မြို့ The Park ဟိုတယ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးရဲ့ ဒုတိယမြောက်နေ့ (စက်တင်ဘာ ၂၉ ရက်နေ့) မနက်ပိုင်းမှာ သဘောထားပေးကြတာဖြစ်ပါတယ်။

လက်မှတ်ထိုးကြမယ့်  အဖွဲ့ ၇ ဖွဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)။ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ ချင်းအမျိုး သားတပ်ဦး (CNF) တို့ဖြစ်ပါတယ်။

ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ဖြစ်တဲ့အတွက် တနိုင်ငံလုံးအကျုံးဝင်စေရေးအတွက် အားလုံးပါဝင်လက်မှတ်ရေးထိုးမှ ထိုးမယ်လို့ ရပ်တည် ကြပြီး အားလုံးပါဝင်နိုင်ရေးကို ဆက်လက်ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။

အန်စီအေကို လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေထဲမှာ အင်အားကောင်းတဲ့အဖွဲံ့တွေထဲက၊ ကချင် လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီသွေးစည်းညီညွတ်ရေးပါတီတို့လို အဖွဲ့တွေလည်း ပါဝင်သလို ၀ပြည်သွေးစည်းညီညွတ်ရေးပါတီကလည်း လက်မှတ်မထိုးဘူးလို့ ဒီလဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။

လက်မှတ်မထိုးသေးတဲ့ရပ်တည်ချက်မှာပါတဲ့ ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ တာ့အိုက်ဖုန်းက “ထိုးနိုင်တဲ့အဖွဲ့ကရှိသလို အများအားဖြင့်က အချိန်တော့ ယူရဦးမယ်၊ လက်မှတ်မထိုးတာ မဟုတ်ပါဘူး။ လုံလောက်တဲ့အချိန်တွေ ယူပြီးတော့ ဆက်လက်ညှိနှိုင်းဖို့ လိုတယ်။ ခိုင်မာတဲ့ကတိက၀တ်တွေရထားပြီးမှ ထိုးတာ ပိုပြီးမှ သင့်တော်တယ်လို့ အဲလိုယူဆတဲ့အပေါ်မှာ လက်ရှိ အန်စီအေကို ပါဝင်လက်မှတ်မထိုးနိုင်တဲ့ စာရင်းထဲမှာ ပါတာပေါ့” လို့ ပြောပါတယ်။

အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ပူးတွဲကော်မတီ ဖွဲ့စည်းမှာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

လက်မှတ်ရေးထိုးဖို့ ပူးတွဲကော်မတီကို ဖွဲ့စည်းပြီးနောက် အောက်တိုဘာလလယ်ပိုင်းလောက်မှာ လက်မှတ်ရေးထိုးကြနိုင်ဖွယ် ရှိပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိတာကြောင့် သုံးပုံတပုံက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ လပေါင်းများစွာ ပူးတွဲရေးဆွဲခဲ့ကြတဲ့ အန်စီအေစာချုပ်ပါ အချက်တွေအားလုံးကို နှစ်ဘက် သဘောတူခဲ့ကြပြီးကာမှ ပါဝင်လက်မှတ် ရေးထိုးမယ့် အဖွဲ့အရေအတွက်ပေါ် သဘောကွဲလွဲနေကြတာ ဖြစ်ပါတယ်။

အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့  နေပြည်တော်မှာ စက်တင်ဘာ ၉ ရက်နေ့တွေ့ကြတုန်းက တိုက်ရိုက်ညှိပေမယ့် လည်း အဆင်မပြေခဲ့ကြပါဘူး။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲမှာဖြစ်သလို လက်မှတ်ထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ကြဖို့ သဘောတူထားကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအရေအတွက် သုံးပုံတပုံနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ တပြည်လုံးအပစ်ရပ်စဲရေးအတွက် ဘယ်လောက် အထောက်အပံ့ ဖြစ်စေမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုကျင်းပမယ်ဆိုရာမှာ တရားဝင်မှုပိုင်းဆိုင်ရာ အရရော၊ ဝေါဟာရပိုင်းဆိုင်ရာအရပါ မေးခွန်းတွေ ဖြစ်စေပါတယ်။

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။