ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့ရေတပ်အတွက် အစ္စရေးလုပ် ကင်းလှည့်ရေယာဉ်များ ၀ယ်ယူ

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, FAC Super Dvora MK3
အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က အစ္စရေးရဲ့  Ashdod ရေတပ်စခန်းဌာနချုပ်ကို သွားကာ မြန်မာရေတပ်က ၀ယ်ယူထားတဲ့ FAC Super Dvora MK3 အမျိုးအစား ကမ်းရိုးတန်းသွား ကင်းစောင့် အမြန်ရေယာဉ်တွေကို သွားရောက်ကြည့် ရှု့ခဲ့တယ် သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ FAC Super Dvora MK3 ရေယာဉ်ကို စီးနင်းကာ လေ့လာခဲ့တာဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
အစ္စရေးခရီးစဉ်ကို ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ် မောင်မောင် အေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ)ဗိုလ်မှူးချုပ်မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများ လည်း လိုက်ပါခဲ့ပါတယ်။
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တဦးအနေနဲ့ ၅၆နှစ်ကြာမှ ပထမဆုံးအကြိမ် ထပ်မံသွားရောက်ခြင်း ဖြစ်ပေမယ့် အစ္စရေး- မြန်မာ စစ်ရေး ဆက်ဆံမှုကတော့ လျှို့ဝှက်မိတ်ဆွေအဆင့်မှာ တောက်လျှောက်ရှိနေ ခဲ့တာပါ။
အစ္စရေး- မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်ရင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်၊ အစ္စရေးက ရန်သူပတ်လည်ဝိုင်းကာ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ဂျူးလူမျိုး တွေကို စုစည်း နိုင်ငံတည် ထောင် နေချိန်ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဆက်ဆံရေးမျက်နှာစာ စတင်ခဲ့သူဟာ ၀န်ကြီးချုပ် ဦးနုဖြစ်ပြီး ၁၉၅၀ နှစ်လည်လောက်မှာ စိုက်ပျိုး ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ အစ္စရေးရဲ့ အကူအညီရယူခဲ့ပါတယ်။
ဝန်ကြီးချုပ်ဦးနုဟာ အစ္စရေးတို့ရဲ့ စိုက်ပျိုးရေးသာမက ကာကွယ်ရေးပါပြုလုပ်နိုင်တဲ့ စုပေါင်းလယ်ယာစနစ်ကို အထူးသဘောကျတာကြောင့် တရုတ်- မြန်မာနယ်စပ် သံလွင်မြစ် အနောက်ဖက်ခြမ်း ရှမ်းပြည်နယ်ထဲက ရွာ ၄ရွာကို စံပြကျေးရွာများတည်ဆောက်တဲ့အထိ ပုံတူကူးခဲ့ပါတယ်။
၁၉၅၄ ခုနှစ်မှာတော့ ခေတ်မီတပ်မတော်တည်ဆောက်ဖို့ ပထမဆုံး မြန်မာ့စစ်မစ်ရှင်ကို အစ္စရေးကို စေလွှတ် ကာ အမျိုးသမီး အရန်တပ်ဖွဲ့၊ စစ်တက္ကသိုလ်၊ စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင်တာတွေကို အတုယူ စေခဲ့သလို ထောက်လှမ်းရေးအတတ်ပညာသင်ယူဖို့လည်း သင်တန်းသားစေလွှတ်ခဲ့ပါတယ်။
အစ္စရေးက စပစ်ဖိုင်းယား တိုက်လေယာဉ်နဲ့ အပိုပစ္စည်း၊ စက်သေနတ်၊ ကျည်ဆံ၊ ဗုံးတွေကို ရောင်းချပေးခဲ့ သလို၊ မြန်မာလေသူရဲ ၆ဦး ကိုလည်း လေ့ကျင်ပေးခဲ့ပြီး အစ္စရေး မစ်ရှင် အဖွဲ့ကိုလည်း ရန်ကုန်စေလွှတ်ကာ လေယာဉ်ထိန်းသိမ်းမှုကို သင်ကြားပေးခဲ့ပါတယ်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်မှာ စစ်တပ်ချင်း ဆက်ဆံရေး ပိုမိုနီးကပ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း အစ္စရေးသွားရောက်ခဲ့သလို အပြန်အလှန်အားဖြင့် အစ္စရေးကာကွယ်ရေး ဦးစီးချုပ် မိုရှီဒါယန်း၊ ကာကွယ်ရေးဝန်ကြီး ရှီမွန်ပီရက်စ် စသူတို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။
၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီအာဏသိမ်းပြီးနောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လက်ထက်မှာ တခြား သောနိုင်ငံများနဲ့ စစ်ရေးဆက်ဆံမှုနဲပေမယ့် အစ္စရေးနဲ့တော့ မပြတ်ခဲ့ပါဘူး။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့အခါမှာတော့  နိုင်ငံတော်တော်များများက ပိတ်ဆို့မှုတွေ ပြုလုပ်ကြရာ အစ္စရေးရဲ့ လက်နက်တွေကတော့ စင်ကာပူမှတဆင့် ရန်ကုန်ဆိပ်ကမ်းရောက်ရှိနေမြဲပါပဲ၊ ဒီလက်နက်တွေထဲမှာ ၁၉၈၂ ခုနှစ် အစ္စရေး – ပါလက်စတိုင်း စစ်ပွဲအတွင်းက လက်ဘနွန်တောင်ပိုင်းမှ အစ္စရေး သိမ်းယူခဲ့တဲ့ ၄၀မမ လောင်ချာ RPG  ဗုံးသီးများ၊ ၅၇ မမ တင့်ကားပစ် လက်နက်များပါဝင် တယ်လို့ Jane Defence Weekly စာစောင်ကဆိုပါတယ်။
၁၉၉၁ ခုနှစ်မှာ အစ္စရေး လက်နက်ပါရဂူအဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး အူဇီစက်သေနတ်များ ရောင်းချ ခဲ့သလို နည်းပညာပါ ဖြန့်ဖြူးတဲ့အတွက် အူဇီပုံစံ BA- 94 စက်သေနတ်များ၊ ဂါလီ ချေမှုန်းရေး ရိုင်ဖယ်ကို တုပထားတဲ့ MA စတဲ့ လက်နက်များထွက်ပေါ်ခဲ့သလို၊ စင်ကာပူကတဆင့်  အစ္စရေးလုပ် ၁၅၅ မမ Soltam ဟောင်ဝစ်ဇာ အမြောက်တွေကို ၀ယ်ယူခဲ့ပါသေးတယ်။
ကြားဖြတ်ဆက်သွယ်ရေး အပါအ၀င်စစ်ဖက်ဆိုင်ရာ ဆက်သွယ်ရေးကွန်ရက်တွေကို စစ်အစိုးရက မြှင့်တင်ခဲ့ရာ မှာ အစ္စရေး ထောက်လှမ်းရေး မော့ဆက် သို့မဟုတ် အစ္စရေး စစ်ဖက်ဆိုင်ရာ ပါရဂူအဟောင်းတွေ ပါဝင်တယ် လို့ အတည်မပြုနိုင်တဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ် သြဂုတ်လမှာ မြန်မာလေတပ်က ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲပြီး မကြာခဏပျက်ကျတတ်တဲ့ တရုတ် လုပ် F-7 တိုက်လေယာဉ် တွေနဲ့ FT – 7 အမျိုးအစား လေ့ကျင့်ရေးလေယာဉ်တွေကို အဆင့်မြှင့်တင်ပေးဖို့ အစ္စရေး လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Elbit က လက်ခံရရှိခဲ့ပါတယ်။
ဒါအပြင် ရန်ကုန် ဆင်မလိုက်သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တဲ့ တရုတ်လုပ်  ကော်ဗက် စစ်သင်္ဘော ၃စီး မှာလည်း အစ္စရေးလုပ် ရေဒါများ၊ လက်နက်များ တပ်ဆင်ခဲ့တယ်လို့ Jane Defence Weekly စာစောင်ကဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယခုအစ္စရေး ခရီးစဉ်မှာ လေယာဉ်နှင့် လေကြောင်းရန် ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့် Israel Aerospace Industries (IAI)နှင့် ELTA Systems Ltd သွားရောက်ခဲ့တဲ့ အတွက် မြန်မာ့တပ်မတော်အတွက် အစ္စရေး တခြား ဘာလက်နက်တွေကို ၀ယ်ယူလာအုံးမယ်ဆိုတာကို ဆက်လက်စောင့်ကြည်ရမှာဖြစ်ပါတယ်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။